DVB Logo
Home
မေးမြန်းခန်း
တနှစ်ပြည့် ပြည်သူ့ခေတ်ဂျာနယ်နှင့် မေးမြန်းချက်
DVB
·
July 20, 2011
တနှစ်ပြည့် ပြည်သူ့ခေတ်ဂျာနယ်နှင့် မေးမြန်းချက်
Donate to DVB

ရန်ကုန်မြို့အခြေစိုက် ပြည်သူ့ခေတ်ဂျာနယ်ရဲ့ တနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်က စင်ထရယ်ဟိုတယ်မှာ ဇူလိုင် ၂၀ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်ဟာ နိုင်ငံရေးဂျာနယ်တစောင်အဖြစ် ထုတ်ဝေခဲ့တဲ့ ဂျာနယ်ဖြစ်ပါတယ်။ နှစ်ပတ်လည်အခမ်းအနားမှာ စတုတ္ထ မဏ္ဍိုင်အကြောင်း ဆွေးနွေးပွဲ စကားဝိုင်းတခုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်ရဲ့ ဦးစီးဦးဆောင်တဦးဖြစ်တဲ့ စာရေးဆရာ၊ သတင်းစာဆရာ ဆရာမောင်ဝံသကို ဆက်သွယ်မေးမြန်းထားပါတယ်။

[caption id="attachment_12994" align="alignleft" width="310" caption="မောင်ဝံသ (ဓာတ်ပုံ - myanmarisp.com)"][/caption]

တနှစ်ပြည့်ပြည်သူ့ခေတ် ဂျာနယ်ကိုကျေနပ်အားရသလား ဆိုတဲ့ အမေးကို ဆရာမောင်ဝံသက ခုလို ဖြေကြားပါတယ်။

“ကျနော်တို့က ကျေနပ်အားရမှုကတော့ တော်တော်များများ ရှိပါတယ်။ တော်တော်များများ အစိတ်အပိုင်း၊ စိတ်ပျက်စရာလေးတွေလည်း ရှိတာပေါ့ဗျာ။ ဒါပေမယ့် ကျေနပ်အားရတယ်ဆိုတာ ပြည်သူလူထုကို ကျနော်တို့က နိုင်ငံရေးဂျာနယ်အနေနဲ့ သွားတာကိုး။ စထုတ်ကတည်းက ကျနော်တို့က နိုင်ငံရေးဂျာနယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထု သိသင့်သိထိုက်တဲ့ အချက်တွေကို ကျနော်တို့က စုဆောင်းပြီးတော့ ပေးတယ်။ ပြည်သူလူထု နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားလာအောင်၊ သူတို့ လေ့လာမယ် ဆိုရင်လည်း တိုးချဲ့ပြီးတော့ လေ့လာနိုင်အောင် ကျနော်တို့က လမ်းခင်းပေးတာ။ အဲဒီတာဝန်ကိုတော့ ကျနော်တို့ အထိုက်အလျောက် ကျေပွန်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ နောက် ပြည်သူလူထု အားပေးမှုကလည်း ကျနော်တို့ ဂျာနယ်အပေါ်မှာ ယုံကြည်ကိုးစားမှု ရှိလာတယ်။ ကျနော်တို့ ဂျာနယ်ကို ဖတ်တဲ့ ပရိသတ်က တော်တော်လေးကို တိုးတက်လာတာ တွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့ အင်မတန် ဝမ်းသာပါတယ်။”

စာနယ်ဇင်းတွေကို အစိုးရကနေပြီးတော့ စာပေစိစစ်ရေးနဲ့ တဖက်ကလည်း တင်းကျပ်တယ်လို့ ပြောတယ်ပေါ့။ တဖက်ကလည်း အရမ်းကြီးဖွင့်ပေးဖို့အတွက် စာနယ်ဇင်းသမားတွေက အရန်သင့် မဖြစ်သေးဘူးဆိုတဲ့ ထင်မြင်ချက်တွေလည်း ရှိတယ်။ အဲဒီတော့ ဒီ ၂ ခု ကြားမှာ ဆရာ့ရဲ့ အမြင်ကဘယ်လိုမျိုး ရှိပါသလဲ။

