DVB Logo
Home
Lead Story
မငြိမ်းချမ်းနိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ
DVB
·
January 11, 2016
မငြိမ်းချမ်းနိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ
Donate to DVB

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပတော့မည်ဟု ကြားသိရသောအခါ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် အမျိုးသားညီလာခံ၌ "ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း" "တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို" စသဖြင့် ရွတ်ဆိုကာ ယခုလို ပြာသိုလမှာ ရှေးကတည်းက ညီလာခံများ ကျင်းပခဲ့ကြကြောင်းဖြင့် ရွှန်းရွှန်းဝေအောင် အဖွင့်မိန့်ခွန်း ခြွေသွားခဲ့သည့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ (မျောက်ခေါင်းမျိုးညွန့်ဟု လူသိများသည့်) ဗိုလ်ချုပ်မျိုးညွန့်ကို သတိရမိသည်။

၎င်းက အမျိုးသားညီလာခံကြီးဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထူးခြားအရေးပါပြီး နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူများရဲ့အကျိုးကို အမြင့်မားဆုံး ဖော်ဆောင် အလုပ်အကြွေးပြုနိုင်စွမ်း ရှိစေရမည့်အကြောင်း မစားရ ၀ခမန်း အာဘောင်အာရင်းသန်သန် ဟစ်ကြွေးသွားခဲ့သည်။ ရာစုနှစ်၏ လေးပုံတပုံနီးပါးမျှ ကြာပြီးသည့် ယခုအချိန် တိုင်းပြည်၏ အခြေအနေကို ပြန်ကြည့်လိုက်သောအခါ အမျိုးသားညီလာခံသည် သမိုင်းတွင် ထူးခြားသည်ဟူသည်မှာ အဆိုးဘက်ကဖြစ်နေကြောင်း တွေ့နိုင်သည်။ ယင်း၏ ရလဒ်များကို ဖော်ဆောင်ခဲ့ရာတွင် (ခရိုနီတသိုက်၊ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် နေပြည်တော်ရှိ နိုင်ငံရေးအ၀န်းအ၀ိုင်းတချို့မှလွဲ၍) တတိုင်းပြည်လုံးရှိ တိုင်းရင်းသားပေါင်းစုံ လူထု၏ အခြေအနေမှာ ကုန်းကောက်စရာ မရှိလောက်အောင်ပင် ဖြူခါပြာခါ ကျသွားခဲ့သောကြောင့် ဖြစ်သည်။ ဤအလားတူ ဇာတ်လမ်းကိုပင် နောက်တကျော့ ပြန်လှမ်းဦးတော့မည့် ငြိမ်းချမ်းရေးညီလာခံဟူသည်ကို အမွှမ်းတင်လာကြပြန်ချေပြီ။

နိုင်ငံရေးဆွေးနွေးပွဲကို လေသံလွှင့်၊ ငြိမ်းချမ်းရေးညီလာခံဟူသော ခေါင်းစဉ်သစ်ပြောင်း၊ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ ထည့်ပြလိုက်သောအခါ ဟိုနိုင်ငံရေးအင်အားစု၊ သည်တိုင်းရင်းသားအဖွဲ့ စသည်များအတွင်းတွင် အတော်ပင် လှုပ်ခါလျက်ရှိကြောင်း သတိပြုမိသည်။ စိတ်မချမ်းမြည့်ဘွယ် တွေ့ရသည်မှာမူ ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ကရင်ပြည်နယ် မာနယ်ပလောကို အခြေပြုပြီး ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) အား ဖွဲ့စည်းကာ တော်လှန်စစ်ကို တိုးမြှင့်ဦးဆောင်ခဲ့သည့်အပြင် အမျိုးသားညီလာခံကို ဆန့်ကျင်ခဲ့ကြရာ၌ ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့ကြသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ယခု ဒုတိယအကြိမ် အမျိုးသားညီလာခံကို ပုံဖော်ရာ၌မူ ရှေ့ဆုံးတန်းမှ ပါဝင်နေခြင်းပင်။ တော်လှန်စစ် ဆင်နွှဲခဲ့ရာ၌ နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့သော ကေအန်ယူသည် ညီလာခံ၏ မမျှတသည့် ဖွဲ့စည်းမှု၊ ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများအောက်တွင် မျက်စိလှည့်ခံရပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ဒူးထောက်ရတော့မည့် အရိပ်အယောင်များကို တွေ့မြင်နေရပါပြီ။ ရှစ်လေးလုံးအပြီးနောက်ပိုင်း မြို့ပြဒေသများကို အသီးသီးစွန့်ခွာပြီး ကချင်နှင့် ရှမ်းပြည်နယ်များအပြင် အဓိကအားဖြင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးဒေသများသို့ ရောက်ရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တည်ထောင်တိုက်ပွဲဝင်ခဲ့စဉ်က တပ်ရင်း (၁၇) ရင်းအင်အား တသောင်းကျော်ရှိခဲ့သည်။ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ တပ်များနှင့် အတူလက်တွဲ၍ တော်လှန်စစ်ကို ဆင်နွှဲခဲ့စဉ်အတွင်း ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း စစ်ရှိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။ တော်လှန်ရေး ဗဟိုဌာနချုပ် မာနယ်ပလောကိုလည်း ခုခံကာကွယ် တိုက်ပွဲဝင်ခဲ့ကြရာ တိုက်ပွဲစဉ်များအတွင်း ရန်သူအလောင်းချင်းထပ်မျှ ကျဆုံးခဲ့သည်။ ၁၉၉၂ ခုနှစ် ဧပြီလတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်လှက တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရသည်။ ထိုစဉ်က မာနယ်ပလောဌာနချုပ်တွင် အောင်ပွဲခံယူခဲ့ကြပါသည်။

ထိုအောင်ပွဲနှင့်အတူ ကရင့်အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးအလံအား အမြင့်ဆုံး လွှင့်ထူနိုင်ခဲ့သည်။ ကရင်ဆိုတာ ဒါပဲကွဟု သက်သေပြနိုင်ခဲ့သည်။ တော်လှန်စစ်နှင့်အတူ တော်လှန်ရေးကို ဦးဆောင်နိုင်သည့် အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ နိုင်ငံရေးဂုဏ်သိက္ခာမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ (ဒီအေဘီ) တပ်ပေါင်းစုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြက "တော်လှန်ရေးလုပ်တယ်ဆိုတာ သတ္တိရှိဖို့လိုတယ်။" "လူထုကို အကာအကွယ်ပေးရမယ်။" "ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထု တခုအတွက်သာ မကဘူး။ တိုင်းရင်းသားပေါင်းစုံ လူထုများအတွက် ဖြစ်တယ်။" အစရှိသော မိန့်ခွန်းများသည် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအတွင်း ပျံ့နှံ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့်အတူ စုပေါင်းခေါင်းဆောင်ခဲ့ကြရာတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်၊ ကေအိုင်အို ဥက္ကဋ္ဌကြီး ဦးဘရန်ဆိုင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး မန်းအောင်သန်းလေး စသူတို့မှာ အသိဉာဏ်ပညာနှင့် ပြည့်စုံကြ၊ ရိုးသားကြ၊ ကိုယ်ကျိုးမဖက်ဘဲ တော်လှန်ရေးကို တစိုက်မတ်မတ် ဆင်နွှဲကြသည့် ဂုဏ်သိက္ခာနှင့် ပြည့်စုံကြသူများ ဖြစ်သဖြင့် ထိုစဉ်က တော်လှန်ရေးတပ်ပေါင်းစုသည် ရန်သူစစ်အာဏာရှင်များအား ထိရောက်စွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ကာ စစ်ရှိန်ကိုမြှင့်ရန်နှင့် စစ်အခြေခံဒေသ တိုးချဲ့ရန်များကိုပင် လေ့လာပြင်ဆင်မှုများ ပြုနိုင်ခဲ့သည်။

