DVB Logo
Home
Lead Story
ဘုရားစူး မိုးကြိုးပစ် သစ္စာဆိုဝံ့တဲ့ အပြောင်းအလဲ မဖြစ်စေဘို့
DVB
·
January 13, 2016
ဘုရားစူး မိုးကြိုးပစ် သစ္စာဆိုဝံ့တဲ့ အပြောင်းအလဲ မဖြစ်စေဘို့
Donate to DVB

ဒီနေ့ခေတ် တချို့ကလေးတွေကတော့ ဒဏ္ဍာရီတွေ လာပြောနေတယ်လို့များ ထင်မလားမသိဘူး။ စာရေးသူတို့ ခပ်ငယ်ငယ်က ကလေးကစားကွင်းဆိုတာ ရှိခဲ့ဖူးတယ်။ ကစားကွင်းဆိုလို့ ပေါ့တော့တော့ မထင်လိုက်နဲ့။ ဒန်းစင်၊ လျှောစင်၊ ဆီးဆောတွေတင်မက တွဲလောင်းခိုကစားရတဲ့ မျောက်လွှဲကျော်ဘားတန်းတွေအပြင် ဘော်လီဘောကွင်း၊ ဘောလုံးကွင်းလည်း ရှိတယ်။ စာကြည့်တိုက်လေးလည်း အနားမှာရှိတယ်။ တော်လှန်ရေးကောင်စီ နာမည်ခံနဲ့ စစ်တပ်က အာဏာသိမ်းပြီး ဆယ်စုတခုတောင် မရှိတတ်သေးတော့ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက ချမ်းသာကြွယ်ဝမှု အကြွင်းအကျန်လေးတွေ ရှိနေသေးတယ်လေ။ နောက်ကျမှ ထန်းလျက်လုံး ခွေးလျက်သလို တဖြည်းဖြည်း လုံးပါးပါးရာက အခုတော့ ထန်းလျက်တတောင်းလုံး မျိုချနေကြတာ မဟုတ်လား။ ဒီအကြောင်းတွေ ထားလိုက်ပါဦး။

ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ လွယ်အိတ်ပစ်ချပြီး မီးဖိုချောင်ထဲက အမေ့ကို သား ကစားကွင်းသွားပြီလို့ အော်ပြောရင်း အိမ်နဲ့ ခပ်လှမ်းလှမ်းက ကစားကွင်းဆီ ပြေးတော့တာပဲ။ ခရိုင်အဆင့်တောင်မရှိတဲ့ သိပ်မကြီးလှတဲ့ နယ်မြို့လေးဆိုတော့ တမြို့လုံးက ကလေးတွေဟာ အဲ့ဒီ ကစားကွင်းလေးထဲမှာ ညနေဆို ခေါ်စရာမလိုဘူး၊ ရောက်နေကြပြီ။

ဒီဆောင်းပါးမှာ ရေးပြချင်တာက ငယ်တုန်းက ကစားဖော်တွေထဲမှာ “ဘုရားစူးပါစေ မိုးကြိုးပစ်ပါစေ” လို့ အမြဲတမ်းကျိန်ပြော၊ လိမ်ပြောလေ့ရှိတဲ့ သူငယ်ချင်းတယောက် အကြောင်းပါ။ သူ့ကို သူငယ်ချင်းတွေက မိုးကြိုးပစ်လို့ ခေါ်ကြတာ။ နှပ်ချေးကလည်း တွဲလောင်းကျနေတတ်တော့ နှပ်ချေးလို့လည်း ခေါ်ကြတာပေါ့။ သူက စောရနက္ခတ်နဲ့ယှဉ်ပြီး မွေးလာပုံရတယ်။ ဘာပဲကစားကြ၊ ကစားကြ ခိုးတတ်တယ်၊ တိုတတ်တယ်။ ကျောက်ဂေါ်လီ၊ ဖန်ဂေါ်လီပစ်တမ်း ကစားလည်း ခိုးတာပဲ။ ပိုကာချပ်တွေ ထပ်ကစားလည်း ခိုး၊ ရော်ဘာကွင်း ပစ်တန်းကစားလည်း ခိုး၊ နောက်ဆုံး မန်ကျည်းစေ့လေးတွေနဲ့ ဇယ်တောက်တမ်း ကစားလည်း ခိုးတာပဲ။ အကျင့်ဖြစ်သွားပုံ ရပါတယ်။ ခြေမလေးနဲ့ ကုပ်ယူသွားလိုက်၊ လက်ကလေး ကြားညှပ်ယူသွားလိုက်နဲ့ သိပ်လျှင်တာပဲ။ သူငယ်ချင်းတွေ ကစားနေရင်း မျက်စိရှေ့တင် ဟိုဟာလေးပျောက်သွား၊ ဒီဟာလေးလျော့သွားနဲ့ ပထမပိုင်းတော့ မသိပါဘူး။ နောက်တော့ သူယူတာ လက်ပူးလက်ကြပ်မိရော။ တခါမက နှစ်ခါမက မိတာဆိုတော့ နောက်ဘာပျောက်ပျောက် သူ့ကို ယိုးစွပ်ကြတာပေါ့။