“အထိုက်အလျောက် စတုတ္ထ မဏ္ဍိုင် မီဒီယာလောကနဲ့ ပတ်သက်ပြီးတော့ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြ၊ စိတ်ဝင်စားလာကြတာပေါ့။ အဲဒါကတော့ ဒီအခု သမ္မတကြီး ဦးသိန်းစိန် မတ်လ ၃၀ ရက်နေ့မှာ စပြောတဲ့မိန့်ခွန်းပေါ့ဗျာ။ အဲဒီ ၃၀ ရက်နေ့ သမ္မတကြီး မိန့်ခွန်းမှာ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီးတော့ အလေးထားကြဖို့၊ စတုတ္ထမဏ္ဍိုင် တန်ဖိုးထားဖို့ အဲဒီလို ပြောသွားတယ်။ နောက်ပိုင်း အုပ်ချုပ်ရေး ဆိုင်ရာ မိန့်ခွန်းတွေမှာလည်း ဒီ စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းမီဒီယာလောက က ဝေဖန်တာတွေ၊ ဆွေးနွေးတာတွေ အဲဒါတွေကို သက်ဆိုင်ရာဌာနတွေကနေပြီးတော့ ဒါကို ကြည့်မနေကြဖို့၊ လေ့လာကြဖို့၊ ပြုပြင်သင့်တာတွေ ပြုပြင်ကြဖို့ အဲဒီလို သဘောတွေ ပြောသွားတော့ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့ဘက်ကလည်း ဘာပဲ ပြောပြောလေ စာနယ်ဇင်း မီဒီယာတွေ ကလည်း ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အားတက်သရော ရေးကြသားကြပေါ့။ ကျနော်တို့ စာနယ်ဇင်းမီဒီယာတွေဘက်ကလည်း စိတ်ဝင်စားပြီးတော့ ဒီအပေါ်မှာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လောက်အတိုင်းအတာထိ လွတ်လွတ်လပ်လပ် ရေးနိုင်ခွင့်အတွက် ကျနော်တို့နဲ့ စာပေစိစစ်ရေးနဲ့ တတ်နိုင်သမျှတော့ အခု ညှိနှိုင်းပြီးတော့ လုပ်ကြတာပေါ့။ လုပ်ကြတော့ အခုအချိန်မှာတော့ အပြည်အဝတော့ ကျနော်တို့က ရေးသမျှ လွှတ်ပေးတဲ့အထိလည်း မဟုတ်သေးဘူးပေါ့ဗျာ။ တချို့အသုံးအနှုန်းတွေ၊ နောက် တချို့အယူအဆ လိုင်းတွေ အဲဒါတွေ ဖြတ်တောက်တာတွေတော့ ရှိသေးတယ်။ ဒါပေမယ့် အခုလို ကျနော်တို့က မီဒီယာ လောကသားတွေ ဆွေးနွေးရင်း ညှိနှိုင်းရင်းနဲ့ တဖြည်းဖြည်းနဲ့ ရှေ့ဆက်တိုးပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအတာ ပိုပြီးတော့ ကျယ်ပြန့်လာအောင် လုပ်နိုင်မယ်လို့ ယူဆပါတယ်။”

ဒီတနှစ်ပြည့်အခမ်းအနားမှာ စွဲစွဲမြဲမြဲ ကျန်ခဲ့တာက အနာဂတ်အတွက် လျှောက်လှမ်းဖို့အတွက် ဘယ်လို အကြောင်းအရာတွေ ပြောတာ ဆရာ မှတ်မှတ်ရရ ရှိခဲ့လဲ။

