DVB Logo
Home
Lead Story
မြန်မာတွေ ခေါင်းမော်နိုင်ကြပါစေသတည်း
DVB
·
January 7, 2016
မြန်မာတွေ ခေါင်းမော်နိုင်ကြပါစေသတည်း
Donate to DVB

လာမည့် နှစ်သစ်၊ အစိုးရသစ်လက်ထက်မှာ မြန်မာတွေ ခေါင်းမော်နိုင်ကြမည်လားဟု ဗွီအိုအေ သတင်းဌာနက မေးသည်။ မော်နိုင်လိမ့်မည်ဟု မျှော်လင့် ယုံကြည်ကြောင်း ဖြေခဲ့သည်။ ကျွန်တော်တို့ ခေါင်းတွေ ဘယ်တုန်းက ဘယ်အနေအထားမှာ ရှိခဲ့သလဲ၊ ဘာကြောင့်လဲ။

မြန်မာဘုရင်များခေတ်က တိုင်းသူပြည်သား ကျေးတော်မျိုး ကျွန်တော်မျိုးများမှာ “မော်ဖူးစေ” ဆိုကာမှ ရှင်ဘုရင့် မျက်နှာကို မော့ကြည့်ခွင့်ရသည်။ ရာဇပလ္လင်အောက်က သို့မဟုတ် ရှင်ဘုရင် ဆင်စီး၍ တိုင်းခန်းလှည့်လည်လာသည့်အခါ လမ်းဘေးက ထိုင်နေ၍ပင် မရ၊ ပြားပြားမှောက်လျက် ၀ပ်စင်းလျက်။

အဲဒါက သက်ဦးဆံပိုင်ဘုရင်စနစ်၊ ရှေးခေတ်က ကျွန်တော်တို့ဘ၀။ ကျွန်တော်တို့ ဆိုတာ တိုင်းသူပြည်သား လူအများကို ဆိုလိုသည်။

ကိုလိုနီနယ်ချဲ့များခေတ်ရောက်တော့ မော်ဖူးစေ ဆိုတာတော့ မရှိ။ သို့သော် ကျွန်ဘ၀မှာ ဘယ်မှာ ခေါင်းမော်နိုင်ပါ့မလဲ။ သူ့ကျွန်ဘ၀က လွတ်မြောက်ပြီးနောက်မှာကော၊ လွတ်လပ်ရေး ရပြီးစကာလ၊ ဆယ်စုနှစ် တစ်ခုစာလောက် ကျွန်တော်တို့ တိုင်းပြည်သည် ဒေသ၀န်းကျင်မှာ အလားအလာအရှိဆုံး နိုင်ငံတစ်ခုဟု ထင်မှတ်ခြင်းခံခဲ့ရတော့၊ အင်း၊ အဲသည် တိုတောင်းသော ထိုကာလလေးတစ်ခုမှာ ကျွန်တော်တို့ ဦးလေး ဘကြီး အရီး အဒေါ်တွေ အတော်အတန် ခေါင်းမော်ခဲ့ဖူးကြလိမ့်မည် ထင်သည်။

ခေါင်းမော်သည် ဆိုတာက ဘ၀င်မြင့်ကာ ကြွစောင်း ကြွစောင်း ဖြစ်သည်ဟု မဆိုလို။ အများသူငါကြား မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝစွာ ဖြတ်သန်းသွားလာနိုင်ခြင်း၊ တစ်ပါးသူတို့ ရှေ့တွင် တိုးလျှိုးတွန့်ဆုတ်မှု ကင်းကာ တန်းတူရည်တူ ဆက်ဆံပေါင်းသင်းနိုင်ခြင်းမျိုးကို ဆိုလိုတာ ဖြစ်သည်။

အဆိုပါ တိုတောင်းသော ကာလလေးနောက်မှာတော့ အဲဒါနှင့် မနှိုင်းယှဉ်သာလောက်အောင် ရှည်လျားသော၊ ခေါင်းငုံ့တိုးလျှိုးရသော ခေတ်ကြီးတစ်ခုကို နှစ်ပေါင်းများစွာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည်။ လူတိုင်းကို လည်ကုပ်ကိုင်ထားသလို ရှည်လျား များပြားသော ခြေတံလက်တံများဖြင့် ချုပ်ကိုင်စိုးမိုးသည့် အာဏာရှင်စနစ်၊ အာဏာရှင်ခေတ်ကြီး။