သူကလည်း သူခိုးယိုးခံရတိုင်း “ဘုရားစူးပါစေ မိုးကြိုးပစ်ပါစေ” သူမယူဘူးလို့ ကျိန်တွယ်ပြောလေ့ရှိတယ်။ ရှာကြဖွေကြပြန်တော့ သူ့ဆီမှာ တွေ့ရတတ်တယ်။ ဒီတော့ ဘယ်သူမှ သူကျိန်ပြောတာကို မယုံတော့ဘူး။ မိုးရွာလာလို့ မိုးခြိမ်းသံကြားရင် ဘယ်သူမှ သူ့အနား အကပ်မခံချင်ကြဘူး၊ မောင်းထုတ်ကြတာ၊ သူနဲ့ရောပြီး မိုးကြိုးအပစ်ခံရမှာစိုးလို့လေ။

ဆိုလိုချင်တဲ့သဘောက ပါးစပ်က ဘယ်လောက် အာမခံနေနေ၊ ဘယ်လောက် ကောင်းတာတွေ ပြောနေပါစေ လက်တွေ့မှာ ပြောတဲ့အတိုင်း မလုပ်ခဲ့ရင်၊ ရိုးရိုးသားသား မလုပ်ဆောင်ရင် တခါနှစ်ခါဆိုတာ ကိစ္စမရှိပေမယ့် အခါခါ တလွဲတွေ လုပ်လာရင်တော့ ဘယ်သူကမှ ယုံကြည်ကြမှာ မဟုတ်ဘူးဆိုတာကို အဓိက ပြောချင်တာပါ။

ဒီလိုပါပဲ အုပ်ချုပ်ရေး၊ နိုင်ငံရေး ကိစ္စတွေမှာ ရိုးရိုးသားသား မဆောင်ရွက်ဘဲ ကတိတွေ အထပ်ထပ်ပေး၊ အပြောတခြား အလုပ်တခြား လုပ်စားလာရင်တော့ ပြည်သူတွေက ဘယ်လိုယုံကြည်ရမှာလဲ။

