DVB Logo
Home
Lead Story
ဆော်ဒီ-အီရန် တင်းမာမှုနဲ့ အရှေ့အလယ်ပိုင်း
DVB
·
January 12, 2016
ဆော်ဒီ-အီရန် တင်းမာမှုနဲ့ အရှေ့အလယ်ပိုင်း
Donate to DVB

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ဆော်ဒီအာရေဗီးယားနိုင်ငံက ရှီးယား ဘာသာရေးခေါင်းဆောင်တယောက်ကို သေဒဏ်စီရင်လိုက်တဲ့အတွက် ရှီးယားအများစုဖြစ်တဲ့ အီရန်နိုင်ငံမှာ ဆော်ဒီအာရေဗီးယား ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေ ရုတ်ချည်းပေါ်ပေါက် ဖြစ်ပွားလာခဲ့ပါတယ်။ မြို့တော်တီဟီရန်က ဆန္ဒပြသူတွေဟာ ဆော်ဒီအာရေဗီးယားသံရုံးကို အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဆော်ဒီအာရေဗီးယားနိုင်ငံက အီရန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက် တုံ့ပြန်လိုက်ပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတချို့ကလည်း သူတို့ရဲ့ အီရန်နိုင်ငံနဲ့ သံတမန် အဆက်အသွယ်ကို အလားတူ ဖြတ်တောက်ပစ်လိုက်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဂျော်ဒန်၊ ဒီဘူတီနဲ့ တူရကီနိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။