“ပြောတာတွေကတော့ တော်တော်လေးတော့ ဘက်ပေါင်းစုံပဲဗျ။ တော်တော်စုံပါတယ် မီဒီယာနဲ့ ပတ်သက်ပြီးတော မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ နောက် မီဒီယာသမားတွေ အရည်အချင်းမြှင့်တင်ရေးတို့၊ နောက်ပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ပိုပြီးတော့ ရဖို့၊ ပိုပြီးတော့ တိုးချဲ့နိုင်ဖို့ အဲဒါမျိုးတွေ ကျနော်တို့ တော်တော်များများ ဆွေးနွေးနိုင်ကြပါတယ်။ နောက်ပြီးတော့ မှုခင်းကတော့ ဥပဒေကြောင်းနဲ့ပတ်သက် ပြီးတော့လည်း ကျနော်တို့ ဥပဒေကြောင်းဆိုင်ရာတွေနဲ့ အဲဒါတွေ ကျနော်တို့ ပါပါတယ်။”

ဦးသိန်းစိန် တက်ခါစတုန်းက စာနယ်ဇင်းနဲ့ ပတ်သက်လို့ အားရစရာ ဖြစ်လောက်နီးပါး စကားပြောခဲ့တယ်။ ဒါပေမယ့် ပြည်ထောင်စုအစိုးရ၊ ဗဟိုအစိုးရ အပါအဝင် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေက အစိုးရတွေက သတင်းစာရှင်းလင်းပွဲလုပ်တာ မတွေ့ရဘူး ဆရာ။ အခု ကျနော်တို့ တွေ့ရတာက ရန်ကုန်နဲ့ မန္တလေးအစိုးရ နှစ်ခုပဲ အကန့် အသတ်နဲ့ ကြိုတင်မေးခွန်း ပေးပြီးတော့ သွားတဲ့စနစ်ရှိတယ်။ အဲဒီတော့ စာနယ်ဇင်းသမားတွေအနေနဲ့ ဒီလို ဖြစ်ထွန်းမှုအပေါ်မှာ ဆရာတို့ ဘယ်လို အကဲဖြတ်ချင်လဲ။

“လက်ရှိအ​နေအထား​က​တော့​ ဟုတ်တယ်။ ကျ​နော်တို့​က ဘယ်လိုပဲ ဖြစ်ဖြစ် စာနယ်ဇင်း​ လွတ်လပ်ခွင့်​ကို အပြည့်​အဝကြီး​ ကျ​နော်တို့​က ​တောင်း​ဆိုမယ် ဆိုရင်လည်း​ ကျ​နော်တို့​ကို ဆန္ဒ​စောတယ်လို့​ ​ပြောမှာပဲ​လေ။ အဲဒီ​တော့​ ကျ​နော်တို့​က​တော့​ တတ်နိုင်သမျှ ဒီအချိန်မှာ​တော့​ ​ရေး​လို့​ ရတဲ့​အတိုင်း​အတာမှာ ​ရေး​တယ်။ သူတို့​ ဖြတ်​တောက်ပြီး​တော့​ ခွင့်​ပြုတဲ့​အတိုင်း​အတာနဲ့​ ကျ​နော်တို့​က ခွင့်​ပြုတာကို ကျ​နော်တို့​ ထုတ်​ဝေတာ​ပေါ့​။ အဲဒီအတိုင်း​အတာပဲ ရှိ​သေး​တယ်။ ဒါ​ပေမယ့်​ အရင်ကနဲ့​ ယှဉ်ပြီး​ ပြန်သုံး​သပ်လို့​ရှိရင် သမ္မတကြီး​ ဦး​သိန်း​စိန် အစိုး​ရအဖွဲ့​ မတက်ခင်ကနဲ့​ စာရင်​တော့​ အခု အထိုက်အ​လျောက်​ပေါ့​ တချို့​ဟာ​တွေ ကျ​နော်တို့​ ပိုပြီး​တော့​ ​လျှော့​လျှော့​ပေါ့​ပေါ့​နဲ့​ ထုတ်​ဝေခွင့်​ရတယ်၊​ ပုံနှိပ်ခွင့်​ရတယ်၊​ အဲဒါ​တွေ​တော့​ ရှိလာပါ တယ်။ အဲဒီ​တော့​ ဒီလိုနဲ့​ပဲ ​ရှေ့​ဆက်ပြီး​တော့​ တိုး​တိုး​ သွား​ရမှာ​ပေါ့​ဗျာ။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013