မိမိတို့ တိုက်ပွဲဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသောစစ်သာဖြစ်သည် ဆိုသည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ရဲဘော်ရဲဘက်များ အားလုံးက မှန်သောသစ္စာကို ဘယ်လောက်ကျိန်ဆိုလည်း  မြန်မာ့သမိုင်းဖြစ်စဉ် တလျှောက်လုံးကို ပြန်ငဲ့ကြည့်တဲ့အခါ လက်နက်မဲ့ ပြည်သူတွေကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့တာတွေ၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ဘဲ လူ့အသက်ပေါင်းများစွာ သေကျေဆုံးရှုံးနေရတာတွေ၊ စစ်ပြေးဒုက္ခသည် သန်းချီပြီး မိမိနေရပ်ကို စွန့်ခွာထွက်ပြေးနေရတာတွေ၊ စစ်အာဏာရှင်နဲ့ အသိုင်းအ၀ိုင်းတွေ ဘီလျံနာဖြစ်နေပေမယ့် ပြည်သူအများစုက ကုံးကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေရတာတွေက အတုံးလိုက် အတစ်လိုက် ရှိနေတာ့ ဘယ်သူကယုံမှာလဲ။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မိဘပြည်သူများခင်ဗျာလို့ ဘယ်လောက်ပဲခေါ်ခေါ် လက်တွေ့မှာ ပြည်သူတွေကို အကာအကွယ် မပေးနိုင်ရင်၊ မစောင့်ရှောက်ရင်၊ ပြည်သူ့ဆန္ဒတွေကို မဖြည့်ဆည်းပေးရင် အလှောင်အပြောင်ခံရပြီး အလကားဖြစ်တော့တာ မဟုတ်လား။ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရဖြစ်အောင် လုပ်မယ်လို့ စာရေးသူရဲ့ သူငယ်ချင်း မိုးကြိုးပစ်ပြောသလို ကျိန်ပြောတောင် လက်တွေ့မှာ အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်ခဲ့တော့ ပြည်သူလူထုက ဘယ်လိုလုပ်ပြီး ယုံကြည်ရမှာလဲ။

စိတ်ပိုင်းရုပ်ပိုင်း၊ အတွေးအခေါ်၊ အကျင့်စာရိတ္တနဲ့ သီလတွေ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင် စနစ်ဟောင်းကို ဖြိုလို့ ပြည်သူ့ဒီမိုကရေစီစနစ်သစ် တည်ရာမှာ ပြုပြင်ပြောင်းလဲစရာတွေက ဒုနဲ့ဒေးရှိတာမို့ အနှစ်သာရရှိတဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတာကို သဘောမပေါက်သူတွေကော၊ သဘောပေါက်ရဲ့သားနဲ့ အပေါ်ယံ အယောင်ပြလေးတွေ ပြောင်းလဲပြနေတာကို ပြောင်းပေးနေပါတယ်လို့ ရူးချင်ယောင်ဆောင် ပြောနေသူတွေ အားလုံးအတွက် ထောင်သောင်းချီနေတဲ့ ပြောင်းစရာတွေထဲက လတ်တလော နိုင်ငံရေး အခြေအနေကို ထင်ဟပ်နေတဲ့ အောက်ပါ ပြောင်းလဲချိန်တန်ပြီဆိုတာ- ၁၊ ၂၊ ၃၊ ၄ ကို ရေးပေးလိုက်ပါတယ်။

ပြောင်းလဲချိန်တန်ပြီဆိုတာ - (၁)

မြန်မာပြည်ရဲ့ လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး နိုင်ငံရေးလုပ်ရင်၊ လက်ရှိအစိုးရ မတရားလုပ်တာကို ဖော်ထုတ်ဆန္ဒပြရင်၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ နိုင်ငံရေးသမားတွေကို ရော်ဘာကွင်းလို ဥပဒေတွေနဲ့ လိုရင်လိုသလို ပုဒ်မတွေ ကြိုက်သလိုတပ်ပြီး အာမခံမပေးဘဲ ဖမ်းမယ်။  အမှုကို အချိန်ဆွဲစစ်တယ်၊ ပြီးပြတ်ရမယ့်အချိန် ကျော်လွန်တာတောင် မပြီးစီးဘဲ အချိန်တွေ အမျာကြီးလွန်ကာမှ နောက်ကြောင်းပြန် အမှုသစ်တွေနဲ့ တရားထပ်စွဲတယ်။ ဒီတော့ ယုံကြည်ချက်နဲ့ နိုင်ငံရေးသမားတွေကို တမင်ဒုက္ခခံစေချင်တာ၊ တမှုလွတ်ရင်လည်း နောက်တမှုနဲ့ မလွတ်ရအောင်ဆိုတဲ့ အငြိုးအတေးတွေနဲ့ တမင်လုပ်သလို ဖြစ်နေတယ်။

ဒါကြောင့် လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်ကို မဖြစ်မနေ ပြင်ရလိမ့်မယ်။ ဥပဒေအထက်က စစ်အာဏာရှင် တရားစီရင်ရေးစနစ်ကနေ တရားဥပဒေစိုးမိုးမှုရှိတဲ့ ပြည်သူ့ဒီမိုကရေစီ တရားစီရင်ရေးဆီ ရောက်အောင် ပြောင်းလဲရမယ်။