ဤတွင် မြန်မာစစ်အာဏာရှင်များဘက်က စစ်ရေးထိုးစစ်များကို ရပ်ဆိုင်းကြောင်း တဘက်က ကြေညာသည်။ အခြားတဘက်က နိုင်ငံရေးထိုးစစ် စတင်လာပါတော့သည်။ ယင်းမှာ န၀တ စစ်အစိုးရက ၁၉၉၂ ခုနှစ် ဧပြီလ (၂၄) ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁၁/၉၀ ကို ထုတ်ပြန်ကာ ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် အမျိုးသားညီလာခံအား ၆ လအတွင်း ခေါ်ယူကျင်းပပေးမည်ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးဘက်က ရပ်တည်မှုမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ ယင်းကို ၁၉၉၀ ခုနှစ်ကတည်းက ဒီအေဘီ တပ်ပေါင်းစုက ဦးဆောင်ကာ စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ န၀တ စစ်အစိုးရက အမျိုးသားညီလာခံ ကျင်းပမည်ဟူသော လုပ်ငန်းစဉ်ကိုလည်း လုံးဝပင် ဆန့်ကျင် ရပ်တည်ခဲ့သည်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုသာ စိုက်လိုက်မတ်တတ် တောင်းဆိုခဲ့သည်။ ထိုစဉ်က ရပ်တည်တောင်းဆိုခဲ့ချက်များ မှန်သည်ဟု သုံးသပ်နိုင်သည်။ ယခုအချိန်တွင် ယင်းတို့ကို လက်ရှိစစ်အစိုးရက ရောင်ပြန်ဟပ် ဖော်ဆောင်မှုများ ပြုလာကြောင်း တွေ့နိုင်သည်။

ယခုကျင်းပတော့မည့် ငြိမ်းချမ်းရေးညီလာခံအား ကျင်းပပြီးခဲ့သည့် အမျိုးသားညီလာခံနှင့် နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်လာပါသည်။ သို့မှသာ အတိတ်ကအမှားကို သင်ခန်းစာယူ၊ နောင်မမှားအောင် ရှောင်နိုင်ပါမည်။ အမျိုးသားညီလာခံ မကျင်းပမီ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော န၀တ၏ အမိန့်အမှတ် ၁၃/၉၂ အပိုဒ် ၄(ခ) တွင် (တို့တာဝန်အရေးသုံးပါး ပါဝင်စေလျက်) အမျိုးသားညီလာခံ၏ ဦးတည်ချက် ဘောင် ၆ ရပ်ဟူသည်ကို ကြိုတင်သတ်မှတ် ဖော်ပြခဲ့သည်။ တဖန် အမျိုးသားညီလာခံ ကျင်းပပြီးနောက် ချမှတ်လိုက်သည့် အခြေခံမူများဟူရာတွင် ယင်း ဦးတည်ချက်ဘောင် ၆ ရပ်သည်သာလျှင် ထိပ်ဆုံးတန်းမှ ပါဝင်ခဲ့သည်။ စင်စစ်အားဖြင့် စစ်အစိုးရ၏မူကို အမျိုးသားညီလာခံမှ ချမှတ်လိုက်သည့်မူအနေဖြင့် ပြောင်ပြောင်တင်းတင်း လိမ်လည်ကာ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းမူ ၆ ရပ်သည်ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ (အခြေခံအကျဆုံး ကျောရိုးအဖြစ်) ပုဒ်မ (၆) အတိအကျ ဖြစ်လာခဲ့သည်။ ပုဒ်မ (၆) ပါ မူ ၆ ရပ်အနက် အဓိကအကျဆုံးမှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဖြစ်သည်။

ယင်းကိုရည်ညွှန်းလျက် တပြည်လုံးရှိ လွှတ်တော်အသီးသီး၌ စစ်သားအမတ် လေးပုံတပုံပါဝင်ခြင်း၊ သမ္မတ သို့မဟုတ် ဒု-သမ္မတ ဖြစ်နိုင်သူတဦးအား စစ်တပ်က ရွေးချယ်စေလွှတ်ခြင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ကာလုံကို ထည့်သွင်းခြင်း၊ စစ်ဘက်ဆိုင်ရာ တရားရုံး သီးခြားတည်ထောင်ခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးသုံးဦးကို ကာချုပ်က ခန့်ထားခြင်း အစရှိသဖြင့် (ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံတွင်မျှမရှိဘဲ) စစ်အာဏာရှင်စနစ်ကို ရေရှည်သက်ဆိုးရှည်စေမည့် ပြဋ္ဌာန်းချက်များအား ထည့်သွင်းစေခဲ့သည်။ ဤသည်မှာ အမျိုးသားညီလာခံမှ ထွက်ပေါ်ခဲ့ပြီး ယနေ့အထိ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံး ခါးသီးဆိုးဝါးစွာ ခံစားနေရသော ရလဒ်ဖြစ်သည်။

