DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံ ယူအန်အက်ဖ်စီ မတက်ရန် ဆုံးဖြတ်
DVB
·
January 8, 2016
ငြိမ်းချမ်းရေးညီလာခံ ယူအန်အက်ဖ်စီ မတက်ရန် ဆုံးဖြတ်
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မတက်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

ဇန်န၀ါရီ ၇ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူအန်အက်ဖ်စီရဲ့ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်တိုးချဲ့အစည်းအဝေးမှာ ညီလာခံမတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က အချက် ၃ ချက်ပေါ် မူတည်ပြီး အစိုးရကလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံ မတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။

“အဓိက အခြေအနေ ၃ ရပ်ကြောင့်ပါ။ တစ်တချက်က အန်စီအေက အားလုံး ပါဝင်မှု မရှိဘူးပေါ့၊ နှစ်အချက်က အန်စီအေ လက်မှတ်ထိုးခြင်းကြောင့် ခွဲခြားပြုမူဆက်ဆံနေတာတွေ ရှိတယ်၊ နောက် သုံးအချက်ကတော့ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁၅ ရက်မှာ အတည်ပြုသွားခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကလည်းပဲ ကျနော်တို့ လိုချင်တဲ့ ပုံစံ မဟုတ်ဘူး။”

လက်ရှိ ယူအန်အက်ဖ်စီမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၉ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၂ ရက်ကနေ ၁၆ ရက်အထိ နေပြည်တော်မှာလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရက အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ယူဒဗလျူအက်စ်အေ ၀ လက်နက်ကိုင်တပ်ဖွဲ့ကလည်း ညီလာခံမတက်ဘူးလို့ ဒီဗွီဘီကို ပြောထားပါတယ်။

ဇန်န၀ါရီ ၁၂ ရက် စတင်မယ့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေး ပါတီနဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ် စုစုပေါင်း ၈၀၀ ကျော် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်တွေ စတဲ့ ခေါင်းစဉ် ၅ ခု အောက်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013