တူရကီနိုင်ငံသမ္မတ တေးရစ်ပ်အာဒိုဂင်ကတော့ ဆော်ဒီအာရေဗီးယားနိုင်ငံက အကြမ်းဖက်လုပ်ရပ် စွပ်စွဲချက်တွေနဲ့ လူ ၄၇ ယောက်ကို သေဒဏ်အပြစ်ပေးခဲ့တာဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေးတခုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက “အဲဒီ သေဒဏ်ပေးခံခဲ့ရသူတွေထဲက ၄၆ ယောက်ဟာ ဆွန်နီတွေဖြစ်ကြပြီး ကျန်တဲ့တယောက်က ရှီးယားဘာသာရေးခေါင်းဆောင် နီမာအယ်လ်နီမာ ဖြစ်ပါတယ်။ ဒီသေဒဏ်ဆုံးဖြတ်ချက်ကို အရင်ကတည်းက ချမှတ်ခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗီးယားနိုင်ငံက အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်ခဲ့တာပါပဲ။ အဲဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့ဗျာ။” လို့ မြို့တော်အင်ကာရာမှာ ပြောကြားခဲ့တဲ့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သူကပဲ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ သေဆုံးခဲ့ကြတဲ့ ပြည်သူတွေအရေးမှာ ငြိမ်သက်နေခဲ့ကြရတဲ့ သူတွေက ဆော်ဒီအာရေဗီးယားမှာ လူတယောက် အသတ်ခံခဲ့ရတဲ့အပေါ် အုတ်အုတ်သဲသဲ ရုန်းရင်းဆန်ခတ် လုပ်ခဲ့ကြတာဖြစ်တယ်လို့ အီရန်နိုင်ငံကို နာမည်တပ်မပြောဘဲ ရည်ညွှန်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ နောက် ဆော်ဒီအာရေဗီးယားနိုင်ငံကို ထောက်ခံမှုပေးတဲ့အနေနဲ့ သူတို့ရဲ့ အီရန်နိုင်ငံ သံတမန်တွေကို ပြန်ခေါ်ပြီး သံတမန်ရေးအရ ဆန့်ကျင်ခဲ့တဲ့ နိုင်ငံတွေကတော့ ကာတာ၊ အာရပ်စော်ဘွားများနိုင်ငံနဲ့ ကူဝိတ်နိုင်ငံတို့ဖြစ်ပြီး  ဘာရိန်းနိုင်ငံကလည်း တနင်္လာနေ့က အီရန်နိုင်ငံက သူတို့ရဲ့သံရုံးကို ပိတ်ထားလိုက်ပြီး အီရန်သံတမန်တွေကိုလည်း သူ့နိုင်ငံထဲက ၄၈ နာရီအတွင်း ထွက်ခွာသွားကြဖို့ အမိန့်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလိုကြေညာပြီး မကြာခင်မှာပဲ ဆူဒန်နိုင်ငံကလည်း ဆော်ဒီအာရေဗီးယားနဲ့ စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ အီရန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အီရန်နိုင်ငံကတော့ တနင်္ဂနွေနေ့ အစောပိုင်းမှာ အီရန် ကန့်ကွက်ဆန္ဒပြသူတွေက ဆော်ဒီအာရေဗီးယားသံရုံးနဲ့ တခြား သံတမန်ဆိုင်ရာ အစောင့်ချထားရာ နေရာတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတဲ့ ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့သလို ဝေဖန်ပြစ်တင်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာ အလီ ခါမေနီကတော့ နီမာကို သေဒဏ်စီရင်ခဲ့တဲ့အတွက် “ဘုရားသခင်ရဲ့ လက်စားချေမှု” ကို ခံရလိမ့်မယ်လို့ ကြိုတင်ပြောဆိုထားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းတ၀ှမ်းက ရှီးယားလူနည်းစုတွေကလည်း နီမာကို သေဒဏ်စီရင်အပြီးမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမယ့် ဆော်ဒီအာရေဗီးယားကတော့ နီမာဟာ မျှတတဲ့ တရားရင်ဆိုင်မှုကို ရရှိခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပြီး သေဒဏ်စီရင်ခံရသူ အများစုဟာ ဆော်ဒီအာရေဗီးယားနိုင်ငံကို ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အကြား အယ်လ်ကိုင်းဒါး တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တနင်္လာနေ့မှာတော့ ဆော်ဒီအာရေဗီးယားနိုင်ငံက အီရန်နဲ့ ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ပြီး အီရန်နဲ့ ဆော်ဒီ လေကြောင်းပျံသန်းမှု အားလုံးကိုလည်း ပယ်ဖျက်ပစ်လိုက်ကြောင်း ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ်ယူဘေးကလည်း သတင်းဌာနနဲ့ အင်တာဗျူးဖြေကြားရာမှာ သူ့နိုင်ငံသားတွေ အားလုံးကို အီရန်နိုင်ငံကို ခရီးသွားခွင့် ပိတ်ပင်ထားလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီရန်ဘုရားဖူးတွေကိုတော့ ဆောဒီအာရေဗီးယားနဲ့ မက္ကာကို ဘုရား လာရောက်ဖူးမြော်တာကိုတော့ လက်ခံကြိုဆိုနေဆဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကတော့ ဆွန်နီလူနည်းစုဖြစ်တဲ့ ဆော်ဒီအာရေဗီးယားနဲ့ ရှီးယား လူများစုဖြစ်တဲ့ အီရန်နိုင်ငံကြားက ဂိုဏ်းခွဲရေးနဲ့ အမျိုးသားရေးဝါဒီတွေ အကြားက တင်းမာမှုတွေ နှစ်ပေါင်းအတော်ကြာ ဖြစ်ခဲ့ပြီး ခုလို ရုတ်တရက် ပြောင်းလဲလာတဲ့ အဖြစ်အပျက်တွေကို တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ်။ အစိုးရက ဒေသတွင်း ခေါင်းဆောင်တွေကို တင်းမာမှုတွေ ပြေငြိမ်းအောင် ဆောင်ရွက်ဖို့ ကြေညာချက်တွေ ထုတ်ပြန်နေတဲ့ အချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီရန်နိုင်ငံခြားရေးဝန်ကြီး ရာဗက်ဒိ ဇာရဖ်ကို တနင်္ဂနွေနေ့က တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့သလို ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင်းဆမ်မန်ကိုလည်း ဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ပါတယ်။ ဘင်းဆမ်မန်ဟာ တနင်္လာနေ့ကပဲ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ပဋိပက္ခ ကြီးထွားလာမှုဟာ ၅ နှစ်ကြာလာပြီဖြစ်ပြီး လူပေါင်း ၂၅၀၀၀၀ သေကျေပျက်စီးခဲ့ရပြီးဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ရတဲ့ အိုဘားမားရဲ့ သံတမန်ရေးနဲ့ နိုင်ငံခြားရေး မူဝါဒကို နှောင့်နှေးကြန့်ကြာသွားစေခဲ့ပါတယ်။ နောက် ဆီးရီးယားနဲ့ အီရတ်နိုင်ငံ နယ်မြေတွေကို သိမ်းယူ မတည်မငြိမ်ဖြစ်စေ၊ ပါရီနဲ့ ကယ်လီဖိုးနီးယား အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေရဲ့ ထိုးနှက် တိုက်ခိုက်မှုတွေ မြင့်မားလာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ ပဋိပက္ခတွေကို ပိုပြီး ကျယ်ပြန့် နက်ရှိုင်းလာစေခဲ့တယ်လို့ ပြောရမှာပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အနေနဲ့ကတော့ ဆီးရီးယားနိုင်ငံအတွက် မနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂက လာမယ့် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ စစ်ဖြစ်နေကြတဲ့ အဖွဲ့တွေကို ဂျနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်သတ်မှတ်ပေးထားခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စမှာ ဆီးရီးယားသမ္မတ အာဆတ်နဲ့ သူ့ကိုဖြုတ်ချဖို့ တိုက်ပွဲဝင်နေကြတဲ့ သူပုန်တွေကို ထောက်ခံအားပေးနေတဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံ ၂ နိုင်ငံစလုံးက သံတမန်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ တခန်းထဲမှာ အတူတူ ဆွေးနွေးပွဲလုပ်ဖို့ စိတ်လိုလက်ရ ဖြစ်လာမှုကို လေ့လာသူတွေက အသစ်တီထွင်ကြံဆမှုလို့ သဘောထားကြပါတယ်။ သူတို့ ၂ နိုင်ငံ စလုံးဟာ ကမ္ဘာ့ရေနံဈေးကွက်ကြီးနဲ့ အရှေ့အလယ်ပိုင်းတခွင်ကို သြဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင် ကြိုးစားအားထုတ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆော်ဒီအာရေဗီးယားဟာ အာရပ်နိုင်ငံတခုဖြစ်ပြီး အီရန်ကတော့ အများစုက ပါရှန်းတွေ ဖြစ်ကြပါတယ်။