အန်အယ်လ်ဒီသည် ပြည်တွင်းစစ်ကို ငြှိမ်းသတ်နိုင်မည့် စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ထွက်လာရေး လမ်းကြောင်းနှင့် စပ်လျဉ်းပြီး နိုင်ငံရေးမဟာဗျူဟာ အမှားနှစ်ကြိမ် ကျူးလွန်ခဲ့သည်။ ပထမအကြိမ်မှာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံ ပေါ်ထွက်လာရေးအတွက် စီစဉ်ခင်းကျင်းထားသည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ န၀တ၏ ကြေညာချက်အမှတ် ၁/၉၀ အပိုဒ် ၂၀ အရပင်လျှင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များ၏ တာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဖြစ်ကြောင်း ၀န်ခံထားခဲ့ရသည်။ အကြောင်းကြောင်းကြောင့် အာဏာလွှဲပေးရေးအား ပြတ်ပြတ်သားသား မဦးဆောင်နိုင်ခဲ့သည်ရှိစေဦး၊ ၁/၉၀ ကိုပင် ကိုင်စွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် မိမိတို့မှာသာ အဓိကလုပ်ပိုင်ခွင့်ရှိကြောင်း တောင်းဆိုသင့်ခဲ့သည်။ လက်မခံပါက စစ်အစိုးရ၏ လုပ်ငန်းစဉ်ကို ငြင်းဆန်၊ ၎င်းက ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်မပြုဘဲ နိုင်ငံရေးအရ ခပ်တင်းတင်း ရပ်ခံနေရုံသာရှိသည်။ ထိုစဉ်က ယင်းကဲ့သို့ မရပ်တည်ဘဲ အမျိုးသားညီလာခံသို့ တက်ခြင်းဖြင့် ညီလာခံ၏ တရားဝင်မှု (Legitimacy) ကို အန်အယ်လ်ဒီက ဖြည့်ဆည်းပေးခဲ့သည်။

၁၉၉၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့၌ အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေက ၁/၉၀ အပိုဒ် ၂၀ ကိုပင် ကိုးကားကာ ရွေးကောက်ခံ ကိုယ်စားလှယ် စုစုပေါင်း ၃၇၇ ဦးခန့် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ယင်းတို့အားလုံးကို ညီလာခံကိုယ်စားလှယ်များအဖြစ် ခွင့်ပြုစေလိုကြောင်းဖြင့် အကြံပြုခဲ့သော်လည်း စစ်အစိုးရက ပယ်ချခဲ့သည်။ ၎င်းတို့ မူလချမှတ်ထားခဲ့ပြီးဖြစ်သော ကိုယ်စားလှယ်ရှစ်ဖွဲ့ (နိုင်ငံရေးပါတီ၊ ရွေးကောက်ခံကိုယ်စားလှယ်၊ တိုင်းရင်းသား၊ လယ်သမား၊ အလုပ်သမား၊ အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်းနှင့် အခြားဖိတ်ကြားသင့်သူများဟူသော) ကိုသာ အတင်းအကျပ် လက်ခံစေခဲ့သည်။

အမျိုးသားညီလာခံ တက်ရောက်ခဲ့သူ စုစုပေါင်း ၇၀၂ ဦးအနက် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၇ ဦးမျှကိုသာ တက်ရောက်ခွင့်ပြုခဲ့သဖြင့် ညီလာခံ၏ ခုနှစ်ပုံတပုံခန့်မျှကိုသာ လူထုကိုယ်စားလှယ်အနေဖြင့် လက်ခံနိုင်သူများ ကိုယ်စားပြုခွင့် ရခဲ့သည်။ ကျန်သည့် ခုနှစ်ပုံခြောက်ပုံအနက် ငါးပုံခန့်မှာ စစ်အစိုးရအလိုကျ ပုံသဏ္ဌာန်အမျိုးမျိုး ဖန်တည်းရွေးချယ် ခေါ်ယူထားခံရသူဖြင့် ညီလာခံကို လွှမ်းမိုးချယ်လှယ်ခဲ့သည်။ စစ်အစိုးရအလိုကျ အခြေခံမူ ဟူသည်များ ထွက်ပေါ်စေပါတော့သည်။

ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်တင်သွင်းခဲ့သည့် ရွေးကောက်ခံ ၃၇၇ ဦးလုံး ပါဝင်ခွင့်ရစေရေးမူကို စစ်အစိုးရက လက်မခံပါက အန်အယ်လ်ဒီအနေဖြင့် ညီလာခံ မတက်ရုံသာရှိသည်။ သို့ရာတွင် အန်အယ်လ်ဒီသည် စစ်အစိုးရ ပေးသမျှကလေးကိုပင် လက်ဝါးဖြန့်ယူကာ နိုင်ငံရေးပါတီကိုယ်စားလှယ် ၅ ဦး၊ ရွေးကောက်ခံ ၈၈ ဦးမျှဖြင့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။ ထိုမှစ၍ စစ်အစိုးရသည် အန်အယ်လ်ဒီ၏ အားနည်းချက်ကို သိသွားခဲ့ပြီဟု ဆိုနိုင်သည်။

၁၉၉၃ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အမျိုးသားညီလာခံတွင် ဦးအောင်ရွှေက "A Constitution shall not contain a seed of its own destruction" "အခြေခံဥပဒေတရပ်တွင် ယင်းအား ဖျက်ဆီးစေမည့် မျိုးဥ မပါရှိစေရ။" ဟူသောမူကို တင်သွင်းခဲ့သည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ယင်းကိုဖျက်ဆီးစေမည့် မျိုးဥသာမက အကောင်လိုက်ကိုပင် မြင်နေရပြီ။ ယင်းအကောင်များက အခြေခံဥပဒေအား ဖျက်ဆီးမည်ကို မသေချာသော်လည်း တိုင်းပြည်ကို ဖျက်ဆီးနေသည်မှာတော့ သေချာလျက်ရှိသည်။ အမျိုးသားညီလာခံတွင် ဦးအောင်ရွှေ၏ တင်ပြဆွေးနွေးချက် တခုတလေကိုမျှ စစ်အစိုးရက လိုက်နာလုပ်ဆောင်ခဲ့ခြင်း မရှိပါ။ အန်အယ်လ်ဒီကို တင်ပြခွင့်ပေးမည်။ သို့ရာတွင် စစ်အစိုးရက သူလုပ်ချင်တာ လုပ်သွားခဲ့သည်ကို အမျိုးသားညီလာခံမှ ထင်ရှားစွာ သင်ခန်းစာယူနိုင်သည်။ အမျိုးသားညီလာခံသို့ အန်အယ်လ်ဒီ တက်ရောက်ခဲ့ခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမှုကို ဖြည့်ဆည်းပေးရာသာ ရောက်စေခဲ့သည်။ ထိုစဉ်က ကရင့်တော်လှန်ရေးနယ်မြေ မာနယ်ပလောကို ဗဟိုပြုကာ ဖွဲ့စည်းထားသည့် အမျိုးသားကောင်စီ (National Council of the Union of Burma – NCUB) သည် အမျိုးသားညီလာခံကို တောက်လျှောက် ဆန့်ကျင်ခဲ့သည်။ ၁၉၉၄ အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်နေ့အတွင်း အမျိုးသားကောင်စီက ကမကထပြု ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှီးနှောဖလှယ်ပွဲ Constitutional Seminar တွင် ပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးနှင့် နိုင်ငံတကာရောက် နိုင်ငံရေးအင်အားစု အများစုကြီး အပါအ၀င် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ရာ ကိုယ်စားပြုမှု အကျယ်ပြန့်ဆုံးနှင့် တော်လှန်ရေးနယ်မြေတွင် ကျင်းပခဲ့သမျှအနက် အကြီးမားဆုံး နှီးနှောဖလှယ်ပွဲကြီး ဖြစ်ခဲ့သည်။ ယင်းတွင် အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို ဝေဖန်ထောက်ပြ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ညီလာခံကို လုပ်ထုံးလုပ်နည်းအရ ချုပ်ကိုင်ထားမှုမှာ မည်မျှအထိ တင်းကျပ်ပါသနည်း။ နောင်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၆) ဖြစ်လာမည့် ဦးတည်ချက် (၆) ရပ်ကို လုပ်ထုံးလုပ်နည်း၏ အခန်း (၁) မှာပင် ညီလာခံဦးတည်ချက်အနေဖြင့် ထည့်သွင်းသတ်မှတ်ထားပြီးဖြစ်သည်။ ယင်းတို့ကို ဆန့်ကျင်သည့် အခြေခံမှ ဆွေးနွေး၍ မရကြောင်း ကိုယ်စားလှယ်အားလုံး သိရှိပြီးဖြစ်သည်။ မည်သူမျှလည်း မဆွေးနွေးရဲခဲ့ကြ။ ဆွေးနွေးရာတွင်ပင် "သဘာပတိကြီးခင်ဗျား" ဟု ဦးတည်ပန်ကြားကာ ဆွေးနွေးရမည်ဟုဖြစ်ကြောင်း အတိအလင်း သတ်မှတ်ထားခြင်းဖြင့် ကိုယ်စားလှယ်များ၏ စိတ်ဓာတ်ကို ချိုးနှိမ်ထားခဲ့သည်။ "ကြိုတင်ပေးပို့ထားသော ဆွေးနွေးချက်အတိုင်း ဖတ်ကြားဆွေးနွေးရမည်။" ဟူ၍ သတ်မှတ်ခြင်းဖြင့် ရုပ်ခန္ဓာကိုယ်ကိုလည်း ချုပ်ကိုင်ထားခဲ့သည်။ ထိုအကြားမှပင် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဒေါက်တာအောင်ခင်ဆင့်အား ထောင်ဒဏ်နှစ် ၂၀ ချခဲ့သေးသည်။

အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် အတုအယောင်သာဖြစ်ကြောင်း သဘောပေါက်သဖြင့် ယင်းကို ကျောခိုင်းကာ လွတ်မြောက်နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မားကိုဘန်း၊ ဦးဒင်နီယယ်အောင် စသူတို့ကလည်း အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးတွင် ၎င်းတို့၏ အတွေ့အကြုံများကို ထပ်ဆောင်းတင်ပြခဲ့ကြသည်။ ထို့နောက် အဆိုပါ နှီးနှောဖလှယ်ပွဲမှနေ၍ အမျိုးသားညီလာခံကို ဆန့်ကျင်သွားကြရန် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာကြသောအခါ အဖွဲ့အစည်း အသီးသီးသည် ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလှုံ့ဆော်ကြပါတော့သည်။ ယင်း၏ အကျိုးသက်ရောက်မှုများအနက် တရပ်ဟု ဆိုနိုင်သည်။ ထိုမှ မရှေးမနှောင်းတွင် အန်အယ်လ်ဒီသည် အမျိုးသားညီလာခံ တက်ရောက်ခြင်းမှ ရပ်နားသွားခဲ့သည်။

အန်အယ်လ်ဒီက နိုင်ငံရေးမဟာဗျူဟာ ဒုတိယအမှားကို ထပ်မံကျူးလွန်ဦးတော့မှာလား။ "တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေတွင် တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်ပာူ၍သာ ရေးသားထားပြီး ရွေးကောက်ပွဲအနိုင်ရပါတီမှ ကိုယ်စားလှယ်များဟု ရေးသားထားခြင်း မရှိသည့်အတွက်" ဟူ၍ အကြောင်းပြကာ စစ်အစိုးရက အန်အယ်လ်ဒီ၏ အခန်းကဏ္ဍကို သေးသိမ်စေလိုက်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ရွေးကောက်ပွဲ၌ သဲသဲလှုပ်မျှ အနိုင်ရခဲ့သည့် အန်အယ်လ်ဒီကို (လွှတ်တော်အမတ်တနေရာမျှ အနိုင်မရခဲ့သည့်) နိုင်ငံရေးပါတီ အများစုကြီးနှင့် တန်းတူထားကာ ကိုယ်စားလှယ်တက်ရောက်ခွင့်ပြုသည်။ ဤသည်ကို အမျိုးသားညီလာခံတုန်းကကဲ့သို့ပင် အန်အယ်လ်ဒီက လက်ခံလိုက်ကြောင်း ကြားသိရပြန်သည်။

လက်နက်ကိုင်ရှစ်ဖွဲ့မျှနှင့်သာ လက်မှတ်ထိုးထားရုံမက စာချုပ်၏ ခေါင်းစဉ်နှင့် ဆန့်ကျင်ကာ တနိုင်ငံလုံး အပစ်ရပ်ရန်ပင် တတ်နိုင်စွမ်းမရှိသော အန်စီအေအပေါ် အခြေခံထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အန်အယ်လ်ဒီက လွယ်လင့်တကူ လက်ခံလိုက်မည်ဆိုပါက ကြီးမားသော နိုင်ငံရေး မဟာဗျူဟာ အမှားတခုကို ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ရာ ရောက်သွားနိုင်သည်။ အဘယ်ကြောင့်နည်း။ အပျက်သဘောဆောင်သည့် သက်ရောက်မှုမှာ ကြီးမားကျယ်ပြန့်မည် ဖြစ်သောကြောင့်ပင်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အန်စီအေကို လက်မှတ်ရေးထိုးရာ၌ သက်သေအဖြစ် ပါဝင်စေရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်သောအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် လက်မှတ်မထိုးနိုင်ကြောင်း၊ ရန်တိုက်ပေးသလို ဖြစ်နေမည်ကို စိုးရိမ်ကြောင်းဖြင့် ပြောကာ ငြင်းဆန်ခဲ့သည်။ ဤရပ်တည်ချက်အပေါ် ပြည်သူလူထုများ အထူးသဖြင့် ထိုစဉ်က အန်စီအေကို လက်မှတ်မထိုးဘဲ စုစည်းရပ်ခံခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တန်ဖိုးထားခဲ့ကြသည်။ ယခုမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီသည် ဤရပ်တည်ချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ချေပြီလား။

အန်အယ်လ်ဒီက ယင်းသို့သော ရပ်တည်လုပ်ဆောင်မည်ဆိုပါက အန်စီအေ လက်မှတ်မထိုးဘဲ ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပစ်ပယ်လိုက်ရာ ကျပါမည်။ စစ်အစိုးရလုပ်နေသည့် အန်စီအေကို အခြေခံမည့် အတုအယောင်ဆွေးနွေးပွဲ လုပ်ငန်းစဉ်တခုလုံးအား အသိအမှတ်ပြုပေးလိုက်ရာလည်း ရောက်သွားပါမည်။ စစ်အစိုးရခင်းထားသည့် အန်စီအေ၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအတိုင်းသာ အန်အယ်လ်ဒီက ဆက်လက်ဖော်ဆောင်မည့် အနေအထားအား ဖော်ပြလိုက်သလိုလည်း ဖြစ်ပါမည်။ ယင်းမှာ မဟာဗျူဟာအမှားဟု သုံးသပ်ရသည့် ပထမအကြောင်း ဖြစ်သည်။

