DVB Logo
Home
Lead Story
လက်နက်ကိုင်အားလုံးမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ကြိုးပမ်းမှု ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင် - ဒေါ်ခင်ဥမ္မာ
DVB
·
January 7, 2016
လက်နက်ကိုင်အားလုံးမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ကြိုးပမ်းမှု ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင် - ဒေါ်ခင်ဥမ္မာ
Donate to DVB

လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ကိုယ်စားလှယ် ၁၀၀၀ ကျော်တက်ရောက်မယ့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ခေါ်ယူကျင်းပဖို့ အစိုးရကပြင်ဆင်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၆ ဖွဲ့ကတော့ တနိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ အပစ်ခတ်ရပ်စဲရေးဖော်ဆောင်ခြင်းမရှိသေးဘဲ  အခုလို နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ကြိုးစားနေတာဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့  ကြေညာချက်ထုတ်  ပြန်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ဥမ္မာကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့  အစိုးရက ကြိုးပမ်းနေတာဟာ  ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်မှာကို အရပ်ဘက်အဖွဲ့အစည်းတွေက အထူးစိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။ ဘယ်လိုဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်နေတာပါလဲ။

“အန်စီအေ စာချုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို  ၀င်ရောက်ဆွေးနွေး သဘောတူတဲ့ ဥပမာ ကချင်၊ မွန်၊ ကရင်နီလို လက်နက်ကိုင်အင်အားစုက ၀င်ရောက်လက်မှတ်မထိုးသေးဘဲ ၈ ဖွဲ့ကပဲ အရင်ထိုးသွားပြီးတော့မှ အဲဒီ ၈ ဖွဲ့ထဲပါတဲ့ အာစီအက်စ်အက်စ်လို အဖွဲ့ကလည်း တိုက်ပွဲပြန်ဖြစ်နေတယ်၊ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းချင်တယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ အင်အားစုတွေကြားထဲမှာ ကျေကျေလည်လည်နဲ့ အဓိပ္ပာယ်ရှိတဲ့ အနှစ်သာရရှိတဲ့ တွေ့ဆုံမှုတွေနဲ့ ကျေကျေလည်လည်သဘောတူပြီးတော့မှ အပစ်ရပ်ဖို့ ဆုံးဖြတ်ဖို့၊ သဘောတူချက်ပေါ်မှာလည်း တာဝန်ယူမှု တာဝန်ခံမှုတွေရှိဖို့လိုတယ်။  မဟုတ်ရင် ညီညွတ်ရေးတွေ ပျက်ပြားပြီး တိုင်းရင်းသားအင်အားစု အချင်းချင်းကြားထဲမှာလည်း တင်းမာမှုတွေ ဖြစ်လာမယ်၊ ဆိုးကျိုးက တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်။၊ စစ်သားစုဆောင်းမှုတွေ များမယ်။ မင်္သကာမှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ များလာမယ်၊ စစ်ပြေးဒုက္ခသည်တွေ များလာမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာမယ်။ ကျမတို့ စိတ်ပူချက်က အဓိက အဲဒါတွေ ဖြစ်ပါတယ်။”

လာမယ့် ဇန်န၀ါရီလ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်တက်ရောက် ဆွေးနွေးဖို့  အရပ်ဘက်အဖွဲ့အစည်းတွေကို အစိုးရက ဖိတ်ခေါ်ကမ်းလှမ်းထားပါသလား။

“အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ထားတယ်လို့တော့ ကျမတို့အခုချိန်ထိ မကြားသေးပါဘူး၊ တာဝန်ရှိသူတွေ အစိုးရဘက်ကပြောတာတွေလည်း မကြားမိသေးဘူး။”

ဆိုတော့ အဲဒီငြိမ်းချမ်းရေး ညီလာခံမှာ အရပ်ဘက်အဖွဲ့အစည်းတွေ မပါဘူးဆိုရင် ဘာတွေ အားနည်းချက်တွေ ဖြစ်လာနိုင်မလဲ။

