တရုတ်ဟာ AI မော်ဒယ်တွေကိုပဲ တင်ပို့နေတာမဟုတ်ဘဲ ကမ္ဘာ့ Chatbot တွေ လေ့ကျင့်ဖို့ အသုံးပြုမဲ့ ဒေတာတွေကိုပါ ဖြန့်ချိဖို့ ကြိုးပမ်းနေတယ်လို့ New York Times သတင်းစာက ဖော်ပြပါတယ်။
လက်ရှိ AI စနစ် အများစုဟာ အင်္ဂလိပ်ဘာသာ ဒေတာအပေါ် အဓိကမှီခိုထားတာကြောင့် အနောက်နိုင်ငံအမြင်တွေ ပိုလွှမ်းမိုးနေတယ်လို့ ပေကျင်းက ယူဆပါတယ်။
ဒါကြောင့် စာသား၊ ဓာတ်ပုံနဲ့ ဗီဒီယို အပါအဝင် AI လေ့ကျင့်ရေးဒေတာတွေအတွက် ကမ္ဘာ့အဓိကပံ့ပိုးသူ ဖြစ်လာဖို့ တရုတ်က ရည်ရွယ်ထားပါတယ်။
၂၀၂၈ ခုနှစ်အကုန်မှာ တရုတ်ကို “ဒေတာအင်အားကြီးနိုင်ငံ” ဖြစ်လာစေဖို့ အစိုးရက စီမံချက်ချထားပြီး ဒေတာတွေကို နိုင်ငံတကာနဲ့ မျှဝေဖို့လည်း တိုက်တွန်းထားပါတယ်။
ရည်ရွယ်ချက်တခုက AI နည်းပညာမှာ အမေရိကန်နဲ့ ကွာဟချက် လျှော့ချဖို့ဖြစ်ပြီး နောက်တခုက နိုင်ငံတွေကို တရုတ် AI စနစ်တွေနဲ့ ပိုချိတ်ဆက်လာစေဖို့ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ ဒီဒေတာတွေ ကမ္ဘာ့ AI စနစ်တွေမှာ ပိုအသုံးများလာရင် တရုတ်ရဲ့ နိုင်ငံရေးအမြင်နဲ့ ဝါဒဖြန့် အကြောင်းအရာတွေပါ Chatbot အဖြေတွေထဲ ပိုဝင်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
Nature ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတခုမှာ ChatGPT နဲ့ Claude ကို တရုတ်အကြောင်း မေးတဲ့အခါ တရုတ်ဘာသာနဲ့ ဖြေဆိုချက်တွေက အင်္ဂလိပ်လို ဖြေဆိုချက်တွေထက် ပေကျင်းဘက် ပိုအကောင်းမြင်တာ တွေ့ခဲ့ရပါတယ်။
တရုတ်နိုင်ငံပိုင် Shanghai AI Laboratory ရဲ့ WanJuan ဒေတာစုကို “တရုတ်ရဲ့ အဓိကတန်ဖိုးတွေ” နဲ့ ကိုက်ညီအောင် ပြုလုပ်ထားပြီး ထိုင်း၊ ဗီယက်နမ်၊ အာရဗီ အပါအဝင် ဘာသာစကားအများအပြားနဲ့ ဖြန့်ချိထားပါတယ်။
ဒါကြောင့် “AI ပြိုင်ပွဲဟာ ဘယ်နိုင်ငံက ပိုကောင်းတဲ့ မော်ဒယ်ထုတ်နိုင်မလဲဆိုတာတင် မဟုတ်တော့ဘဲ ကမ္ဘာ့ AI တွေ ဘယ်ဒေတာကနေ သင်ယူပြီး ဘယ်လိုအမြင်နဲ့ ဖြေဆိုမလဲ ဆိုတာအထိ ရောက်လာပြီ” လို့ New York Times သတင်းစာက ထောက်ပြထားပါတယ်။











