DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှ ထောင်တွင်းအစာငတ်ခံဆန္ဒပြ၊ ဆေးစစ်မှုခံယူရန် ငြင်းဆန်
DVB
·
January 8, 2016
နော်အုန်းလှ ထောင်တွင်းအစာငတ်ခံဆန္ဒပြ၊ ဆေးစစ်မှုခံယူရန် ငြင်းဆန်
Donate to DVB

တရုတ်သံရုံးကို ဆန္ဒပြမှုကြောင့် အင်းစိန်ထောင်မှာ ထောင်ဒဏ် ၆ နှစ်ကျော် ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှဟာ ဇန်န၀ါရီ ၅ ရက်ကတည်းက ထောင်တွင်း အစာငတ်ခံဆန္ဒပြနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတာလို့ ဒီကနေ့ ထောင်ဝင်စာသွားတွေ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးလှုပ်ရှားမှုကွန်ရက် ပြောခွင့်ရ ကိုမင်းနေထူးက ပြောပါတယ်။

“အန်တီနော်အုန်းလှရဲ့ နောက်ဆုံး ကျန်းမာရေးအခြေအနေကတော့ ကောင်းတော့ ကောင်းသေးတယ်။ မျက်တွင်းတွေဘာတွေတော့ ကျနေတယ်။ တောင်းဆိုချက်ကတော့ ဒီတိုင်းပဲ ရှိနေတယ်တဲ့ သူကတော့ သူခံနိုင်ရည်ရှိတဲ့အထိ သူလုပ်သွားတယ်တဲ့။ သမ္မတကို ပြန်တရားစွဲဆိုလို့ မရဘူးဆိုတဲ့ကိစ္စကို သူက အဓိကထားပြောပါတယ်။ သူက ဂျာနယ်ထဲမှာ ဖတ်ရတဲ့ အချက်ပေါ်မူတည်ပြီး သူက အဓိက မကျေနပ်ဘူးလို့ ပြောပါတယ်။ နောက်သူက ဆရာဝန်တွေရဲ့ ဆေးစစ်မှုကိုလည်း မခံယူဘူး။”

နော်အုန်းလှဟာ အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြတာ ၄ ရက်ရှိသွားပြီဖြစ်ပြီး လောလောဆယ် စကားပြောနိုင်တဲ့အခြေအနေ ရှိတယ်လို့လည်း ပြောပါတယ်။

အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ကို  တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်းနဲ့ လက်ရောက်မှုကျူးလွန်ခြင်းတွေကနေ ကာကွယ်ပေးဖို့အတွက် ကိုယ်ရံတော်တပ်ဖွဲ့နဲ့ စောင့်ရှောက်ဖို့ အပြင် သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တာဝန်အရ ဆောင်ရွက်မှုတွေကို အကြောင်းပြုပြီး တရားစွဲခြင်းနဲ့ အရေးယူခြင်းတို့လည်း မရှိစေရလို့ ပါရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့တဲ့အချက်တွေထဲ သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တာဝန်အရ ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲခြင်းနဲ့ အရေးယူခြင်းတို့လည်း မရှိစေရလို့ဆိုတဲ့အချက်ကို ဖျက်ပြီး အတည်ပြုခဲ့တယ်လို့ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ဖျက်လိုက်တဲ့ဟာကတော့ သမ္မတဖြစ်တဲ့အချိန်မှာ ဥပဒေအရ ထမ်းဆောင်ခဲ့တဲ့ ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်း မပြုရဆိုတဲ့ဟာ အဲဒါတွေတော့ ဖျက်ပလိုက်တယ်။ ဆိုတဲ့အဓိပ္ပာယ်ကတော့ ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်မှတော့ ဘယ်သူမှလည်း တရားစွဲမှာမှ မဟုတ်တာ။ စွဲရင်လည်း တရားရုံးက လက်ခံမှာမှ မဟုတ်တာ။ အဲဒါတွေတော့ မလိုဘူးပေါ့။”

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို  အစိုးရက ဒီဇင်ဘာလ ၂၁ ရက်နေ့က ချပြခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013