“ပြည်သူလူထုရဲ့အခြေအနေတွေကို ကိုယ်စားပြုဖော်ပြပေးနိုင်တဲ့နေရာနည်းမယ်။ နိုင်ငံရေးအရ ဦးဆောင်တဲ့သူတွေ ဆုံးဖြတ်သူတွေရဲ့ လုပ်ဆာင်ချက်တွေ မှန်ကန်ခြင်း မမှန်ကန်ခြင်း၊ ပြည်သူအတွက် အကျိုးရှိခြင်းမရှိခြင်းတွေ လေ့လာစောင့်ကြည့်ပြီးတော့မှ ပါဝင်အားဖြည့်ပေးမယ့် အင်အားစုတွေရဲ့ အင်အားတွေ လုပ်အားတွေ နည်းသွားမယ်။ ပြီးရင် ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာလည်း အားလုံးပူးပေါင်းပါဝင်တယ်ဆိုတာကို မဖော်ဆောင်နိုင်တော့ဘူး၊ နိုင်ငံရေးအရ ဆုံးဖြတ်တဲ့သူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ထိန်းညှိပေးသွားနိုင်မယ့် အင်အားစုတွေမပါဝင်တော့ ဆုံးဖြတ်သူတွေအချင်းချင်းကြား ပြောရင်းဆိုရင်းနဲ့ အဆင်မပြေဖြစ် ပြသနာတွေဖြစ်ရင် သွားချင်တဲ့လမ်းကြောင်းမှာ ပိုပြီးတော့ နှောင့်နှေးမှုတွေ ဖြစ်လာမယ်။ ဒါကြောင့်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုက အရမ်းလည်းအရေးကြီးပြီး ပါလည်း ပါဝင်သင့်ပါတယ်။ သူများနိုင်ငံတွေမှာလည်း ဒီလိုဘဲ နိုင်ငံရေးဦးဆောင်သူတွေက အရပ်ဘက် အဖွဲ့အစည်းကို လမ်းဖွင့်ပေးကြတယ်လေ။ အဲလိုမျိုး ဖွင့်ပေးတဲ့ဖြစ်စဉ်တွေ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဟာလည်း ပိုပြီးတော့ တည်တံ့ခိုင်မြဲတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ပိုပြီးမှ အားကောင်းတယ်။ ဒါကြောင့် အခုလာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာရော ဆက်ပြီးတော့ လုပ်သွားမယ့်ဖြစ်စဉ်တွေမှာပါ  အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဖို့တောင်းဆိုတယ်။ လမ်းမဖွင့်ပေးဘူးဆိုရင်လည်း လမ်းဖွင့်ပေးဖို့ အတွက် တိုက်တွန်းနှိုးဆော်မှုတွေ ဆက်လုပ်သွားမယ်။”

အရပ်ဘက်အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲ မလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားဖို့လည်း အကြံပြုထားပါတယ် ။  ဘယ်အချိန်ထိ ရွှေ့ဆိုင်းထားသင့်ပါသလဲ ။

“ဘယ်နှလဘယ်နှနှစ်မှ လုပ်သင့်တယ်ဆိုတဲ့ တရားသေကာလအပိုင်းအခြားကို မတောင်းဆို ပါဘူး။ ဘယ်နေ့ ဘယ်ရက်မှာ လုပ်ရမယ်လို့ တရားသေသတ် မှတ်တာဟာ အတင်းကြီး ဖိအားပေးတယ်လို့ မြင်တယ်။ ကျမတို့နိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ် ၆၀ ရှိသွားပြီ။ နှစ် ၆၀ တွင်းမှာ နိုင်ငံရေးစေတနာမမှန်ရင် မဖြေရှင်းနိုင်ဘူး။ အထူးသဖြင့် အာဏာကိုကိုင်ထားတဲ့ အစိုးရရယ် တပ်မတော်ရယ်က နိုင်ငံရေးစေတနာမှန်ဖို့ လိုတယ်။ အဲဒီနိုင်ငံရေး စေတနာနဲ့သာ မှန်မှန်ကန်ကန် လုပ်ဆောင်မယ်ဆိုရင် ကျမတို့ တပတ်အတွင်းရော တလအတွင်းရော၊ ၂ လအတွင်းရော အများကြီး အောင်အောင်မြင်မြင်နဲ့ အားလုံး စိတ်ချယုံကြည်တဲ့ ဖြစ်စဉ်တခုကို ကျမတို့ အကောင်အထည်ဖော်သွားနိုင်မယ်။ အန်စီအေစာချုပ်ပါ အချက်တွေကို သဘောတူ ထားတဲ့ မွန်၊ ကချင်၊ ကရင်နီ အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေနဲ့ပါ သေသေချာချာ ကျေကျေလည်လည် ဆွေးနွေးအဖြေရှာပြီးတော့ အားလုံး လက်မှတ်ထိုးတဲ့ဟာကို အရင်လုပ်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်တွေကို တက်လှမ်းတာဟာ ပိုပြီးတော့  သေချာတယ်။ ခိုင်မြဲမယ်၊ နောက်ပြန်လှည့်ဖို့ အခွင့်အလမ်းနည်းမယ်။ လမ်းကြောင်းပိုမှန်မယ် အဲဒါကို ပြောချင်တာပါ။

