DVB Logo
Home
မြန်မာသတင်း
တူးပို့သင်္ကြန်သီချင်းစာသား ဘီယာတံဆိပ်တွင် အသုံးပြုမှု တရားစွဲမည်
DVB
·
January 15, 2016
တူးပို့သင်္ကြန်သီချင်းစာသား ဘီယာတံဆိပ်တွင် အသုံးပြုမှု တရားစွဲမည်
Donate to DVB

မန္တလေးသင်္ကြန်ရဲ့ အမှတ်သင်္ကေတ တခုဖြစ်တဲ့ တူးပို့သင်္ကြန်သီချင်းစာသားကို TUBORG ဘီယာ တံဆိပ်မှာ အသုံးပြုတဲ့အပေါ် ဂီတစာဆို မြို့မငြိမ်းရဲ့ မိသားစုနဲ့ မြို့မအသင်းသားတွေက တရားစွဲသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်န၀ါရီ ၁၅ ရက်နေ့မနက်က မန္တလေးမြို့ မြို့မအသင်းတိုက်မှာ မြို့မငြိမ်းမိသားစုက မီဒီယာတွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပြောကြားလိုက်တာဖြစ်ပါတယ်။

မြို့မငြိမ်းရဲ့သား မြို့မဦးရွှန်းမြိုင်က “မြို့မငြိမ်းရဲ့ ဦးနှောက်ကထွက်တဲ့ အနုပညာပစ္စည်း တခုဖြစ်တဲ့ မြန်မာ့ရိုးရာသင်္ကြန်အတွက် အင်မတန်မြတ်နိုးတန်ဖိုးထားရတဲ့ တူးပို့သီချင်းနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးအရ အလွဲသုံးစားလုပ်တာကို တင်ပြတာပါ။ မြို့မငြိမ်းရဲ့ သီချင်းဟာ သာမန်အနုပညာ ပစ္စည်းမဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှုတခုလုံး ကိုယ်စားပြုပြီးတော့ နှစ်စဉ် ရင်ထဲမှာ စွဲထင်ခဲ့ရတဲ့ သံစဉ်တေးသွားတပုဒ်ဖြစ်တယ်။ ဒါကြောင့် စော်ကားသလို ခံရတာဟာ ကျနော်တို့ မိသားစုတခုထဲမျှသာမကပဲနဲ့ မြန်မာ့သင်္ကြန်ပုံရိပ်အားလုံးကို စော်ကား သလို ခံစားရတယ်။ ဒါကြောင့်မို့လို့ ဥပဒေအရလည်းပြောမယ်။ လူမှုရေးချိုးဖောက်မှုလည်း ပြင်းပြင်းထန်ထန် သတိပေးမယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီကိစ္စ အရေးယူဆောင်ရွက်ပေးဖို့ ဂီတအစည်းအရုံးအပါဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားကာ မကြာခင်မှာ သတိပေးကြေညာချက်အရင်ထုတ်ပြန်မှာဖြစ်ပြီး တရားစွဲဖို့ အစီအစဉ်တွေက နောက်ပိုင်းကျမှ ဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အခုလို ဘီယာမှာ တူးပို့ အမည်အသုံးပြုတဲ့အပေါ် မန္တလေးမြို့က စာရေးဆရာ ဆူးငှက်ကလည်း လက်မခံနိုင်တဲ့အကြောင်းပြောပါတယ်။

“ဒါမသိလို့ ရိုးရိုးသားသားမှားတာမျိုးမဟုတ်ပဲနဲ့ သိသိနဲ့ လုပ်တဲ့ဟာမျိုးဆိုတာပေါ်လွင်ပါတယ်။ မြို့မငြိမ်းရဲ့ နာမည်ကြီးခဲ့တဲ့ တူးပို့သင်္ကြန်သီချင်း သံစဉ်ရော၊ တူးပို့ဆိုတဲ့ သီချင်းရဲ့ ခေါင်းစည်းပေါ့နော်၊ အလားတူသီချင်းမှာပါတဲ့ စကားလုံးကိုသုံးတာဆိုတော့ ပြောရရင် မသုံးသင့်ဘူးပေါ့ဗျာ။ နောက်တခုက ကျနော်တို့ အနုပညာသမားတွေရဲ့ တကယ့် ဦးနှောက်က ဖြစ်ပေါ်လာတဲ့ အနုပညာပစ္စည်းတွေကို လွယ်လွယ်ကူကူသုံးစွဲနေမှုတွေဟာ မြန်မာပြည်မှာ အစဉ်အလာလိုဖြစ်နေတဲ့အပေါ်မှာလည်း ဒီအစဉ်အလာဟာ ဒီနေ့အချိန်မှာ မရှိသင့်တော့ဘူးလို့ ယူဆပါတယ်။ TUBORG ဆိုတဲ့နာမည်ဟာ ကမ္ဘာကျော်နာမည်ပဲ ဒီအပေါ်မှာ ဗမာအသံ ဖလှယ်တာဟာ တူးပို့ဆိုတဲ့ဗမာသံ ဗမာစာလုံးနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ သင်္ကြန်မှာ နာမည်ကြီးတဲ့ နှစ်ပေါင်း ၆၀ ကျော်နာမည်ကြီးခဲ့တဲ့ သီချင်းအပေါ်မှာမှီခိုတယ်။ အဲဒီအရိပ်ကို ခိုတယ်ဆိုတာသိသာလွန်းနေပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အနုပညာသမား တယောက်အနေနဲ့ လက်မခံပါဘူး။”

ဒိန်းမတ်ဘီယာ TUBORG ကို လက်ရှိ Carlsberg အုပ်စုက ပိုင်ဆိုင်တာဖြစ်ပြီး မြူးဖို့အတွက် တူးပို့ဘီယာဆိုတဲ့ကြော်ငြာနဲ့ မြန်မာဈေးကွက်ကိုဝင်ရောက်လာ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013