DVB Logo
Home
မြန်မာသတင်း
စည်ပင်ဧည့်ရိပ်သာ ထပ်တိုးအခန်းခများ ပေးချေသင့်ဟု စာရင်းစစ်ချုပ် ပြော
DVB
·
January 10, 2016
စည်ပင်ဧည့်ရိပ်သာ ထပ်တိုးအခန်းခများ ပေးချေသင့်ဟု စာရင်းစစ်ချုပ် ပြော
1 / 4
Donate to DVB

စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ထပ်တိုး တောင်းခံလာတဲ့ အခန်းခတွေကို ပေးချေသင့်တဲ့အကြောင်း စာရင်းစစ်ချုပ်က သဘောထား မှတ်ချက်ပေးလိုက်ပါတယ်။

စည်ပင်ရိပ်သာက အခန်းခတွေကို ၂၀၁၅ ဧပြီ ၁ ရက်နေ့ကစပြီး ၅၀၀၀ ကျပ်နဲ့ ပေးချေဖို့အတွက် ဒီဇင်ဘာ ပထမပတ်မှာ တောင်းခံလာခဲ့တာပါ။

ကိုယ်စားလှယ်တွေရဲ့ တည်းခိုနေထိုင်စရိတ်တွေ တိုးမြှင့်ရလာခဲ့တာကို အကြောင်းပြ ပြီး တောင်းခံတာဖြစ်ပေမယ့် ၈ လ ကြာပြီးတဲ့နောက်မှာမှ အဲဒီရက်တွေအားလုံးအတွက် တောင်းခံလာတာလည်း ဖြစ်ပါတယ်။

“ဒီအတွက် ကိုယ်စားလှယ် တစ်ယောက်စီမှာ ၅ သိန်းကနေ ၁၀ သိန်းအထိ ပြန်သွင်း ရမယ့် သဘောဖြစ်နေတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒီကိစ္စကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဦးဆောင်ပြီး ကိုယ်စားလှယ် ၅၀ ကျော်က လွှတ်တော် နာယက က တဆင့် ထိန်းညှိပေးဖို့ စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

ရရှိတဲ့ တည်းခိုနေထိုင်စရိတ်နဲ့ အခြားအသုံးစရိတ် ၂ သောင်းကျပ်ကနေ မနက်၊ နေ့လယ်၊ ညနေစာတွေ၊ လွှတ်တော်ကို တက်ရတဲ့ ကားခတွေ၊ လွှတ်တော် သတင်းစဉ်နဲ့ တခြား သာရေး၊ နာရေး ကိစ္စတွေမှာ သုံးနေရပြီး ကာမိရုံပဲ ရှိနေတယ်လို့ သူတို့တင်ပြတဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီစာကို လွှတ်တော်ရုံးက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကို ပို့ပြီး သဘောထား တောင်းခံရာမှာတော့ နောက်ကြောင်းပြန်တောင်းခံတာကို စိစစ်တွေ့ရှိရကြောင်းနဲ့ နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရာမှာ ကုန်ကျစရိတ် ခွင့်ပြုငွေတွေအတွက် ဘဏ္ဍာရေး စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဘဏ္ဍာရေးကျင့်စဉ်တွေမှာ ကုန်ကျစရိတ်တွေကို ကာမိစေဖို့ ခွင့်ပြုတဲ့ ခရီးစရိတ်လို စရိတ်တွေဟာ လက်ခံရတဲ့သူအတွက် အမြတ်အစွန်းမဖြစ်စေရလို့ သတ်မှတ်ထားတာပါ။

“ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက သူတို့ပါတီက ပေးတဲ့အဆောင်မှာနေတယ်။ အဲဆိုရင် သူတို့ရတဲ့စရိတ်က အမြတ်ဖြစ်သွားလား” လို့ ဦးခိုင်မောင်ရည်က မေးခွန်း ထုတ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆက်လက် မေးမြန်းဦးမယ်လို့လည်း သူက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်တွေကလွဲပြီး ကျန်ကိုယ်စားလှယ် အများစုဟာ နေပြည်တော်က စည်ပင် ဧည့်ရိပ်သာမှာ တည်းခိုနေကြတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013