လက်ရှိသမ္မတဦးသိန်းစိန် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထက် အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်ပါသလား။

“အန်အယ်လ်ဒီအစိုးရလက်ထက်ကျရင် ပိုကောင်းလာမယ်လို့ ကျမတို့ဘက်က တရားသေ တစ်ထစ်ချမထားထားပါဘူး။ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ကျမတို့နိုင်ငံရဲ့ စစ်မှန်သော အပြောင်းအလဲသည် တိုင်းရင်းသားတန်းတူရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်တယ်၊  တိုင်းရင်းသားတန်းတူရေးကို နိုင်ငံရေးစေတနာမှန်မှန်နဲ့ တန်းတူရည်တူရှိမှုကို တန်ဖိုးထားတဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖော်ဆောင်နိုင်တယ်ဆိုရင်  တိုင်းပြည်ရဲ့ပြဿ      နာကို တကယ်အဖြေရှာနိုင်တဲ့ အစိုးရဖြစ်မှာပါ။ အန်အယ်လ်ဒီကတော့ တိုင်းရင်းသားဒေသ အတော်များများမှာလည်း အနိုင်ရထားတော့ တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက် များများရထားတာလို့ မြင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုကောင်းမွန်လာအောင် နောက်တက်လာမယ့်အစိုးရသစ်ကို ဘာတွေအကြံပြုချင်ပါသလဲ

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုကောင်းလာဖို့အတွက် နောက်လာမယ့်အစိုးရဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်သူလူထုတွေရဲ့ အသံ၊ အကြံဉာဏ်တွေကို ရယူဖို့အတွက် ကျမတို့ အကြံပြုချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခကို ခံစားနေရတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ ဆန္ဒတွေ၊ သူတို့ဖြစ်ချင်တဲ့သဘောထားတွေ ကောက်ယူနိုင်ဖို့အရေးကြီးတယ်။ ပဋိပက္ခဒေသရှိ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အန်စီအေကို သဘောတူပြီးမှ လက်မှတ်မထိုးသေးတဲ့ အင်အားစုတွေရဲ့ သဘောထားတွေကို လာမယ့် အစိုးရဟာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရယူဖို့ အကြံပြုချင်ပါတယ်။”

မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ လာမယ့်အစိုးရသစ်လက်ထက်မှာ ဘာတွေ ပိုပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်သလဲ။

“ဒီမိုကရေစီအစိုးရတရပ် လူထုရွေးချယ်တဲ့အစိုးရတရပ်ဆိုရင် အရပ်ဘက်လူထုအဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့မှမြှင့်တင်ပေးနိုင်မယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ လွတ်လပ်စွာဆန္ဒပြုခွင့်တွေရမယ်လို့မျှော်လင့်တယ်။ အရင်အစိုးရလိုရော အခုအစိုးရလိုရော လွတ်လပ်စွာပြောတာနဲ့ ဖမ်း၊ လွတ်လပ်စွာဆန္ဒပြဖို့ ကြိုးစားတာနဲ့တင် ထောင်ချ အဲဒါမျိုးတွေ မကြုံဖို့ ကျမတို့မျှော်လင့်တယ်။ အခုလောလောဆယ် ဖမ်းဆီးထောင်ချခံထားရတဲ့ ထိန်းသိမ်းခံ ထားရတဲ့လူတွေ အခုအစိုးရ လက်ထက်မှာ မလွတ်မြောက်သေးရင် လာမယ့်အစိုးရ လက်ထက်မှာ လွှတ်ပေးမယ်လို့ မျှော်လင့်တယ်။ အရင်က နယ်စပ်ကနေပြီး  နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ခဲ့ လှုပ်ရှားခဲ့တဲ့သူတွေ အဖွဲအစည်းတွေဟာ  နယ်စပ်မှာလည်းရှိနေသေးတယ်။ သူတို့တွေ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ကိုယ့်စွမ်းဆောင်နိုင်မှုတွေကို အပြည့်အ၀အင်တိုက်အားတိုက် ၀င်ပြီးတော့ ပါဝင်ခွင့်ပေးနိုင်ဖို့ကိုလည်း လာမယ့်အန်အယ်လ်ဒီအစိုးရအနေနဲ့ ဥပဒေကြောင်းအရ လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013