
ဗင်နီဇွဲလားစစ်တပ်နဲ့ တာဝန်ရှိသူတွေကို အနှစ်နှစ်အလလ စုံစမ်းစစ်ဆေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကနေ နုတ်ထွက်ပြီး ရောမစာချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယာယီသမ္မတ ဒယ်လ်ဆီရိုဒရီဂတ်ဇ်က ဇူလိုင် ၂၄ ရက်မှာ တရားဝင် ကြေညာပါတယ်။
ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ICC ကနေ နုတ်ထွက်ဖို့ ပြန်ပြင်ဆင်တော့မှာမဟုတ်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂထံ တရားဝင် အကြောင်းကြားစာ ပေးပို့လိုက်ပြီလို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၂၄ ရက်မှာ ပြောကြားချက်ကို ယာယီသမ္မတ ရိုဒရီဂတ်ဇ် က ထောက်ခံပြောကြားခဲ့တာပါ။
ဗင်နီဇွဲလားဟာ ရောမစာချုပ်ကို ပထမဆုံး စတင်လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံဖြစ်ပြီး စစ်မှန်တဲ့ တရားမျှတမှုကို အစဉ်တစိုက် ယုံကြည်ခဲ့ပေမဲ့ ICC ရဲ့ သမိုင်းကြောင်းတလျှောက်မှာ ဗင်နီဇွဲလား အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအပေါ် ရန်လိုတိုက်ခိုက်မှုတွေပဲ ပြုလုပ်ခဲ့တယ်လို့လည်း ပြောလိုက်ပါတယ်။
ဒါ့အပြင် ICC ဟာ နိုင်ငံရေးအရ အသုံးချခံနေရပြီး ဗင်နီဇွဲလားနိုင်ငံနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒီလိုအဖွဲ့အစည်းမျိုးကို ဆက်လက်မယုံကြည်တော့ကြောင်းနဲ့ ပိုမို ကောင်းမွန် ကွဲပြားတဲ့ လောကသစ်တခုကိုသာ မျှော်လင့်ကြောင်း ပြောပါတယ်။
ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဖဲလစ်ခ်စ် ပလာဆန်စီယာက “ICC တရားရုံးဟာ ဒေသအပေါ် မူတည်ပြီး ဘက်လိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုနုတ်ထွက်တာဖြစ်ပြီး တရားရုံးအနေနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေ၊ အထူးသဖြင့် အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေကိုပဲ ပစ်မှတ်ထား ဦးတည်နေတယ်”လို့ သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။
သမ္မတဟောင်း နီကိုလတ်စ် မာဒူရိုကို အမေရိကန်ကဖမ်းဆီးပြီး အာဏာကနေ မဖယ်ရှားမီ တလ အလိုလောက်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဟာ ရောမ စာချုပ်ပယ်ဖျက်ရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး နုတ်ထွက်ဖို့ လမ်းစဖော်ခဲ့ထားတာကြောင့် ဒီလို နုတ်ထွက်မှု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပြီးသားလည်း ဖြစ်ပါတယ်။
ICC တရားရုံးဟာ အဖွဲ့ဝင်နိုင်ငံတွေဘက်က မလုပ်ဆောင်နိုင်တာ ဒါမှမဟုတ် မလုပ်ဆောင် ချင်တာမျိုး ရှိလာရင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ကျူးကျော် တိုက်ခိုက်မှုတွေကို အရေးယူဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး ဗင်နီဇွဲလားမှာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။
Source: Reuters