ဒုတိယအကြောင်းမှာ ရွေးကောက်ပွဲ အနိုင်ရသူများဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခွင့်၊ ပြင်ဆင်ခွင့် စသည့် လုပ်ပိုင်ခွင့်များ ရှိရမည်ဟူသော အချက်ကို အန်အယ်လ်ဒီကိုယ်တိုင်က ငြင်းပယ်လိုက်ရာရောက်မည် ဖြစ်ခြင်းပင်။ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ၏ တာဝန်သည် ဖွဲ့စည်းပုံကိစ္စကို တိုက်ရိုက် ကိုင်တွယ်သွားရန်သာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းကို လက်ခံထားသော အန်အယ်လ်ဒီသည် မိမိတို့အများစု အသာစီးရထားသော လွှတ်တော်အတွင်းတွင် ဤဖွဲ့စည်းပုံပြဿနာကို ကိုင်တွယ်သွားသင့်သည်။ ယခုမူ ယင်းနှင့်ဆန့်ကျင်ကာ ပြည်သူလူထုက အခွင့်အာဏာ အပ်နှင်းထားသော လွှတ်တော်အား ပြင်ပမှ အဖွဲ့အစည်းတခုက ဖွဲ့စည်းပုံကိစ္စကို အဓိကဦးတည်လျက် သံမဏိကြိုးကြီးတခုဖြင့် လှမ်းပြီး ချုပ်နှောင်မှုကို အန်အယ်လ်ဒီက လိုလိုလားလား လက်ခံလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။

တတိယအကြောင်းမှာ လွှတ်တော်၊ အစိုးရ စသည်များ ဖွဲ့စည်းလည်ပတ်ပြီးနောက်တွင် အန်အယ်လ်ဒီကိုယ်တိုင်ကိုလည်း ထိခိုက်စေတော့မည် ဖြစ်သောကြောင့်ပင်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၄၊ ၁၅) ရက်နေ့များတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) (အန်အယ်လ်ဒီပါဝင်တက်ရောက်သည့်) အစည်းအဝေးမှ အတည်ပြုလိုက်သည်ဟုဆိုသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ် ၁၄ "အကောင်အထည်ဖော်ခြင်း" ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

၁၄ (၁)။ ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါရှိသော သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ရှိစေရန် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၊ တပ်မတော်နှင့် အစိုးရ၀န်ကြီးဌာနများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်။

၁၄ (၂)။ နိုင်ငံတော်အစိုးရသည် ပြည်ထောင်စု သဘောတူစာချုပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်။

အထက်ပါ အပိုဒ်နှစ်ခုအရဆိုလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရ၏အထက်တွင် ရှိနေသည်။ ငြိမ်းချမ်းရေးညီလာခံမှ မွေးဖွားပေါ်ထွက်လာမည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါရှိသော သဘောတူညီချက်များနှင့် ဆန့်ကျင်ကာ အန်အယ်လ်ဒီ ဦးဆောင်သည့် လွှတ်တော်သည် ဥပဒေအသစ်များ ပြဋ္ဌာန်းခွင့်မရှိ။ တည်ဆဲဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်ခွင့်မရှိ။ ဤသည်ကို အန်အယ်လ်ဒီက လက်ခံလိုက်မည်ဆိုပါက ဥပဒေကြောင်းအရ အဘယ်မျှ ရင်နာဘွယ် ကောင်းပါသနည်း။ အန်အယ်လ်ဒီဦးဆောင်သည့် လွှတ်တော်က ဒီမိုကရက်တစ် ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ထွန်းရေး လမ်းကြောင်းကို ဦးတည်မည် ဆိုကြပါစို့။ ငြိမ်းချမ်းရေးညီလာခံကနေ ထွက်ပေါ်လာမည့် သဘောတူညီချက်များက ယင်းကို ပိတ်ထား (Block) လုပ်ထားလျှင် မည်သို့ဖြစ်မည်နည်း။ လူထု၏ အခြေခံလွတ်လပ်ခွင့်များကို ထိခိုက်ပြဋ္ဌာန်းထားသည့် ဥပဒေဟောင်းများအား လွှတ်တော်က ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလိုမည်ဆိုပါစို့။ ယင်းတို့ကိုလည်း အလားတူ ပိတ်ထားလျှင် မည်သို့လုပ်ကြမည်နည်း။

အန်အယ်လ်ဒီသမ္မတ၏ နောက်မှာ ကာချုပ်က သေနတ်နှင့် ထောက်ထားမည်။ သမ္မတ၏ အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကန့်သတ်ထားခံရပြီးလည်း ဖြစ်သည်။ ထို့အပြင် ယခုတဖန် လွှတ်တော်ရော အန်အယ်လ်ဒီ အစိုးရကိုပါ ပြည်ထောင်စု သဘောတူစာချုပ်က ထပ်မံ၍ ထိန်းချုပ်ထားခံလိုက်ရသည့် အခြေအနေသို့ ရောက်သွားပါမည်။

သို့ဖြစ်ပါက အန်အယ်လ်ဒီဦးဆောင်သည့် လွှတ်တော်နှင့် အစိုးရသည် လူထုအတွင်း သာမန် အုပ်ချုပ်ရေးကိစ္စများ လည်ပတ်စေရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အုပ်ချုပ်ခြင်းတို့ လုပ်ရုံသာရှိသည်။ တကယ်တန်းအားဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်စေရန် အုတ်မြစ်ချနိုင်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေဟောင်းများအား ဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်နိုင်ဘွယ် မရှိတော့ပါ။

