DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးခံ ၀င်းနှင့်ဇော်ကို ထိုင်းရှေ့နေများ ထောင်တွင်းသွားရောက်တွေ့ဆုံ
DVB
·
January 6, 2016
သေဒဏ်ပေးခံ ၀င်းနှင့်ဇော်ကို ထိုင်းရှေ့နေများ  ထောင်တွင်းသွားရောက်တွေ့ဆုံ
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အမှု လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီကရှေ့နေတွေက ဒီနေ့ သွားရောက် တွေ့ဆုံပါတယ်။

လူငယ် ၂ ဦးကို စိတ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ရော အယူခံဝင်မယ့်အခြေ အနေတွေကိုပါ သွားရောက်ရှင်းပြခဲ့တာလို့ သူတို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ အထူးစုံစမ်းရေးအဖွဲ့က  ဦးထူးချစ်က ပြောပါတယ်။

“အယူခံဝင်မယ့်ကိစ္စ သွားရှင်းပြတာရယ်၊ သူတို့အခြေအနေရယ်၊ နောက် စိတ်ပိုင်းဆိုင်ရာကို သွားအားပေးတာရယ်၊ ထောင်တွင်းနေရတဲ့ အခြေအနေတွေ သိအောင်ရယ်ပေါ့။ ကိုယ်တောင်မှပဲ သူတို့အတွက် စာတစောင်ထည့်ပေးလိုက်တယ်လေ။ သူအမေတွေအတွက် မပူဖို့ကိစ္စ၊ ကျန်းမာရေးဂရုစိုက်ဖို့၊ ထိုင်းစာသင်ထားဖို့၊ သေဒဏ်ကတော့ တစုံတရာလွတ်မှာပဲ မပူကြဖို့ စာရေးပေးလိုက်တယ်။”

ဒါ့အပြင် လူငယ်နှစ်ဦးရဲ့ မိခင်တွေကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက ဦးဇော်ဇော်က တဦးကို ကျပ်သိန်း ၅၀ စီ လှူ ဒါန်းတဲ့အကြောင်းနဲ့ ဓာတ်ပုံတွေထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကတော့ မုဆိုးမ မိခင်တွေကို ကူညီပေးခဲ့တဲ့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ကျေးဇူးတင်ကြောင်း၊  သူတို့ လွတ်မြောက်ရေးအတွက်  ဆုတောင်းပေးနေကြတဲ့  မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့  ထိုင်းလူမျိုးတွေအားလုံးကို ကျေးဇူးတင်ပါကြောင်းနဲ့  အမှန်တရားအတွက် ဆက်လက်ရင်ဆိုင် သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အနေနဲ့လည်း  နေ့စဉ်ဘုရားရှစ်ခိုး၊ တရားထိုင်နေပြီး၊ ကျန်းမာရေးကောင်းမွန်ကြောင်း ရှေ့နေတွေဆီကနေတဆင့်အကြောင်း ပြန်ခဲ့တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် အယူခံဝင်နိုင်ဖို့ သက်သေတွေအတွက်လည်း ကြိုစားဆက်သွယ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့သက်သေကတော့ တတ်နိုင်သမျှတော့ ဆက်သွယ်နေပါတယ်။ လောလောဆယ်မှာတော့ သက်သေတွေက တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဘက်မှာ ရှိနေတာကိုလည်း ကျနော်တို့ ဆက်သွယ်နေပါတယ်။ အကြမ်းဖျင်း ပြောရင်တော့ ၄၊ ၅ ယောက်တော့ ရနေပါပြီ။ ဒါပေမယ့် ဒီသက်သေတွေဟာ ဘယ်လိုအရည်အချင်း၊ ဘယ်လောက်ရည်အချင်းရှိတယ်ဆိုတာ လူတွေ့စစ်ဆေးနိုင်မှ ရမယ့်အနေအထားပါ။ ဒီသက်သေက တကယ်တမ်း တရားခွင်မှာ ထိရောက်တဲ့သက်သေဖြစ်ရင် ကျနော်တို့ တရားခွင်တင်နိုင်အောင် ကြိုးစားမှာပါ။ ဒါပေမယ့် ဒုတိယအဆင့်ဖြစ်တဲ့အတွက်ကြောင့် အများကြီးကြိုးစားရမှာပါ။”

လူငယ်နှစ်ဦးရဲ့ အယူခံကို တလအတွင်းတင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေဘက်က အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရုံးကလည်း ခွင့်ပြုထားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013