ပြောင်းလဲချိန်တန်ပြီဆိုတာ - (၂)

တို့တိုင်းပြည်မှာ ဘယ်တော့မှ အစားပြန်မရနိုင်တော့တဲ့ နိုင်ငံပိုင် အဖိုးတန် အရာများစွာဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ဒလဟောပေါက် ယိုစီးကျ လေလွင့်ဆုံးရှုံးစေတဲ့ အောက်ပါယိုပေါက်ကြီး ၁၀ ပေါက်ရှိနေတာ နှစ်ပေါင်း ၅၀ ကျော်နေပါပြီ။

၁။ သယံဇာတ ဆုံးရှုံးလေလွင့်ယိုစီးမှု (Natural Resources Drain)

၂။ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်ယိုစီးမှု (Finance/Budget Drain)

၃။ ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုများ ပြောင်းရွှေ့လျော့ပါးကျဆင်းမှု (Capital Drain)

၎။ ဦးနှောက်ယိုစီးမှု (Brain Drain)

၅။ ကဏ္ဍအသီးသီးမှာ အရည်အသွေး နိမ့်ပါးလျော့ကျမှု (Quality Drain)

၆။ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေး ပျောက်ရှဆုံးရှုံးမှု (Human Rights Drain)

၇။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ရှေးဟောင်းအမွေအနှစ်များ ယိုယွင်းပျက်စီးမှု (Culture and Heritage Drain)

၈။ အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲပျက်သုဉ်းမှု (National Unity Drain)

၉။ ကိုယ်ကျင့်သီလစာရိတ္တများ ယိမ်းယိုင်ပျက်စီးမှု (Character Drain)

၁၀။ လုပ်အားဆုံးရှုံးလေလွင့်မှု (Labour Drain)

မဆုံးရှုံးသင့်တဲ့ အများပိုင် ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်အတွက် အကျိုးမရှိဘဲ အခုလို အလဟဿ  လေလွင့်ဆုံးရှုံးနေရတဲ့ အရင်းခံ အကြောင်းတရားက ကိုယ်ကျင့်သီလ ကျိုးပြတ်မှုနဲ့ အကျင့်ပျက်ခြစားမှုပါပဲ။

အဲဒီလို လေလွင့်ဆုံးရှုံးစေခဲ့ရာမှာ ဦးသိန်းစိန်တို့ရဲ့ အခုလက်ရှိ စစ်တပိုင်းအစိုးရ အပါအ၀င် ၁၉၈၈ အာဏာသိမ်း စစ်အစိုးရတွေရဲ့ လက်ထက်မှာ အဆိုးဆုံးပါပဲ။

သူတို့အုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာလည်း အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြု ကိုယ်ကျိုးရှာမှုတွေကို အယောင်ပြ၊ ကြားကောင်းရုံ ဟန်ပြလောက်သာ အောက်ခြေ အနည်းအကျဉ်းကိုသာ အရေးယူပြပေမယ့် စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်နဲ့ ဦးပိုင်ကစလို့ သူတို့အသိုင်းအ၀ိုင်းတခုလုံး ပြည်သူ့ဘဏ္ဍာတွေကို ဖောက်စား၊ ခိုးဝှက်ကြီးပွားနေတာကို စောရလိုင်စင်ချပေးသလို မမြင်ယောင် မကြားယောင်ဆောင်ပြီး တမင်လွှတ်ပေးထားတာ လူတိုင်းသိပါတယ်။

အခုနောက်ဆုံး လက်ကျန်သက်တမ်း လပိုင်းအတွင်းမှာတော့ ဝေသာလီပြည် ဘီလူးဝင်စီးသလို မီးကုန်ယမ်းကုန် ခိုးဆိုးလုယက်နေကြတာ မြင်မကောင်း ကြားမကောင်းအောင် ဖြစ်နေရတာ မဟုတ်လား။

