DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို အိမ်ရာမဲ့များ၏ သတင်းစာရှင်းလင်းပွဲ ရဲက ၀င်ရောက်ဖမ်းဆီး
DVB
·
January 6, 2016
ကျိုက်ထို အိမ်ရာမဲ့များ၏ သတင်းစာရှင်းလင်းပွဲ ရဲက ၀င်ရောက်ဖမ်းဆီး
1 / 6
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကျင်းပတဲ့  ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဝါးဒတ်ကွင်းကျေးရွာ သားတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဝရမ်းထုတ်ထားသူတဦးကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဝါးဒတ်ကွင်းမှာ တိုးချဲ့ကွက်သစ်အဖြစ် နေထိုင်ကြတဲ့ ကမ်းပါးပြို အိမ်မဲ့ယာမဲ့တွေကို ဒေသခံအာဏာပိုင်တွေက မတရားနှိမ်နင်းခဲ့တဲ့အပေါ် ဇန်န၀ါရီ ၆ ရက်မနက်က မော်လမြိုင်မှာ လာရောက် သတင်းစာရှင်းလင်းခဲ့တာလို့ ဦးဆောင်သူ ဒေါ်အေးကြိုင်က ပြောပါတယ်။

“သူတို့က ကမ်းပြိုတဲ့အခါကျတော့ နေစရာမရှိဘူးလေ။ နေစရာမရှိတော့ အဲဒီ ၀ါးဒတ်ကွင်းကျေးရွာမှာ နေတာပေါ့။ သူတို့ တရားဝင်စာတင်တာပေါ့။ ပြည်သူအတွက် မြေမဲ့ရာမဲ့ စာတင်တယ်။ စာကျလာတယ်။ အုပ်ချုပ်ရေးက ရောင်းစားပစ်လိုက်တယ်။ နောက်တကြိမ်စာ ထပ်တင်တယ်။ ကျလာတယ်။ အုပ်ချုပ်ရေးက ရောင်းစားပစ်လိုက်တဲ့ အခါကျတော့ သူတို့က နေစရာမရှိတော့ ပေ ၄၀၊ ၆၀ ကို သူတို့ဘာသာသူတို့ အကွက်ရိုက်ပြီးတော့ နေကြတယ်ပေါ့။ နေကြတဲ့အခါမှာ အုပ်ချုပ်ရေးက သူတို့ကို အကြမ်းလာဖက်တယ်၊ ဘူဒိုဇာတွေနဲ့ ထိုးတယ်။ လာရိုက်တယ်နှက်တယ်။  ဆွဲချတယ်။ သေနတ်နဲ့ ငြိမ်းခြောက်မှုအမျိုးမျိုး လုပ်တယ်။ ကားတွေနဲ့ ၀ိုင်းဖမ်းတယ်။”

အဆိုပါမြေနေရာဟာ အရင်က တပ်မ ၂၀၇ ပိုင်နယ်မြေဖြစ်ပြီး စစ်တပ်က စွန့်လွှတ်ထားလို့ လက်ရှိမှာတော့ စစ်တောင်းစက္ကူစက်ရုံပိုင်မြေ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ကမ်းပြိုလို့ နေရစရာမရှိတဲ့ အိမ်ထောင်စု ၄၀၀ လောက်က သွားရောက်နေထိုင်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ရွာသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမောင်ရွှေကို ရဲက ဖမ်းဝရမ်းနဲ့ သွားရောက်ဖမ်းဆီးခဲ့လို့ ရွာသားတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ သွားရောက် ဖမ်းဆီးရာမှာပါဝင်တဲ့ သိမ်ဇရပ် ရဲစခန်းမှူး ရဲအုပ်စိုးကြည်က ပြောပါတယ်။

“ကျိုက်ထိုတရားရုံးက ဦးမောင်ရွှေအပါ ၃ ယောက်ကို ဖမ်းဝရမ်းထုတ်ထားတယ်။ အဲတော့ ကျနော်တို့က ဖမ်းဝရမ်းအတည်လာပြုတာပါ။ မီဒီယာတွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတာ ကျနော်တို့က မသိဘူး။ သူတို့ မော်လမြိုင်ကို ရောက်တယ်ဆိုလို့ ကျနော်တို့က ဖမ်းဝရမ်း အတည်လာပြုတာပါ။ တရားရုံးကို အပ်ပေးမှာပါ။ သူတို့က ၀ါးဒတ်ကွင်းမှာ စစ်တောင်း စက္ကူစက်ရုံပိုင်မြေမှာ ယာတွေကို ၀င်ရောက်ကျူးကျော်လို့ (မယက) ကလည်း စာထုတ်တယ်။ မရဘူး။ အုပ်စုလိုက် ရုန်းရင်ဆန်ခတ်တွေဖြစ်တဲ့အတွက်ကြောင့် ၅၀၅ (ခ)နဲ့ မြို့နယ်ထွေအုပ်က တရားရုံးကို ဦးတိုက်လျှောက်ထားတာပါ။ တရားရုံးကို တိုက်ရိုက်လျှောက်တဲ့အမှုပါ၊ ကျနော်တို့ ဖမ်းဝရမ်း အတည်ပြုပေးတာပါပဲ။ ကျနော်တို့ သွားဖမ်းတာကို အမျိုးသမီးတွေနဲ့ ကာပြီးတော့ လုပ်တော့ မကောင်းဘူးပေါ့လေ။ ”

အဆိုပါဝါးဒတ်ကွင်းဟာ စစ်တောင်းစက္ကူစက်ရုံနယ်မြေဖြစ်ပြီး စက္ကူထုတ်ဖို့ ယူက လစ်ခင်းတွေ စိုက်ပျိုးထားပါတယ်။ ဒါကို ဒေသခံတွေက ယူကလစ်ခင်းတွေကို ခုတ်ပြီး ၀င်ရောက်ကျူးကျော်တာလို့လည်း ရဲအုပ်စိုးကြည်က ပြောပါတယ်။

“တရားဝင်ရပိုင်ခွင့်တွေ ရှိရင်လည်း လျှောက်ပြီးတော့ မြေယာကော်မတီတွေလည်းရှိတာပဲ။ သူတို့ အဲလိုမျိုး လုပ်သင့်တာလေ။ အဲလိုမျိုး မလုပ်ဘဲနဲ့ သူတို့က အိမ်ယာကွက်တွေရိုက်၊ အိမ်တွေဆောက် အဲလိုလုပ်တော့  မြို့ယ်ေထွေအုပ်ကနေပြီးတော့ အမှုဖွင့်တာပါ။”

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ရွာသားတွေဟာ အဆိုပါနေရာမှာ ၀င်ရောက်ပြီး မြေကွက်ရိုက်နေထိုင်ခဲ့ကြတာဖြစ်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ ဒီဇင်ဘာလ လည်ပိုင်းမှာ  ၀င်ရောက်ရှင်းလင်းဖယ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013