တခြမ်းပဲ့ အန်စီအေတွင် သက်သေအဖြစ် လက်မှတ်မထိုးဘဲ ဒေါ်အောင်ဆန်းစုကြည်သည် မှန်ကန်စွာ ရပ်တည်ခဲ့သည်။ "ဒါက ဆီပူအိုးပဲ၊ ဒီအထဲကို မဆင်းကြနဲ့" ဟူ၍ ထောက်ပြခဲ့ရာလည်း ရောက်ခဲ့သည်။ သို့ရာတွင် ယင်းမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ မကျင်းပရသေးပါ။ ရွေးကောက်ပျွဲရလဒ်များ ထွက်ပေါ်လာပြီးဖြစ်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ သူမ၏ရပ်တည်ချက် ပြောင်းသွားခြင်းလား။ တခြမ်းပဲ့ အန်စီအေအပေါ်တွင် အခြေခံပြီး ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင်ကို လက်ခံ အတည်ပြုပေးလိုက်မည်ဆိုလျှင် ဆီပူအိုးကို လက်ညှိုးထိုး၍ ငြင်းဆိုခဲ့သည့် သူမကိုယ်တိုင်ကပင် မီးပုံထဲသို့ ခုန်ချပြလိုက်ရာ ရောက်သွားပါမည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဤအခြေအနေကို အမြန်ဆုံး ပြန်လည်လေ့လာပြီး တည့်မတ်သွားနိုင်လိမ့်မည် မျှော်လင့်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကြံ့ဖွံ့မဟုတ်သည့် အခြားမည်သည့်ပါတီမှဖြစ်စေ အရပ်သားတဦးက သမ္မတအနေဖြင့် ခေါင်းဆောင်ကာ အစိုးရဖွဲ့စည်းမည်ဆိုပါက ခြေနှစ်ဘက်သာရှိပြီး လက်နှစ်ဘက်မရှိသည့် အစိုးရလို ဖြစ်နေသည်။ ညာလက်ရုံးသဖွယ် အားထားရမည့် ကာကွယ်ရေးဝန်ကြီးအား သမ္မတက ခန့်ထားခွင့်မရှိ။ သို့ဖြစ်၍ ကာကွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရမည့် ကာချုပ်မှတဆင့် တပ်မတော်အား သမ္မတအာဏာစက်ဖြင့် အမိန့်ပေး၍မရ။ ကာချုပ်ကို သမ္မတက ဖြုတ်ချခွင့်မရှိ။ ကာချုပ်က ပြန်ဖြုတ်ချမှာကိုပင် စိုးရိမ်နေရသည်။ ဤသည်မှာ အစိုးရတွင် ညာလက်ရုံးကင်းမဲ့နေသည့် အနေအထားဖြစ်သည်။

ဘယ်ရုံးလက်သဖွယ် အသုံးချရမည့် ပြည်ထဲရေးဝန်ကြီးအားလည်း သမ္မတက ခန့်ထားခွင့်မရှိ။ သို့ဖြစ်၍ ပြည်ထဲရေးဝန်ကြီး၏ ကွပ်ကဲမှုအောက်တွင် ရှိနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လုံခြုံရေးအဖွဲ့အစည်းများဖြစ်သော ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အမျိုးသားထောက်လှမ်းရေးဗျူရို အစရှိသည့် အဖွဲ့အစည်းများအား သမ္မတ၏ အာဏာသည် တိုက်ရိုက်သက်ရောက်မှုမရှိ။ ထို့အပြင် ဘယ်လက်ရုံး၏ အစိတ်အပိုင်းတခုသဖွယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်ဆံကာ ငြိမ်းချမ်းရေးကိစ္စများအား ထိတွေ့ကိုင်တွယ်ရမည့် နယ်စပ်ဒေသရေးရာ ၀န်ကြီးကလည်း သမ္မတကို အမှုထားစရာမလို။ ဤသည်မှာ အစိုးရတွင် ဘယ်လက်ရုံးကင်းမဲ့နေသည့် အနေအထားဖြစ်သည်။

အန်အယ်လ်ဒီသည် လူထုထောက်ခံမှုဖြင့် နိုင်ငံရေးရာဇပလ္လင်သို့ လှမ်းတက်သွားလိုက်နိုင်သော်လည်း ၎င်းက ဖွဲ့စည်းမည့် အစိုးရသည် ယင်းအခြေအနေကို ရင်ဆိုင်နေရလျက်ရှိသည်။ လက်နှစ်ဘက်မဲ့သလို ဖြစ်နေသော အန်အယ်လ်ဒီ အစိုးရအဖွဲ့ အနေဖြင့် တိုင်းပြည်ကို တစုံတရာ မျှဝေအုပ်ချုပ်ခွင့်ရနိုင်ရန် အာဏာယူထားဆဲ စစ်ခေါင်းဆောင် ဟောင်းသစ်များနှင့် ညှိရပါတော့သည်။ ၎င်းတို့ မကြိုက်တာမလုပ်ရဲ၊ ၎င်းတို့ချမှတ်ထားသည့် လမ်းကြောင်းနှင့် မသွေဖည်ရဲ၊ ၎င်းတို့လုပ်ငန်းစဉ်များနှင့် မဆန့်ကျင်ရဲ၊ အမှားကြီးမှန်း သိပါလျက်နှင့် ထုတ်ဖော်မပြောရဲ၊ မည်သည့်အပိုင်းကိုတော့ ၎င်းတို့အစိုးရသစ်က တာဝန်ခံနိုင်မည်၊ မည်သည့်အပိုင်းကိုတော့ တာဝန်မခံနိုင်ဟူ၍ပင် တိုင်းပြည်ကို မကြေညာရဲဘဲ ပြစ်မှုကျူးလွန်ခဲ့မှုကြီးများ၊ အဂတိလိုက်စားခဲ့မှုကြီးများ အပါအ၀င် အမှားဟူသမျှကိုပါ အန်အယ်လ်ဒီက တာဝန်ယူဆက်ခံကာ ဆက်လက်ချီတက်ရတော့မည်ဆိုပါမူ တိုင်းပြည်အတွက် လွန်စွာ ရင်လေးဖွယ်ပင်။

ဤအတိုင်းဆိုပါက ကာချုပ်က ဦးဆောင်လျက် အဆိုပါ ၀န်ကြီးဌာနသုံးခုနှင့် (အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများဟု ဆိုသော်လည်း အစိုးမရနိုင်သည့်) လက်နက်ကိုင် အဖွဲ့အစည်းများက ထင်သလို ကြမ်းကြ ရမ်းကြ၊ လူထုကို ဆက်လက်ဖိနှိပ်ကြမည့် ကျူးလွန်မှုများအား (လက်ပန်းတောင်းတောင် သာဓကမှာထက် ပိုမိုဆိုးရွားစွာ) အန်အယ်လ်ဒီ အစိုးရက လိုက်လံကာကွယ် ဖုံးဖိပေးရပါတော့မည်။ ယင်းသို့ပြုခြင်းဖြင့် လူထုနှင့် ထိပ်တိုက်တွေ့နိုင်သည့် အနေအထားမျိုးကို အန်အယ်လ်ဒီ မလျှောက်လှမ်းသင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ဖြစ်စေ၊ အန်အယ်လ်ဒီအနေဖြင့်ဖြစ်စေ အာဏာလိုချင်သည်ကို မည်သို့မျှ ကန့်ကွက်ရန် အကြောင်းမရှိ။ နိုင်ငံရေးပါတီထောင်ခြင်းမှာ အာဏာရလို၍သာ ထောင်ခြင်းဖြစ်သည်။ ဤသည်မှာ တရားဖြစ်သည်။ သို့ရာတွင် ပြည်တွင်းစစ်မီးကို ငြိမ်းစေပြီး တိုင်းပြည်တွင်းရှိ အခြေခံလူထုများ ဘ၀တိုးတက်မှုရှိအောင် အုပ်ချုပ်နိုင်စွမ်းရှိမည့် တကယ့်အာဏာကိုမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ မရနိုင်၊ စစ်အာဏာရှင်စနစ် လည်ပတ်ရေးကိုသာ ပံ့ပိုးပေးရာရောက်မည့် အာဏာအကျိုးအပဲ့ကိုမျှသာ ရနိုင်ပါမည်။ သို့ဖြစ်၍ အာဏာလိုချင်လျှင် တိုင်းပြည်အာဏာကို တကယ်တန်း ရအောင်ယူနိုင်သည့် လမ်းကြောင်းများကို ခင်းရန်လိုအပ်ပါမည်။ တဘက်တွင်လည်း အန်အယ်လ်ဒီ ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည်၍ ရနိုင်သည်။ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်ကာ တခြမ်းပဲ့ အပစ်ရပ်စာချုပ်အပေါ် အခြေပြုပြီး လက်ရှိစစ်အစိုးရ ခင်းထားသော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည် ဆိုလျှင်မူ စစ်မှန်သည့် အာဏာရမည်မဟုတ်။ ငြိမ်းချမ်းရေးနှင့်လည်း ဝေးပါမည်။

