DVB Logo
Home
မြန်မာသတင်း
ပိတ်လှောင်ခံ မြန်မာအလုပ်သမား ၁၀ ဦးကို ကယ်တင်
DVB
·
January 10, 2016
ပိတ်လှောင်ခံ မြန်မာအလုပ်သမား ၁၀ ဦးကို ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံ မဟာချိုင်ဒေသ တပိုင်တနိုင် ထိုင်းပုစွန် ရောင်းဝယ်ရေ လုပ်ငန်းတခုမှာ ပိတ်လှောင်ခံနေရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (အမ်အေတီ) က ဇန်န၀ါရီလ ၉ ရက်နေ့က သွားရောက်ကယ်ထုတ်ပေးခဲ့ပါတယ်။

ပိတ်လှောင်ခံထားရသူတွေက အမျိုးသမီး ၃ ဦးနဲ့ အမျိုသား ၇ ဦးတို့ဖြစ်ပြီး အလုပ်ရှင်ဟာ လုပ်အားခ မရှင်းပေးတဲ့အပြင် ပိတ်လှောင်ထားတာ ၁၅ ရက်လောက် ရှိပြီဖြစ်ကြောင်း ဖုန်းဆက် အကူအညီတောင်းခံခဲ့တဲ့အတွက် အမ်အေတီအဖွဲ့နဲ့ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်ကယ်တင်ခဲ့တာလို့ အမ်အေတီအဖွဲ့ ဘန်ကောက်ရုံးတာဝန်ခံ ကိုစိုင်းအေးက ဒီဗွီဘီကို ပြောပါတယ်။

သူတို့ သွားရောက်ကယ်တင်ချိန်မှာတော့ အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်က နစ်နာကြေးတွေ ပေးလျော်ရမှာစိုးလို့ အလုပ်သမားတွေကို ပြန်ခေါ်ချင်တယ်ဆိုရင် ခေါ်သွားလို့ရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သူဌေးက အမှုကို ဒီမှာတင် ပြီးစေချင်တယ်ပေါ့ မလိုက်ဘူးပေါ့ဗျာ၊ သူအပြစ်ကို သူသိနေလို့လား မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ အလုပ်သမားဝန်ကြီးဌာနက ဒါမျိုးတွေ ပေါ်ပေါက်လာရင် နစ်နာမှုတွေ ပေးလျှော်ရတော့မယ်လေ။ အဲဒီတော့ သူက ဒီမှာပဲ ရှင်းမယ်ဆိုပြီးတော့ ကလေးတွေကို ခေါ်သွားချင်တယ်ဆိုရင် ခေါ်သွားလို့ ရပြီဆိုတာနဲ့ ကျနော်တို့လည်း ခေါ်ထုတ်လာတယ်” လို့ ပြောပါတယ်။

ပိတ်လှောင်ခံထားရတဲ့ မြန်မာအလုပ်သမား ၁၀ ဦးဟာ ဧရာဝတီတိုင်း မြောင်းမြနဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဒေသခံတွေ ဖြစ်ပြီး သူတို့အားလုံးကိုလည်း ဒီကနေ့ မဲဆောက်နယ်စပ်ကတဆင့် မြန်မာနိုင်ငံဘက်ကို အမ်အေတီအဖွဲ့က သွားရောက်ပို့ဆောင်ပေးလိုက်ကြောင်း သိရပါတယ်။

၂၀၁၅ ခုနှစ် မေလတုန်းကလည်း မဟာချိုင်ဒေသ ထိုင်းယူနီယံ ပုစွန်ကုမ္ပဏီမှာ လူကုန်ကူးသူတွေက အကြွေးစနစ်နဲ့ လာထားသွားပြီး မတရား ခိုင်းစေခံနေရတဲ့ အလုပ်သမား ၄၄ ဦးကိုလည်း အမ်အေတီ အဖွဲ့က ကယ်တင်ခဲ့ပါသေးတယ်။

ဘန်ကောက်မြို့အပြင် မဟာချိုင် ဒေသနဲ့  တခြား မြို့ကြီးတွေမှာ ရှိတဲ့ ဈေး၊ စားသောက်ဆိုင်၊ စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေ အလုပ်လုပ်ကိုင်နေကြသလို မြန်မာနိုင်ငံသားတွေ ခေါင်းပုံဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ စတဲ့ အန္တရာယ်တွေ ကြုံတွေ့နေရကြောင်း ထိုင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက် ရှိနေပြီး ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်နေသူတွေ၊ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေသူတွေ၊ အထောက်အထား တစုံတရာမရှိဘဲ အလုပ်လုပ်နေသူတွေ အမျိုးမျိုးရှိနေတာ ဖြစ်ပါတယ်။

သတင်း - သန်းထိုက်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013