ဒါကြောင့် အရှက်အကြောက်မဲ့ သူခိုးဓားပြစိတ်ဝင်လို့ နေ့ခင်းကြောင်တောင် လာဘ်စား အကျင့်ပျက်မှုတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးပြီး စာရိတ္တသီလ၊ ၀ါရိတ္တသီလ ပျက်ပြားနေတဲ့ လူ့အဖွဲ့အစည်းကြီးကို ပြန်လည်ကောင်းမွန်အောင် မဖြစ်မနေ ပြောင်းလဲရမယ်။

ပြောင်းလဲချိန်တန်ပြီဆိုတာ - (၃)

မြို့နယ်နဲ့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတွေရဲ့ အထက်ရာထူးတွေမှာ မိုးကျရွှေကိုယ် အငြိမ်းစား စစ်ဘက်အရာရှိတွေ ခန့်အပ်မယ့် အစီအစဉ်ကို ဖဲကြိုးပြာလှုပ်ရှားမှုတွေနဲ့ ကန့်ကွက်ခဲ့ကြတဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်နှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတွေနဲ့ ၀န်ထမ်း ၃၀ ခန့်ကို ၀န်ကြီးဌာနက ဇန်န၀ါရီ ၅ ရက်နေ့က စတင်ပြီး နေပြည်တော်ကို ခေါ်ယူ ခုံဖွဲ့စစ်ဆေးနေတဲ့ သတင်းတွေ ဖတ်လိုက်ရတယ်။

အငြိမ်းစား စစ်ဘက်အရာရှိတွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ထိုက်တန်တဲ့ ခံစားခွင့်တွေပေးရင် ဘယ်သူမှ မကန့်ကွက်ပါဘူး။ နိုင်ငံ့ဝန်ထမ်းတိုင်းဟာ သူတို့ အလုပ်အမျိုးအစားနဲ့ လျော်ညီတဲ့ ခံစားခွင့်ဆိုတာ ရှိရမှာပေါ့။

ဒါပေမယ့် အခုလို စစ်အာဏာရှင်ရဲ့အမိန့်နဲ့ သစ္စာခံလာအောင် မအပ်စပ်တဲ့ ရာထူးနေရာဌာနတွေ ပေးတာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် တိုင်းပြည် အလွန်နစ်နာစေမယ့်အပြင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေ တိုးပွားလာစေတာမို့ လုံးဝ မလုပ်အပ်တော့ပါဘူး။

ဒါဟာ မလုပ်သင့် မလုပ်အပ်တဲ့ အလုပ်ကို ဆက်လုပ်နေတာ။ အရင် စစ်အာဏာရှင်တွေရဲ့ လုပ်နေကျ အကျင့်ဟောင်းအတိုင်း နောင်ကို တပ်မတော်အရာရှိတွေ အခွင့်ထူးခံနေတာ၊ ဥပဒေအထက်မှာ နေတာကို မဆန့်ကျင်ရဲအောင် ၀န်ထမ်းတွေ ပြည်သူတွေကို အာဏာသုံး ခြိမ်းခြောက်လိုက်တာပါ။ တပ်မတော်နဲ့ ပြည်သူကို ထပ်စည်းခြားပြီး သွေးခွဲဖို့ ကြိုးပမ်းချက်တခုလို့ပဲ ဆိုချင်တယ်။

ဒါကြောင့် လက်နက်အားကိုး၊ ဓနဥစ္စာအားကိုး၊ အသိုင်းအ၀ိုင်းအားကိုး၊ အာဏာအားကိုးနဲ့ မိဘပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ စိတ်ဓာတ်တွေ၊ အခွင့်ထူးခံချင်တဲ့ စိတ်ဓာတ်တွေကို အပြီးတိုင် ဖျက်သိမ်းပစ်နိုင်အောင် ပြောင်းလဲရလိမ့်မယ်။

ပြောင်းလဲချိန်တန်ပြီဆိုတာ - (၄)

