DVB Logo
Home
မြန်မာသတင်း
ရေရှားပါးမှု ပြဿ နာကို ကူညီပေးနိုင်ရန် အန်အယ်လ်ဒီ ပြင်ဆင်
DVB
·
January 13, 2016
ရေရှားပါးမှု ပြဿ     နာကို ကူညီပေးနိုင်ရန် အန်အယ်လ်ဒီ ပြင်ဆင်
Donate to DVB

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့် ရေရှားပါးမှု ပြဿနာအတွက် ကူညီပေးနိုင်အောင် ပြင်ဆင်ထားကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက မြို့နယ်အသီးသီးရှိ ပါတီဝင်တွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုံမိုး ၀င်တာနောက်ကျပြီး ထွက်ခွာတာ စောတဲ့အတွက် မိုးရွာသွန်းမှု နည်းပါး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်တဲ့ အခြေအနေ ကြုံတွေ့လာနိုင်လို့ ကူညီပေးနိုင်အောင် ကြိုတင်ပြင်ဆင် လုပ်ဆောင်တာလို့ အဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ တာဝန်ခံ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“အဓိကကတော့ အယ်နီညို ရာသီဥတုဆိုတော့ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုပေါ့ဗျာ။ အဲတော့ ရေပြဿနာပေါ်မယ်လို့ ကျနော်တို့က စိုးရိမ်စရာ တော်တော်တော့ ရှိပါတယ်။ ဒီ အယ်နီညိုရာသီဥတု မဟုတ်ရင်တောင် ကျနော်တို့ နွေမှာဆိုရင် ရေရှားတတ်တာတွေ ကျနော်တို့ ကြုံရပါတယ်။ ရေရှားတဲ့အခါကျတော့လည်း မြို့နယ်ချင်းအလိုက် ကျနော်တို့ ရေရှားတဲ့နေရာတွေကို ၀ိုင်းပြီးတော့ ရေလှူတာတွေ အဲလိုတွေ ရှိပါတယ်။ အဲလိုလုပ်တဲ့အခါမှာ တခါတလေ အဆင်မပြေတာတွေလည်း ရှိတာပေါ့။ အဲဒါတွေမဖြစ်အောင် အခု ကျနော်တို့က ကြိုပြီးတော့ လာမယ့်ရာသီဟာ ရေရှားမယ့်ရာသီဖြစ်တယ်။ ရေရှားမယ့်ရာသီအတွက် ကြိုတင်ပြီးတော့ ပြင်ဆင်ထားကြပါဆိုပြီး နှိုးဆော်တဲ့ သဘောပါပဲ။”

မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ရှိကြတဲ့ ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ အနေနဲ့ မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူတွေကို သောက်သုံးရေတွေ အချိန်နဲ့တပြေးညီ ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဖို့လည်း ပါတီဗဟိုက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

မနက်ဖြန်မှာလည်း ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ လာမယ့် နွေရာသီမှာ ကြုံတွေ့ရမယ့် ရေရှားပါးမှု ပြဿနာနဲ့ ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်။

၂၀၁၆ ခုနှစ်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အပြင်းထန်ဆုံး အယ်နီညိုရာသီ ဖြစ်တာကြောင့် အခုနှစ်အတွင်း ရာသီဥတုဆိုးဝါးပြီး နောက်ဆက်တွဲ ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ရောဂါဘေးတွေနဲ့ ပိုပြီး ရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့ အရေးပေါ် ကူညီထောက်ပံ့ရေး အေဂျင်စီတွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013