အဲသည်ခေတ် စနစ်ကြီးအောက်မှာ အာဏာယန္တရားထဲ မပါဝင်သည့် အုပ်စိုးခံ ပြည်သူမှန်သမျှ ခေါင်းထောင်၍မရခဲ့။ တစ်ခါတလေ ရဲတင်းသူတို့ ဟိုကသည်က ခေါင်းပြူလာကြ သဖြင့်၊ ပစ်ခတ် နှိမ်နင်းသည့်အခါမျိုး ဆိုလျှင်တော့ အားလုံး ပြားပြားမှောက်။

ငြိမ်-၀ပ်-ပိ-ပြားနေရသော ကာလများ။

အဲသည်အချိန်မျိုးမှာ ခေါင်းပြူဖို့ ခေါင်းမော်ဖို့ မဆိုထားနှင့်၊ ခေါင်းပင် မဖော်နိုင်။ ဘယ်အချိန်ကစပြီး ခေါင်းပြူသလဲ၊ ခေါင်းမော်သလဲ။ စဉ်းစားကြည့်လိုက်တော့၊ စောစောက ပြောသည့် ခေါင်းပြူတာ၊ နှိပ်ကွပ်ခံရ၍ ခေါင်းငုံ့ သွားတာတွေ အဖန်ဖန်ဖြစ်ခဲ့ပြီး၊ နာဂစ်မုန်တိုင်း ကြောင့် တိုင်းပြည် ပျက်သလောက်နီးပါး ဖြစ်သွားပြီးနောက်မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အများအပြား ပေါ်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံက ခေါင်းပြူခွင့် တစ်စုံတစ်ရာ ဖွင့်လှစ် လာသည့်နောက်မှာတော့ လူသိထင်ရှား တက်ကြွ လှုပ်ရှားသူများ၊ လွတ်လပ်မှုကို ရနိုင်သမျှ အပြည့်အ၀ အသုံးချသည့် သတင်းမီဒီယာသမားများ ပေါ်လာသည်။

တစ်ပြိုင်တည်းတွင် အာဏာရအုပ်စုကို တရားဝင် ယှဉ်ပြိုင်သည့် နိုင်ငံရေး အင်အားစုများကလည်း အကျပ်အတည်းများ ဖိနှိပ်မှုများအောက်မှာ ခေါင်းမငုံ့ အရှုံးမပေးဘဲ ပြည်သူလူထုအကြား ရပ်တည် ရှင်သန်လာခဲ့ ကြသည်။

ပြန်ချုပ်သော်၊ ပြီးခဲ့သော ၅ နှစ်ကျော် ကာလသည် မြန်မာတွေ တညီတညာ ပြန်လည် ခေါင်းမော်လာသော ကာလဟု ဆိုနိုင်သည်။ သည်နောက်မှာတော့၊ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီကို တစ်ခဲနက် မဲပေးလိုက်ခြင်းဖြင့် မြန်မာလူထု ကိုယ်တိုင် မြန်မာတွေ ခေါင်းမော်နိုင်မည့် အခွင့်အလမ်းကို ပြတ်ပြတ်သားသား ရယူခဲ့ကြတာ၊ မြန်မာရော ကမ္ဘာပါ မြင်တွေ့ခဲ့ကြရပြီ။

ဘာကြောင့် ခေါင်းမော်နိုင်မည့် အခွင့်အလမ်းဟု ဆိုသလဲ။

ပြည်သူတွေ အာဏာပိုင်စိုးသောခေတ်၏ မုခ်ဦးဝမှာ ခြေချလိုက်နိုင်သောကြောင့် ဖြစ်သည်။

တစ်နည်းပြောသော်၊ ကျေးတော်မျိုး ကျွန်တော်မျိုး ဘ၀၊ အာဏာရှင်စနစ်အောက် ပြားပြားမှောက်ရသည့် ဘ၀မှ၊ အုပ်ချုပ်သူ သို့မဟုတ် တိုင်းပြည်ရေးရာများကို မိမိတို့ ကိုယ်စား မိမိတို့ဆန္ဒနှင့်အညီ စီမံ ဆောင်ရွက်ပေး မည့်သူကို မိမိတို့ကိုယ်တိုင် ရွေးချယ် ခန့်အပ်နိုင်၊ မလိုလားလျှင် ဖြုတ်ပယ်နိုင် အသစ်ခန့်အပ်နိုင်သည့် အာဏာပိုင်စိုးသော ဒီမိုကရေစီ လူထုဘ၀သို့ ပြောင်းလဲ ရောက်ရှိလာသောကြောင့် ဖြစ်သည်။

