DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်၊ သမိုင်းသစ်အတူရေးမည့်နေ့ဟု သမ္မတပြော
DVB
·
January 12, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတင်၊ သမိုင်းသစ်အတူရေးမည့်နေ့ဟု သမ္မတပြော
1 / 13
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ အစိုးရသစ်ထံ အစိုးရ တာဝန်တွေကို လွှဲပြောင်းပေးတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တခုကို ဆောင်ရွက်တာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၁၂ ရက် မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန ၂ မှာ ကျင်းပတဲ့ ၅ ရက်ကြာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောသွားတာပါ။

သမ္မတဦးသိန်းစိန်က “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတင်ခေါ်ယူ ကျင်းပရခြင်းဟာ ကျနော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံကို အစိုးရတာဝန်များကို လွှဲပြောင်းပေးတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်တခုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရသစ်ထံ စနစ်တကျ လွှဲပြောင်းရေးအတွက် အထူးအရေးပါလှတဲ့ ဆောင်ရွက်ချက်တခုလည်း ဖြစ်ပါတယ်။ ဒီညီလာခံဟာ ကာလအပိုင်းအခြားတခု အနေနဲ့ ဆောင်ရွက်တဲ့ အခမ်းအနားတခု မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ဖြစ်စဉ်တခု အစပျိုးခြင်းသာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ဟာ တိုင်းပြည်ရဲ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ နေ့တနေ့ဖြစ်ပြီး သမိုင်းသစ်ကို အတူတကွရေးသွားဖို့ စုရုံးရောက်ရှိလာတာ ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း စုစည်းနိုင်ခဲ့တဲ့ အကြီးမားဆုံး တိုင်းပြုပြည်ပြု ကိစ္စကြီးတရပ်ကို အစပြုလိုက်ခြင်းဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒီညီလာခံဖွင့်ပွဲကို သမ္မတ၊ ဒု-သမ္မတတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပက လေ့လာသူတွေနဲ့ တတ်သိပညာရှင်တွေ တက်ရောက်ကြပါတယ်။

ဇန်န၀ါရီ ၁၂ ရက်မှ ၁၆ ရက်ထိ ၅ ရက်ကြာမယ့် ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က အစုအဖွဲ့ကိုယ်စားလှယ်တွေက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ ၅ ရပ်ကို အဓိက ဆွေးနွေးကြမှာပါ။

ဒီညီလာခံမှာ ဆုံးဖြတ်ချက်တွေချမှာ မဟုတ်ဘဲ ဆွေးနွေးချက်တွေကို စုစည်းပြီး နောက်အစိုးရသစ်လက်ထက် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ် ချပေးခြင်းသာဖြစ်တယ်၊ လက်တွေ့ကျကျ အပြုသဘောဆောင် ဆွေးနွေးပြီး တိုင်းပြည်အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် သဘောတူညီမှုတွေရအောင် ကြိုးပမ်းဖို့ သမ္မတက တိုက်တွန်းသွားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) သဘောတူစာချုပ်ကို ဆက်လက် အကောင်အထည်ဖော်တဲ့ အနေနဲ့ သတ်မှတ်အချိန်ဇယားအတိုင်း ဒီညီလာခံကို ကျင်းပတာဖြစ်ပြီး စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ ကချင်၊ ကရင်နီ၊ မွန် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ ညီလာခံမတက်ဘဲ သပိတ်မှောက်ထားပါတယ်။

ဓာတ်ပုံ - ကိုသက်၊ ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013