DVB Logo
Home
မြန်မာသတင်း
ရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်ဖော်ထုတ်မည်
DVB
·
January 14, 2016
ရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်ဖော်ထုတ်မည်
Donate to DVB

ကမ္ဘာ့ဘဏ်ရဲ့ ၁၉၉၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်စွမ်းအား ဖြစ်နိုင်ခြေဟာ ၁၀၈၀၀၀ မဂ္ဂါဝပ်အထိရှိလို့ စီမံကိန်းအသစ်တွေ ဆက်လက်ဖော်ထုတ်မယ်လို့ အမျိုးသားစွမ်းအင်မူဝါဒမှာ ထုတ်ပြန်ထား ပါတယ်။

လက်ရှိမှာတော့ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ စက်တပ်ဆင်အင်အားဟာ စုစုပေါင်း ၃၈၃၁.၅ မဂ္ဂါဝပ်ဖြစ်ပေမယ့် အဲဒီပမာဏရဲ့ ၅၁ ရာခိုင်နှုန်းကိုပဲ ထုတ်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါဟာ လိုအပ်တဲ့ အမြင့်ဆုံး ၀န်အား ၁၉၃၀ မဂ္ဂါဝပ်ကိုတောင် ၁ နှစ်ပတ်လုံး ပြည့်ပြည့်၀၀ မဖြည့်ဆည်းနိုင်ဘူးလို့ ဆိုပါတယ်။

ဒီအတွက် ရေအားလျှပ်စစ်စီမံကိန်းအနေနဲ့ စီမံကိန်း ၇ ခုကို နိုင်ငံတော်က ကျခံတည်ဆောက်မှာဖြစ်ပြီး ၄ ခုကို ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အဲဒီကနေ မဂ္ဂါဝပ်နာရီ ၈၀၀၀ လောက်ရမယ် လို့ဆိုပါတယ်။

ပြီးတော့ နောက်ထပ် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၂၀၀၀ လာက်ရှိမယ့် စီမံကိန်း ၄၃ ခုကိုလည်း ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ ဒါဟာ နိုင်ငံရဲ့ အမြင့်ဆုံးဝန်အားရဲ့ အဆ ၂၀၀ ကျော် ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်မီးသွေးအသုံးပြုပြီးတော့ လျှပ်စစ်ဓာတ်အား ဒုတိယအများဆုံး ထုတ်ဖို့ လျာထားတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် နေအား၊ လေအားနဲ့ အသေးစားရေအားစီမံကိန်းတွေ ဖြစ်မြောက်နိုင်စွမ်းကို ကွင်းဆင်းလေ့လာ အကောင်အထည်ဖော်တာကို ဆက်စပ်တဲ့ ဌာနအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ် ဆောင်ရွက်မယ်လို့လည်း စွမ်းအင်မူဝါဒမှာ ဖော်ပြထားပါတယ်။

လေစွမ်းအင်က လျှပ်စစ်ထုတ်လုပ်ဖို့ အလားအလာကောင်းတွေရှိရင် မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ စီမံကိန်း ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ပြီးတော့ သဘာဝဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်ရုံ ၈ ရုံ ထပ်ဆောက်မှာ ဖြစ်ပြီး အဲဒီအတွက် သဘာဝဓာတ်ငွေ့ရည် (LNG) ကို ပြည်ပက တင်သွင်းရမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးလုပ်ငန်းတွေ သွက်လက်မြန်ဆန်စေရေး အတွက် ဖက်စပ် ကုမ္ပဏီတွေ တည်ထောင်တာ၊ Transboundry Interconnection Grid တွေ တည်ဆောက်ပြီး Electricity Regulator အဖြစ်ဆောင်ရွက်ဖို့ရည်မှန်းထားတယ်လို့ စွမ်းအင်မူဝါဒမှာ ဖော်ပြထားပါတယ်။

အရင် လျှပ်စစ်ဥပဒေကို ပြုပြင်ပြီး ပြည်တွင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံတာတွေ တိုးလာစေဖို့နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လိုအပ်တဲ့နည်းဥပဒေတွေ ပြုစုရေးဆွဲဖို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013