သို့ဖြစ်၍ အန်အယ်လ်ဒီသည် မိမိ၏ ငြိမ်းချမ်းရေး မဟာဗျူဟာကို ရှာဖွေတည်ဆောက်ရန် လိုအပ်လာပါတော့သည်။

ရွေးကောက်ပွဲ မဲဆွယ်ခဲ့ရာ၌ ပြောင်းလဲချိန်တန်ပြီဟု အန်အယ်လ်ဒီက ကြွေးကြော်ခဲ့သည်။ လူထုက အန်အယ်လ်ဒီအား မဲပေးခဲ့ရာတွင်လည်း အန်အယ်လ်ဒီက ဦးဆောင်ကာ ပြောင်းလဲပေးလိမ့်မည်ဟူသော မျှော်မှန်းချက်ဖြင့် ပေးခဲ့ခြင်းဖြစ်သည်။ ယခုမူ လူတွေသာ ပြောင်းသွားတယ်၊ (ဥပဒေတွေ ပြောင်းရန်ဝေးလို့) မူတွေဘာမှ မပြောင်းပါလားဟု သုံးသပ်လာကြမည်ဆိုရင် အန်အယ်လ်ဒီ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွင် အရေးအကြီးဆုံးဖြစ်သည်။ လက်ရှိ စစ်အစိုးရ ချမှတ်ထားသည့် လမ်းကြောင်းအတိုင်း ဆက်လျှောက်မည်ဆိုလျှင် အန်အယ်လ်ဒီအစိုးရသည် စစ်အစိုးရသာ ဖြစ်ပါမည်။ ငြိမ်းချမ်းရေးညီလာခံသည် စစ်မီးလျှံမည့် ညီလာခံသာ ဖြစ်ပါမည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသည် နောက်ထပ်နှစ်တရာတိုင် ပေါ်လာနိုင်ဖွယ်မရှိပါ။ အဘယ်ကြောင့်နည်း။ ယခုကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံသည် ကျင်းပခဲ့ပြီးဖြစ်သည့် အမျိုးသားညီလာခံနှင့် ကွက်တိတူနေသည့်အပြင် ပိုဆိုးသော နောက်ခံအခြေအနေများ ပေါ်ပေါက်နေသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ အဘယ်နည်း။ ပထမတခုမှာ နောက်ခံ ဥပဒေ အဆောက်အအုံ (Background Legal Framework) ဖြစ်သည်။ အမျိုးသားညီလာခံ ကျင်းပနေစဉ်က စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသည့် ဖွဲ့စည်းပုံ တည်ရှိမနေ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေပြီဖြစ်သည်။ ယင်းသည် ငြိမ်းချမ်းရေးညီလာခံကို အရိပ်မည်းကြီး ထိုးနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ဒုတိယတခုမှာ ညီလာခံကိုယ်စားလှယ် အချိုးအစား (Proportion of Representation) ဖြစ်သည်။ အမျိုးသားညီလာခံတုန်းကပင် ကိုယ်စားလှယ်အစုအဖွဲ့ အနေဖြင့် အမည်နာမ အတိအကျတပ်ကာ တက်ရောက်ခွင့် မရခဲ့သော တပ်မတော်သားများအား ငြိမ်းချမ်းရေးညီလာခံတွင် ကိုယ်စားလှယ်ဦးရေ ၁၅၀ အထိ သတ်မှတ်ပေးလိုက်သည်။ ၎င်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက် သက်ဆိုးရှည်စေမည့် အခိုင်အမာမဲ (Solid Voting) ဖြစ်သည်။

ဆက်လက်ရေတွက်ပါမည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးအနက် ကြံ့ဖွံ့မှ ၁၀ ဦးခန့် ပါလာနိုင်သည်။ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦးအနက် အနည်းဆုံးအားဖြင့် ၂၀ ဦးခန့်ကို လက်ရှိစစ်ဗိုလ်များ၊ စစ်ဗိုလ်ဟောင်းများထဲက ထည့်သွင်းပေးရနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ် ၁၅၀ အနက် အနည်းဆုံး ၅၀ ဦးခန့်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်များနှင့် ပုလင်းတူဗူးဆို့ ဖြစ်နေပြီဟု တွက်နိုင်သည်။ တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ အနက် ၁၀၀ ဦးခန့်သည် ၂၀၀၈ ဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြင်ဆင်သွားရေးကိုသာ သဘောတူနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ တို့အနက် (အမျိုးသားညီလာခံမှာကဲ့သို့ပင်) အနည်းဆုံး ၇၀ ခန့်မှာ စစ်အစိုးရက စိတ်ကြိုက်ခေါ်ယူမည့်သူများ ဖြစ်မှာ သေချာလောက်သည်။ စုစုပေါင်းလျှင် ၄၀၀ ရှိသည်။

ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ် ၇၀၀ အနက် အနည်းဆုံး ၄၀၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာ ဆက်သွားလိုသူများ၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို ပုဒ်မ ၄၃၆ အခြေခံဖြင့် တဖြည်းဖြည်း ပြင်ဆင်သွားလိုသူများ၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ၍သာ ဖက်ဒရယ်ပြည်ထောင်စုဟူသော အမည်နာမဖြင့် ဖော်ဆောင်လိုသူများ ဖြစ်မည်မှာ မလွဲဧကန်ပင်။ ကိုယ်စားလှယ်ဦးရေ အချိုးအစားအရ ကြည့်ရုံမျှနှင့် ညီလာခံ၏ ရလဒ်ကို တွက်ဆနိုင်သည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ပေါ်ထွက်လာရေးမှာ ဤကိုယ်စားလှယ် အချိုးအစားမျိုးဖြင့် လုံးဝပင် မဖြစ်နိုင်ပါ။

