DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းတွင် သေဆုံးသူ ဟန်နာအမကို တရားစွဲမည့် ထိုင်းရဲတပ်ဖွဲ့ လုပ်ဆောင်ချက် အကျိုးမရှိဟု ဘန်ကောက်ပိုစ့် အယ်ဒီတာအာဘော်ရေး
DVB
·
January 16, 2016
လိပ်ကျွန်းတွင် သေဆုံးသူ ဟန်နာအမကို တရားစွဲမည့် ထိုင်းရဲတပ်ဖွဲ့ လုပ်ဆောင်ချက် အကျိုးမရှိဟု ဘန်ကောက်ပိုစ့် အယ်ဒီတာအာဘော်ရေး
Donate to DVB

ထိုင်းနိုင်ငံလိပ်ကျွန်းတွင် အသတ်ခံရသူ ဟန်နာဝစ်သာရစ်ရဲ့ အမ လော်ရာကို တရားစွဲဖို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲရဲ့ ကြိုးစားလုပ်ဆောင်ချက်ဟာ အကျိုးမရှိဘူးလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းစာ အယ်ဒီတာ အာဘော်က ရေးပါတယ်။

ဇန်န၀ါရီ ၁၆ ရက်ထုတ် ဘန်ကောက်ပိုစ်သတင်းစာရဲ့ “ခြိမ်းခြောက်ဖို့အတွက် အချိန်မရှိဘူး”ဆိုတဲ့ အယ်ဒီတာအာဘော်မှာ အခုလို ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်မှာ ဟန်နာ အမ လော်ရာက လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ လွဲချော်မှုတွေရှိတယ်လို့ ရေးသားခဲ့ပါတယ်။

ဒါအပြင် ထိုင်းတရားရုံးရဲ့ ရိုင်းပြတဲ့ဆက်ဆံမှုတွေကို ဖွင့်ချခဲ့ပြီး နောက်ပိုင်း ရေးသားချက်တွေကို ပြန်လည် တည်းဖြတ်ခဲ့သလို ဖေ့ဘွတ်ခ် စာမျက်နှာဟာလည်း ရှာဖွေမရဖြစ်ခဲ့ပါတယ်။

ဒီရေးသားချက်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် လူသတ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ကိုင်တွယ်ခဲ့လို့ ထိခိုက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့ နာမည်ဂုဏ်သတင်းကို ရှုတ်ချတာနဲ့ တူတယ်လို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

မိသားစုကို တစုံတရာမပြောဆိုဖို့ တိတ်ဆိတ်သွားစေနိုင်တဲ့ တရားစွဲဖို့ ခြိမ်းခြောက်တာ ထက်စာရင် ၀ှစ်သာရစ် မိသားစုကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စွပ်စွဲချက်တွေအတွက် သတင်းအချက်အလက်တွေကို ရဲတပ်ဖွဲ့နဲ့ တရားရုံးက တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။

လော်ရာရဲ့ စွပ်စွဲချက်ကို စိစစ်ပြီး ကြောင်းကျိုးခိုင်လုံမှုရှိမရှိ သက်သေပြဖို့အတွက် စုံစမ်းစစ်ဆေးမှု တွေကို သင့်တော်အောင်ဆောင်ရွက်ပြီး လူထုကို ချပြနိုင်ရင် ဒါဟာ ရဲတွေအတွက် အကောင်းဆုံး ဆောင်ရွက်ချက်တခု ဖြစ်နိုင်တယ်လို့ ရေးပါတယ်။

ဒါအပြင် လူသတ်မှုဟာ စုံစမ်းစစ်ဆေးမှုတွေ စတင်ကတည်း တရားရုံးက အမိန့်ချမှတ်တဲ့ အချိန်ထိ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့က ကနဦး ၀န်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အတွက် ၀န်ခံခဲ့တာ ဖြစ်သလို အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ဒီအန်အေ စစ်ဆေးချက်တွေကိုလည်း အာဘော်မှာ ထည့်သွင်းရေးသားထားပါတယ်။

တရားရုံးက အမိန့်ချမှတ်လိုက်ပေမယ့် အမှုမှာ မေးခွန်းထုတ်စရာတွေရှိနေသေးသလို အယူခံဆက်ဝင်ရင်လည်း မေးခွန်းတွေ ပိုထွက်လာမယ်လို့ ဆိုပါတယ်။

အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေအတွက် ရဲတပ်ဖွဲ့နဲ့ တရားရုံးက ရှင်းလင်းဆောင်ရွက်နိုင်တဲ့ တခုတည်းသော နည်းလမ်းက အမှုကို ပွင့်လင်းမြင်မှုရှိရှိနဲ့ ကျွမ်းကျွမ်းကျင်းကျင် ကိုင်တွယ်ပြီး ဝေဖန်သူတွေကို မခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ ရေးသားပြီး အယ်ဒီတာ့အာဘော်ကို အဆုံးသတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013