မင်းစိတ်စိုးစိတ် ပေါက်နေသူတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအမြင်နဲ့ အာဏာရှင် စစ်ရေးအတွေးအခေါ်ဟောင်းတွေ၊ ကျည်သံမဆိတ် သွေးမတိတ်တဲ့ စစ်ရေးအမြင်တွေ ပြောင်းလဲပြင်ဆင်ဖို့ လိုတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေ့က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ “ယနေ့ မိမိတို့ တိုက်ပွဲဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသောစစ်သာဖြစ်သည် ဆိုသည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ရဲဘော်ရဲဘက်များ အားလုံးက မှန်သောသစ္စာ ဆိုဝံ့ကြောင်း” ပြောသွားတာကို ဖတ်လိုက်ရပါတယ်။

ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ “တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်လှုပ်ရှားလျက်ရှိသော AA သောင်းကျန်းသူများကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိ” ဆိုတဲ့ပို့စ်ကို

“ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် တပ်မတော်အနေဖြင့် AA သောင်းကျန်းသူများကို အပြီးတိုင် ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း” မြ၀တီသတင်းကိုလည်း မြေပုံတွေ လက်နက်ပုံတွေနဲ့ ဝေေ၀ဆာဆာ တင်ထားပါသေးတယ်။

စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူနဲ့ဆိုင်တဲ့ အရေးအရာကိစ္စ အားလုံးဟာ နိုင်ငံရေးပါ။ ဒီတော့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးဆိုတာ မိမိနဲ့ ရပ်တည်ချက်မတူ၊ အမြင်ချင်း မတူသူတွေနဲ့ အတူတွဲ ညှိနှိုင်း အလုပ်လုပ်ကြရတာ။

တို့တိုင်းပြည်မှာက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေ၊ စားပွဲဝိုင်းတွေနဲ့ လူ့ယဉ်ကျေးပီသစွာ မဖြေရှင်းဘဲ တိရစ္ဆာန် အရိုင်းအစိုင်းတွေလို တောရိုင်းဥပဒေသနဲ့ လက်နက်နဲ့ အကြမ်းဖက် ဗိုလ်ကျလာခဲ့ကြတာ လွတ်လပ်ရေးရပြီးကတည်းက မဟုတ်လား။

လက်ရှိ ဦးသိန်းစိန်တို့အစိုးရ အပါအ၀င် စစ်အာဏာရှင် အစိုးရတိုင်းဟာ သူတို့ အလိုမလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အမြစ်ဖြတ် ချေမှုန်းရမယ့်ရန်သူ “သောင်းကျန်းသူအဖွဲ့” လို့ ခေါ်မယ်၊ တိုက်မယ်။ သူတို့ မတရားလုပ်တာကို ခေါင်းငုံမခံတဲ့ ကျောင်းသားတွေဆိုရင် “ကျောင်းသားဆိုး” သံဃာတော်ကို “သင်္ကန်းဝတ်” နိုင်ငံရေးသမားဆို “ဆူပူအောင်လှုံ့ဆော်သူ” လို့ သမုတ်ပြီး ပုဒ်မအမျိုးမျိုးနဲ့ ထောင်ထဲထည့်မယ်၊ သူတို့ပြောတာ လက်ခံတဲ့ ကုလားဆို လွှတ်တော်ထဲသွင်း၊ သူတို့မလိုတဲ့ ကုလားဆို “ကုလားဆိုး” စတဲ့ အပြောအဆို အကျင့်အကြံ အပြုအမူ အလုပ်အကိုင်တွေဟာ မိမိနဲ့ မိမိအသိုင်းအ၀ိုင်းတခုတည်း ကောင်းစားရေးကို အခြေခံတဲ့ စစ်အာဏာရှင် အတွေးအခေါ် အဟောင်းအမြင်းတွေက မြစ်ဖျားခံလာတာ။

ဒါကြောင့် မြန်မာနိုင်ငံကို စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်းကို ချေမှုန်းသုတ်သင်ရမယ်ဆိုတဲ့ သွေးထွက်စေမယ့် စစ်ရေးအမြင်တွေကို ခ၀ါချလို့ သွေးတိတ်စေမယ့် ကာကွယ်ရေးအမြင်တွေ ဖြစ်ထွန်းလာအောင် ပြောင်းလဲဖို့ လိုတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013