တတိယတခုမှာ ညီလာခံကို လည်ပတ်စေမည့် နောက်ခံစုဖွဲ့မှု (Operational institutional mechanism) ဖြစ်သည်။ ယင်းတွင် စစ်ခေါင်းဆောင်ဟောင်းများ၊ ၎င်းတို့နှင့် အပေးအယူ တည့်လျက်ရှိသော တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်ဟောင်းသစ်များ၏ မျက်နှာကိုကြည့်ပြီး ဘ၀ရပ်တည်နေကြရသည့် မြန်မာငြိမ်းချမ်းရေးဌာန (အမ်ပီစီ) မှ ပုဂ္ဂိုလ်များတို့က ညီလာခံအတွက် ဟိုကော်မတီ၊ သည်ကော်မတီ စသည့် ခေါင်းစဉ်ခွဲအမျိုးမျိုး အောက်တွင် အတွင်းရေးမှူးအဖွဲ့သဖွယ် ဆောင်ရွက်ခွင့်ရနေခြင်း ဖြစ်သည်။

စတုတ္ထနှင့် အရေးကြီးလှသော ဘောင်ခတ်မှုမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ အခန်း (၆) အပိုဒ် (၆-၂) အရ အောက်ပါအတိုင်း ကန့်သတ်ထားခြင်းဖြစ်သည်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီ အသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များ အပါအ၀င် အရေးကြီးသော ကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့ တခုချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။"

"ဆိုးလှချည်လား" ဟု ရေရွှတ်မိသည်။ ငယ်ငယ်က သူငယ်ချင်းအချင်းချင်း နောက်ပြောင်ပြောဆိုခဲ့သည့် "သည်ထက်ဆိုးတာတောင် သည်လောက်မဆိုးဘူး" ဟူသောစကားကို သတိရမိသည်။ ဆိုးလှပြီဟု သုံးသပ်ခဲ့သော အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်းများမှာပင် ယင်းကဲ့သို့ ကန့်သတ်မှုမျိုး မပါရှိပါ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး စသည်တို့နှင့် စပ်လျဉ်း၍ "ညီလာခံတက်ရောက်သူ အစုအဖွဲ့ တခုချင်းစီတိုင်းမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ" ရရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်။ ပထမအဆင့်မှာကတည်းက ပယ်ချခံခဲ့ရပြီးဖြစ်မည်။ ဒုတိယအဆင့်ဖြစ်သည့် "တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ" ရရန်ဟူသည်မှာ လုံးဝပင် မဖြစ်နိုင်တော့။ ပြင်ရန် လွန်စွာခက်အောင် လုပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၄၃၆ ကန့်သတ်မှုမျိုးကို ပြည်ထောင်စုညီလာခံတွင် အသုံးချထားခြင်းပင်။

ဤမျှဆိုးဝါးလှသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြုပေးခဲ့ကြသော နိုင်ငံရေးအင်အားစုများ အားလုံးတွင် တာဝန်ရှိပါမည်။ ယင်းအပေါ်အခြေခံ၍ ငြိမ်းချမ်းရေးညီလာခံ ကျင်းပပါတော့မည်။ ညီလာခံ အမြန်ဆုံးပြီးစီးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံကို ပိုမိုကျားကန်ပေးမည့် ဆုံးဖြတ်ချက်များနှင့် လွှတ်တော်နှင့် အစိုးရ၏ အခွင့်အာဏာအပေါ် သံမဏိကြိုးဖြင့် တုတ်နှောင်ထားမည့် ကန့်သတ်ချက်များသာ ထွက်ပေါ်လာပါမည်။ ညီလာခံကို နှစ်ပေါင်းရှည်ကြာစွာ ကျင်းပနေမည် ဆိုပါလျှင်လည်း တဘက်တွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲများ တခုပြီးတခု ကျင်းပကာ သက်တမ်းကို ဆွဲဆန့်သွားပါတော့မည်။ အခြေအနေနှစ်ရပ်လုံးတွင် စစ်အာဏာရှင်စနစ်သာ ရေရှည်တည်တန့်ခိုင်မြဲဖွယ်ရှိပါမည်။ "ဆုပ်လည်းစူး၊ စားလည်းရူး" ဆိုသည်မှာ ဤအခြေအနေမျိုးဖြစ်သည်။

သို့ဖြစ်၍ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာရေးကို လိုလားမြတ်နိုးသော နိုင်ငံရေးအင်အားစုများ အားလုံးသည် ဤနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်နှင့် ငြိမ်းချမ်းရေးညီလာခံဟူသည်ကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ကြရန်သာ ရှိသည်။ ထိုမှ နောက်တဆင့်သည် အဘယ်နည်း။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် တခြမ်းပဲ့ အန်စီအေကို လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ပြီး ဘက်နှစ်ဘက် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် လိုပါမည်။ နောက်တဆင့်တွင် (တနိုင်ငံလုံး အပစ်ရပ် သဘောတူညီချက်များအပြင်) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချနိုင်ရန် ရှင်းလင်းတိကျသော အခြေခံကျောရိုးများ၊ သုံးပွင့်ဆိုင်အပေါ် အခြေခံ၍ အများဆုံး ကိုယ်စားလှယ် ၃၀၀ ထက်မပိုဘဲ တက်ရောက်သော နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး သဘောတူညီချက်များ အစရှိသည်တို့ ပါဝင်စေမည့် ငြိမ်းချမ်းရေးစာချုပ် (Peace Agreement) ထွက်ပေါ်လာအောင်လုပ်၊ ထိုစာချုပ်ကိုသာ လွှတ်တော်သို့ တင်သွင်းကာ ဥပဒေပြုခြင်းဖြင့် ဥပဒေပြဿနာကို ကျော်လွှားနိုင်ပါမည်။

ပြည်ထောင်စုအတွက် ဤမျှအရေးကြီးလှသော အချိန်တွင် တိုင်းရင်းသားပေါင်းစုံ ပြည်သူအသီးသီးသည်လည်း မိမိတို့၏ သဘောထားအမြင်များအား တဦးချင်းစီအနေဖြင့် ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ထုတ်ဖော်ကြခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲအား လူထုဆွေးနွေးပွဲ အနေအထားမျိုးရောက်အောင် ဖန်တီးနိုင်မှသာ စစ်မှန်သည့်ငြိမ်းချမ်းရေး ရနိုင်သော လမ်းကြောင်းပေါ်လာပါမည်။ မငြိမ်းချမ်းနိုင်သော ငြိမ်းချမ်းရေးညီလာခံကို စောင့်ရန်မလိုပါ။

အောင်ထူး (လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013