
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အုမ်းကွယ်မြို့နယ်ထဲမှာ တောင်ပေါ်သား ကရင်လူမျိုး ကျောင်းသားငယ်တွေအများစု တင်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရတယ်လို့ ထိုင်း ရတ်သတင်း မှာ ဖော်ပြပါတယ်။
ဇန်န၀ါရီလ ၁၂ ရက် ညနေက ဟိုင်းလက်စ်ကားတစ်စီး မြို့တက်စပါးရောင်းချပြီး အပြန်လမ်းမှာ လမ်းလျှောက်နေတဲ့ ကလေးတသိုက်ကိုတွေ့လို့ ကားကြုံလိုက်စီးဖို့ တင်ဆောင်ခဲ့ကြောင်း၊ တောင်တက်လမ်းတစ်ခုမှာ ကားရဲ့အလေးချိန်ကြောင့် တောင်တက်ဖို့အားမရှိဘဲ အနောက်ကို ပြန်လှိမ့်ဆင်းရာက အရှိန်မထိန်းနိုင်ဘဲချောက်ထဲကို ထိုးကျသွားတာလို့ ယာဉ်မောင်းသမားက ကယ်ဆယ်ရေးဝန်ထမ်းတွေကို ပြောပါတယ်။
အဲဒီချောက်ကမ်းပါးဟာ အမြင့်မီတာ ၃၀ လောက်နက်တဲ့အတွက် ဒဏ်ရာရသူတွေကို အချိန် ၂ နာရီကြာအောင် ခက်ခက်ခဲခဲ ဆွဲထုတ်ကယ်တင်ခဲ့ရကြောင်း၊ ဒါပေမယ့် အသက် ၁၁ နှစ်ရွယ် နဲ့ ၇ နှစ်ရွယ်ရှိ မိန်းကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးကို နီးစပ်ရာ မဲ့စရီးယန်း၊ ဆွပ်မွေး၊ မယ်လ စတဲ့ဆေးရုံတွေကို ခွဲပြီးပို့ဆောင်ပေးခဲ့ရတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။
ကားကြုံလိုက်စီးတဲ့ ကျောင်းသားငယ်တွေဟာ လောင်းဖဲဝိထယားခုမ်းကျောင်းက ဖြစ်ပြီး အများစုမှာ တောင်ပေါ်သား ကရင်လူမျိုးတွေ ဖြစ်ကြပါတယ်။
ဓာတ်ပုံ - thairath











