
ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံ၊ ပုလဲမေတ္တာ လေလွင့်ခွေးဂေဟာရှိ ခွေးအကောင် ၂၅၀ ကို Myanmar Alliance for Rabies Control အဖွဲ့က ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
Myanmar Alliance for Rabies Control အဖွဲ့အနေနဲ့ လေလွင့်ခွေးတွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးတာအပြင် ပေါက်ပွားနှုန်း ထိန်းချုပ်ဖို့အတွက် သားဆက်ခြား ခွဲစိတ်မှုတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။
ခွေးရူးရောဂါ ထိန်းချုပ်ဖို့အတွက် သမားရိုးကျ ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ အဆိပ်ချ ရှင်းလင်းရေး လုပ်ငန်းကို လျှော့ချဖို့အတွက် သားဆက်ခြား ခွဲစိတ်တဲ့ နည်းလမ်းကိုပါ သုံးစွဲလာကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့လည်း လေလွင့်ခွေးတွေကို သားဆက်ခြား ခွဲစိတ်မှုလုပ်ငန်းနဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်က စတင်ပြီး လုပ်ဆောင်နေပါတယ်။
ရန်ကုန်မြို့မှာ ခွေးရူးပြန်ရောဂါကြောင့် ၂၀၁၄-၂၀၁၅ ခုနှစ်က လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ - မျိုးမင်းဦး