လူထုလက်ထဲ အာဏာ အပြည့်အ၀ ရောက်ဖို့ ဆက်လက် ချီတက် ကြိုးပမ်းကြရဦးမည်။ သို့သော် ဖန်တီးခံ လူထုသက်သက်ကား မဟုတ်တော့။ လွတ်လပ်မှုရှိ၍၊ မိမိ ကံကြမ်္မာ မိမိ ဖန်တီးနိုင်စွမ်းလည်း ရှိသောသူသည် လူအများကြားမှာ ခေါင်းငုံ့နေစရာ မလိုပါ။ ထို့ကြောင့်၊ ငုံ့ရာမှမော့၊ မော့ရာမှ မော်နိုင်လိမ့်မည်ဟု ပြောဆိုခြင်း ဖြစ်သည်။ သို့သော်၊ လွတ်လပ်သည်ဆိုရာ၌ အကြမ်းအားဖြင့် နှစ်ပိုင်းရှိသည်။ နိုင်ငံရေးအရ လွတ်လပ်မှု၊ စီးပွားရေးအရ လွတ်လပ်မှု။ ဒီမိုကရေစီစနစ် အခြေခိုင်လျှင် လူထုသည် နိုင်ငံရေး အရ လုံးဝ လွတ်လပ်မည်။ စီးပွားရေး လွတ်လပ်မှု ရရှိရန်အတွက်မူ၊ စီးပွားရေးအရ သူတစ်ပါးအပေါ် မှီခိုနေရသော ဘ၀မှ လွတ်မြောက်ဖို့ လိုသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု မရှိလျှင် မြန်မာနိုင်ငံသည် တစ်ပါးတိုင်းပြည်၏ စီးပွားကို မှီခိုနေရမည် ဖြစ်သကဲ့သို့ မြန်မာပြည်သူပြည်သားများသည်လည်း စီးပွားရေးအရ လွတ်လပ်နိုင်ဦးမည် မဟုတ်။

အဲဒါဆိုလျှင် လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံသားများ ဟူ၍ လည်းကောင်း၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်ခဲ့သည့် မြန်မာပြည်သူပြည်သားများ ဟူ၍ လည်းကောင်း ၀င့်ကြွား ဂုဏ်ယူနိုင်သည့်တိုင်၊ တစ်ဖက်တွင် နိမ့်ကျဆဲ၊ မှီခိုနေရဆဲ တိုင်းပြည်နှင့် လူမျိုးအဖြစ် ခေါင်းမော်ရန် အခွင့်မသာဘဲ ရှိနေပေဦးမည်။

ထို့ကြောင့်၊ ရှေ့ဘက်တွင် ပြောစဉ်က ရွေးကောက်ပွဲ အနိုင်ရလိုက်သဖြင့် ခေါင်းမော်နိုင်မည့် အခွင့်အလမ်း ရရှိခဲ့သည်ဟုသာ ဆိုခဲ့ခြင်း ဖြစ်သည်။ အဲသည် “အခွင့်အလမ်း” မှနေ၍ တကယ် ခံစားရသည့် အနေအထားသို့ ရောက်ရှိဖို့ ကြိုးပမ်း အားထုတ်ကြရဦးမည်။

ဒီမိုကရေစီကို ရယူနိုင်ခဲ့သည့် မြန်မာလူထုအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ယင်းအတွက် အဟန့်အတား ဖြစ်နေသော အရာများကို ရှင်းလင်း ဖယ်ရှား၍၊ ယင်းကို အထောက်အကူဖြစ်စေမည့် အစီအမံများ ချမှတ် အကောင်အထည်ဖော်ရေးတွင် ရွေးကောက်ပွဲကာလက ပြသခဲ့သည့် စိတ်ရှည်သည်းခံသော၊ အမြင်ကျယ်သော၊ စည်းကမ်းရှိသော စိတ်ဓာတ်များ၊ အပြုအမူ အလေ့အကျင့် များ၊ နိုင်ငံရေးထက်သန်မှုများဖြင့် တစ်ခဲနက် ဆက်လက် ပါဝင် တည်ဆောက်ကြမှသာလျှင် လာမည့် နှစ်များအတွင်း မြန်မာတွေ ပြည်တွင်းရော ပြည်ပမှာပါ ထိုက်တန်စွာ ခေါင်းမော်နိုင်သည့် အနေအထားသို့ ရောက်ရှိကြလိမ့်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဖေမြင့်

၎-၁-၂၀၁၆

(ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၇၊ ဖေမြင့်ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013