အီရန်နိုင်ငံက လက်ဘနွန်၊ ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေအပေါ် သြဇာသက်ရောက်မှု ကြီးမားလာတာနဲ့ အီရန်နဲ့ ရန်ဘက်ဖြစ်ပြီး သူ့နိုင်ငံနဲ့ မိတ်ဘက်ဖြစ်တဲ့ အမေရိကန်နိုင်ငံက ဒီကိစ္စမှာ လုံလောက်တဲ့ ဦးစီးကြိုးကိုင်မှု မလုပ်ဘဲ နေတာအပေါ်မှာ ဆော်ဒီက စိုးရိမ်ကြောင့်ကြမှု ကြီးကြီးမားမား ရှိနေခဲ့ပါတယ်။ နောက် အမေရိကန်က အီရန်နိုင်ငံနဲ့ နျူကလီးယားကိစ္စ အဆင်ပြေဖို့ လိုက်လျော စေ့စပ်လာပြီး ၀ါရှင်တန်နဲ့ တီဟီရန် ဆက်ဆံရေး အားကောင်းလာတဲ့ အပေါ်မှာလည်း ဆော်ဒီအာရေဗီးယားနိုင်ငံကို ထိတ်လန့်လာစေခဲ့ပါတယ်။

အခု ရှီးယားဘာသာရေးခေါင်းဆောင်ကို သေဒဏ်စီရင်ဖို့ ဆော်ဒီရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့အနေနဲ့ အမေရိကန်ရဲ့ သဘောတူညီချက်ကို စောင့်စရာမလိုဘဲ အီရန်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆော်ဒီတို့ရဲ့ စိတ်အားထက်သန်မှုကို နောက်ဆုံးပြသလိုက်တဲ့ နမူနာဖြစ်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

ဒီလိုဆိုရင် ခုဖြစ်နေတဲ့ ဆော်ဒီအာရေဗီးယားနဲ့ အီရန်နိုင်ငံ ၂ နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှု၊ အဲဒီ ၂ နိုင်ငံရဲ့ မဟာမိတ်နိုင်ငံအချင်းချင်း ဆက်ဆံရေး အခြေအနေဟာ မကြာမတင် ပြေလည်ချောမွေ့နိုင်ပါ့မလား။ အမေရိကန်အနေနဲ့ရော သူ့မဟာမိတ် ဆော်ဒီနဲ့ နျူကလီးယားကိစ္စမှာ သူနဲ့ ဆက်ဆံရေး ပြန်လည်အဆင်ပြေစပြုလာတဲ့ အီရန်နိုင်ငံ ၂ နိုင်ငံစလုံး ကျေနပ် လက်ခံလာအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါ့မလား။ အဲဒီလိုမလုပ်နိုင်ခဲ့ရင် ဒီပဋိပက္ခဟာ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုပါ ကူးစက်ပြီး စစ်မီးတောက်လောင်လာဦးမလား ဆိုတာကို စဉ်းစားစရာ ရှိလာသလို ဒေသ ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း ပူပင်စရာ ရှိလာတဲ့အတွက် ဆက်စပ်ပတ်သက်မှုရှိနေကြတဲ့ နိုင်ငံတွေက နိုင်ငံတွင်းနဲ့ ဒေသ ပြည်သူလူထုတွေရဲ့ အကျိုးကို ရှေးရှုပြီး အမြန်ဆုံးပြီးစီးအောင် စေ့စပ်ညှိနှိုင်း အဖြေရှာပေးကြဖို့ လိုအပ်နေပြီ ဖြစ်တဲ့အကြောင်း။      ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013