DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှုဖြင့် မြန်မာအလုပ်သမား ၄ ဦးကို ရုံးတင်စစ်ဆေး
DVB
·
January 18, 2016
ရနောင်းလူသတ်မှုဖြင့် မြန်မာအလုပ်သမား ၄ ဦးကို ရုံးတင်စစ်ဆေး
Donate to DVB

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်း-မြန်မာကပြား အထက်တန်းကျောင်းသူတဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၄ ဦးကို တရားရုံးက ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

အလုပ်သမား ၄ ဦးထဲက မိုးဇင်အောင် (၁၅) နှစ်နဲ့ ကျော်စိုးဝင်း (၁၅) နှစ်တို့ကို ဇန်န၀ါရီ  ၁၅ ရက်က ရနောင်း ကလေးသူငယ်နဲ့ လူငယ်များ တရားရုံးမှာ စစ်ဆေးပြီး ကိုဝေလင်း (၂၁) နှစ်နဲ့ စိန်ကတုံး (၂၀) နှစ်တို့ကိုတော့ ဇန်န၀ါရီ ၁၈ ရက် ညနေ ရနောင်းခရိုင်တရားရုံးမှာ စစ်ဆေးဖို့ ရှိပါတယ်။

မြန်မာလူငယ် ၄ ဦး ပြန်လွတ်နိုင်ခြေ ရှိမရှိကတော့ ပြန်ချေပနိုင်တဲ့ သက်သေတွေအပေါ်မှာ မူတည်ကြောင်း ပြည်သူ့ဥပဒေရေးရာ ကူညီရေးကော်မတီမှ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် Supunsa Marem က ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ သောကြာနေ့က အသက်မပြည့်တဲ့ လူငယ် ၂ ဦးကို လူငယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ သူတို့ ၂ ယောက်ကတော့ လူသတ်မှု မကျုးလွန်ဘူးလို့ ပြောတာပေါ့နော်။ တရားသူကြီးကလည်း အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က တင်လာတဲ့ အမှုတွဲမှာ သက်သေတွေ မခိုင်လုံသေးလို့ နောက်ထပ် သက်သေအချက်အလက်တွေ တောင်းထားတယ်။ လာမယ့် ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ ပြန်တင်ပေးရမယ်။ အဲဒီရက်ပိုင်းအတွင်း ဟိုဘက်က သက်သေရှာမလာနိုင်ဘူးဆိုရင်၊ သူတို့ကို သံသယနဲ့ ချုပ်ထားပိုင်ခွင့် ရက်ပေါင်း ၆၀ လည်း ပြည့်တဲ့အတွက် ကလေး ၂ ယောက် လွတ်မြောက်မှာ ဖြစ်ပါတယ်။ နောက်ထပ် ၂ ယောက်ကိုတော့ ရနောင်းခရိုင် အကျဉ်းထောင်မှာ ဒီနေ့ညနေ စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။”

ဒီအမှုမှာ တရားမျှတမှုရှိရေး အကူအညီပေးဖို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ထိုင်းရှေ့နေများကောင်စီအဖွဲ့ကို ကမ်းလှမ်းခဲ့ပြီး လောလောဆယ် ဒီအမှုအတွက် ၀ိုင်းကူညီပေးမယ့် ရှေ့နေ ၇ ဦး ရှိပါတယ်။

ဒီအမှုမှာ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတဲ့ ရနောင်းအခြေစိုက် မိဿ ဟာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုသားကျော်ကလည်း မြန်မာလူငယ် ၄ ဦးဟာ ထိုင်းရဲက သူတို့ကို မတရား နှိပ်စက်ခဲ့တဲ့အတွက် ၀န်ခံခဲ့ရတာဖြစ်ပြီး သူတို့တွေဟာ လူသတ်မှုကျူးလွန်သူတွေ မဟုတ်ကြောင်း ပြသဖို့ သက်သေတွေလည်း ရသင့်သလောက် ရနေပြီလို့ ပြောပါတယ်။

“သူတို့က တော်တော်လေး နှိပ်စက်ခံရလို့ ၀န်ခံထားရတယ်လို့ ပြောတယ်ခင်ဗျ။ ရင်ဘတ်ကိုထုတယ်၊ ခေါင်းကို ပလတ်စတစ်အိတ်အမည်းနဲ့ စွပ်တယ်၊ ပြီးတော့ ခွေးနဲ့ ကိုက်ခိုင်းတယ်၊ မင်းတို့ ၀န်မခံရင် မင်းတို့အဖေအမေတွေကိုဖမ်းမယ်၊ သတ်မယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောတယ်။ အရင်ဆုံး အဖမ်းခံရတာက မိုးဇင်အောင်၊ ပြီးတော့ သူ့အစ်ကို ကျော်ရဲဦး၊ သူ့အစ်ကိုကို ရဲက တအားရိုက်တော့ သူက သူ့အစ်ကိုကိုမရိုက်နဲ့၊ သူလုပ်တာလို့ ၀န်ခံလိုက်တာနဲ့ သူ့အစ်ကိုကို လွှတ်ပေးလိုက်တယ်၊ ပြီးတော့ နောက်ထပ် လူသတ်မှုဖြစ်တဲ့နေရာနဲ့ နီးတဲ့ တန်းလျားမှာနေတဲ့ ဟို ၃ ယောက်ကို ထပ်ဖမ်းတယ်၊  အခင်းဖြစ်တဲ့နေရာမှာ သူတို့ တခြားနေရာရောက်နေကြောင်း သက်သေတွေပြနိုင်ဖို့ စုဆောင်းနေပါတယ်၊ မိုးဇင်အောင်က ပုဇွန်ရွေးနေတာတဲ့၊ သူတို့အလုပ်မှာ စီစီတီဗွီ ကင်မရာလည်းရှိတယ်၊ အလုပ်ရှင်သူဌေးကလည်း လာပြီး သက်သေလုပ်ပေးမယ်လို့ ပြောတယ်။”

ရနောင်းမြို့ ဘန်လင်းရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် နန်းဆောင် အောလ၀ီ ဖမ်ဖောဝ်းထောင်း ခေါ် အက်ပဲလ်ဟာ ၂၀၁၅ စက်တင်ဘာ ၂၈ ရက်နေ့က တကိုယ်တည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက် ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ အရိုက်ခံရတဲ့ ဒဏ်ရာ ၁၇ ခုနဲ့ သေဆုံးသွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013