
နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်လည်ပေါင်းစည်းရေးမှာ တစ်ခုတည်းသော တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ တပ်မတော်အရာရှိတဦးက ဇန်န၀ါရီ ၁၅ ရက် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၄ ရက်မြောက်နေ့မှာ ပြောပါတယ်။
ဒီကနေ့ ညီလာခံမှာ ဆွေးနွေးတဲ့ ကဏ္ဍကြီး ၅ ခုထဲက လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းခြင်း အခန်းကဏ္ဍကို ဆွေးနွေးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော တပ်မတော် အရာရှိတွေပါ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ညီလာခံတက်ရောက်နေသူ ဗိုလ်ချုပ်တင်မောင်ဝင်း က “ဘယ်နိုင်ငံမဆို တပ်မတော်က တစ်ခုတည်းဘဲရှိတယ်။ ဒါကြောင့်မို့လို့ တစ်ခုတည်းသော တပ်မတော်ဖြစ်အောင် တည်ဆောက်နေတာဖြစ်တယ်။ Standard Army ဖြစ်အောင် ဆောင်ရွက်နေ တာဖြစ်တယ်။ ဒီလိုဆောင်ရွက်ရတာလည်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရတဲ့ သမိုင်းကြောင်းတွေရှိခဲ့တယ်။ ဒါလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲလို့၊ ခေတ်မီ တပ်မတော်မရှိခဲ့လို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော် Standard Army ကိုဆောင်ရွက်နေတာဖြစ်တယ်။ တစ်ခုတည်းသော တပ်မတော်ပေါ့ဗျာ။”လို့ ဒီဗွီဘီကို ပြောပါတယ်။
လာမယ့်အစိုးရသစ်အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်း၊ တပ်မတော်အနေနဲ့တော့ ဘယ်အစိုးရဘဲတက်တက် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဦးလည်မသုန် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာပြည်မှာ တစ်ခုတည်းသောတပ်မတော်ဖြစ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဆန္ဒအရ တပ်မတော်ထဲဝင်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ လုံခြုံရေးကဏ္ဍ ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးသူတဦးအဖြစ် ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းကတော့ ဒီကိစ္စအချိန်ယူရဦးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“တိုင်းရင်းသားတပ်တွေ ပေါင်းစည်းလာဖို့အတွက်က ကျနော်တို့ ညှိရဦးမှာပါ။ အန်စီအေ သဘောတူညီချက်အရ လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းခြင်းကို နိုင်ငံရေးသဘောတူညီချက် ရပြီးမှဘဲ အကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ၊ နိုင်ငံရေးရလဒ်ပေါ် အခြေခံပြီးမှ ဆောင်ရွက်ရမှာ ဖြစ်တယ်။ သေချာတာကတော့ တိုင်းပြည်အတွက် ဒီလုံခြုံရေးကို စနစ်ကျကျ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ကျနော်တို့အချိန်ယူ ဆောင်ရွက်သွားမှာပါ။ အန်စီအေ သဘောတူချက်ရဖို့ ၂ နှစ်တောင် အချိန်ယူဆွေးနွေးခဲ့တယ်။ အဲဒီလိုဘဲ ဒီကိစ္စကို လည်း ညီလာခံတွေမှာ အချိန်ယူညှိနှိုင်းရမှာ ဖြစ်ပါတယ်။”
ဒီကနေ့ ဆွေးနွေးချက်တွေမှာတော့ အမြင်သဘောထားဖလှယ်မှုတွေသာဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိကြောင်း၊ ဒါပေမယ့် မတူကွဲပြားတဲ့ အမြင်အမျိုးမျိုးကို လာရောက်တင်ပြကြတဲ့ အတွက် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးအနေနဲ့ ကြားသိရပြီဖြစ်ပြီး ဒီမတူညီတဲ့ အမြင်တွေပေါ် အခြေခံကာ ဆွေးနွေးရင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိလာမယ်လို့မျှော်လင့်ကြောင်း ရဲဘော်မျိုးဝင်းက ပြော ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒရေးရာ စတဲ့ ကဏ္ဍ ၅ ခုကို အုပ်စု ၅ ခုခွဲပြီး သီးခြားစီဆွေးနွေး နေတာဖြစ်ပါတယ်။











