
တနင်္သာရီတိုင်း မြိတ်မြို့ မြိတ်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်န၀ါရီ ၁၅ ရက် ညနေ ၅ နာရီခန့်က မြိတ်အကျဉ်းထောင်အတွင်းရှိ စစ်ပြေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ကျော်ဆန်းဦးဆီက စိတ်ကြွဆေးပြား အလုံး ၅၀ ဖမ်းဆီးရမိခဲ့တာပါ။ အကျဉ်းသား ကျော်ဆန်းဦး ဟာ အထွေထွေအပြင်ဘုတ်မှာ အလုပ်လုပ်ပြီး ထောင်အတွင်းပြန်ဝင်ချိန် ထောင်အဝင်အ၀တွင် တစ်ဦးချင်း စစ်ဆေးစဉ် သူ ကိုင်ဆောင်ထားတဲ့ အနွေးထည်အင်္ကျီ အညိုရောင်အတွင်း ဝှက်ပြီးယူဆောင်လာတဲ့ ကွမ်းယာထုတ်အတွင်းမှ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးမိတဲ့ အကျဉ်းသား ကျော်ဆန်းဦး ရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးမှုဖြင့် လက်ရှိ ထောင်ဒဏ် ၁၄ နှစ် ၅ လ ကျခံနေရတဲ့ သန်းထိုက်ဦးနဲ့ ထောင်ဒဏ် ၆ လကျခံပြီး မူးယစ်ဆေးဝါးနောက်တစ်မှုဖြင့် ထပ်မံရင်ဆိုင်နေရတဲ့ သိန်းဇော်တို့ နှစ်ဦးထံမှ ကျပ်ငွေ ၁ သိန်း ပေးပြီးမှာယူကြောင်း သိရပါတယ်။
အကျဉ်းသား ကျော်ဆန်းဦး အပြင်ဘုတ်တွင် အလုပ်လုပ်နေစဉ် ညနေ ၃ နာရီ အချိန်ခန့်မှာ ကိုတရုတ်ဆိုသူက လာပေးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အဆိုပါပြစ်မှုကျူးလွန်သူ ၃ ဦးအား နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေး မှ တရားလိုအဖြစ် အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - မြတ်ထွဋ်











