DVB Logo
Home
Lead Story
နှစ်သစ်ကူး ထူးတဲ့စကားတွေ
DVB
·
January 6, 2016
နှစ်သစ်ကူး ထူးတဲ့စကားတွေ
Donate to DVB

ဦးသိန်းစိန် နှစ်ကူးစကား ထူးခြား

၂၀၁၅ ခုနှစ်ကတော့ မြန်မာပြည်အတွက် တကယ့်ကို ထူးခြားတဲ့ ပြောဆိုလုပ်ဆောင်ဖြစ်ထွန်းမှု များစွာတည်ရှိခဲ့တဲ့ နှစ်တနှစ်ပါ။ ဒီထဲ နှစ်ကုန်မယ့် ဒီဇင်ဘာ ၃၁ ရက် သန်းခေါင်ယံမှာ မြန်မာ ခေါင်းဆောင်တွေ နှစ်သစ်အတွက် စကားလက်ဆောင်ပြောခဲ့ကြတာလည်း ထူးပါတယ်။ နှစ်သစ်လက်ဆောင်စကား မပြောစဖူးပြောခဲ့ကြတာ ထူးသလို ပြောခဲ့တဲ့နှစ်ကူးစကားတွေ ကလည်း မှတ်မှတ်ထင်ထင်ရှိလှပါတယ်။ တခါ ဒီလို နှစ်ကူးလက်ဆောင်စကားပြောချိန်ဟာ ခေါင်းဆောင်တချို့ တိုင်းပြည်တာဝန်က အနားယူဖို့ သိပ်မလိုတော့တဲ့ အချိန်ဖြစ်နေသလို ခေါင်းဆောင်တချို့ တိုင်းပြည် တာဝန်အကြီးကြီးယူဖို့ သိပ်မလိုတော့တဲ့အချိန်လည်း ဖြစ်နေပါတယ်။ မကြာမီ လူထုအကျိုးပြုမီဒီယာဖြစ်လာတော့မယ့် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ မြန်မာခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးစကား ဘာတွေထူးသလဲ ကြည့်ကြည့်ရင် လက်ရှိ သမ္မတတာဝန်ယူထားတဲ့ ဦးသိန်းစိန် စကားက အမှန်တွေ တော်တော်ပါနေတာမို့ အထူးဆုံးလို့ ဆိုချင်ပါတယ်။

သမ္မတဦးသိန်းစိန်က မြန်မာပြည်ဟာ ၂၀၁၆ တနှစ်ထဲနဲ့ ဆယ်စုတစုစာ ခုန်ကျော် တိုးတက်နိုင်တယ်လို့ ပြောခဲ့တာဖြစ်ပြီး ဒီလိုတိုးတက်ဖို့ တိုင်းသူပြည်သားတွေ အမှတ်တမဲ့မနေဘဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ သူ့သမ္မတသက်တမ်းတလျှောက် ရေဒီယိုကနေ လစဉ်လိုလိုပြောခဲ့တဲ့ မိဘပြည်သူများ အစချီ စကားတွေထဲ အခုနောက်ဆုံး သမ္မတတာဝန်က အနားယူခါနီးပြောခဲ့တဲ့ ၂၀၁၆မှာ မြန်မာပြည်ဟာ ဆယ်စုနှစ်တခုစာ ခုန်ကျော်တိုးတက် တော့မယ်လို့ပြောခဲ့တဲ့ စကားတခွန်းဟာ အမှန်တရားနဲ့ အတော်နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ဒုတိယလှိုင်းကိုကျော်ဖြတ်ပြီလို့ တတိယလှိုင်းထဲရောက်နပြီတို့ ဘာတို့  ပြောခဲ့တဲ့ စိတ်ကူးယဉ်ဆန်တဲ့ လေထဲကစကားတွေ ထက်စာရင် လူထုအမြင်နဲ့ နီးစပ်လာတဲ့ စကားတခွန်းလို့ မှတ်ယူနိုင်တယ်။ တခါ သူ့အစိုးရ ၅ နှစ်လုံးလုံး မလုပ်နိုင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီအစိုးရ လုပ်ပြတော့မယ်လို့ ရိုးရိုးသားသား ၀န်ခံပြောကြားလိုက်ရာလည်း ရောက်တယ်။ ဒီအတွက် သမ္မတတာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ ရိုးတဲ့သူတယောက်ဖြစ်တယ်လို့ သာမန်လူထုတယောက်အနေနဲ့ မြင်တယ်။ တိုင်းပြည်ကို ခေါင်းဆောင်မယ့် ခေါင်းဆောင်တယောက်ဟာ ရိုးတာတခုနဲ့ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူးဆိုတာလည်း တဆက်ထဲ သိလိုက်ရတယ်။

ငြိမ်းချမ်း ညီညွတ် ဖွံ့ဖြိုး သုံးရေးလိုနေ

၂၀၁၆ မှာ တိုင်းပြည်ကို ခေါင်းဆောင်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၆မှာ လူထုက တိုင်းပြည်အတွက် ဘာလက်ဆောင်ပေး မှာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ တိုင်းပြည်တိုးတက်ဖို့ လုပ်တယ်ဆိုတာ တရက်နှစ်ရက် တနှစ်နှစ်နှစ်မပြောနဲ့ ဘယ်တော့မှ ဆုံးခန်းမတိုင်နိုင်ဘူးလို့ လူထုကို သတိပေးပြောတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဒီသုံးရေးလိုတယ်။ ဒီသုံးရေး ဖြည့်ဆည်းပေးဖို့ လူထုမှာ လုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်နိုင်တဲ့စွမ်းရည်လည်း ရှိတယ်။ အလုပ်လုပ်ပြီး တိုင်းပြည်အတွက် လက်ဆောင်ပဏာကောင်းတွေ ယူလာကြပါလို့ တိုက်တွန်းပြောသွားတယ်။ ပြီးခဲ့တဲ့ ခရစ်စမတ်ကာလကလည်း ဒေါ်စုက ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ခရစ္စမတ် လက်ဆောင် ပေးကြသလို ရယူဖို့ထက် အပြန်အလှန်ပေးဆပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့တယ်။ တိုင်းပြည်အတွက် သူပေးဆပ်ခဲ့သလို တိုင်းသူပြည်သားတွေလည်း ပေးဆပ်ကြဖို့ ဆော်သြနေတာ ဖြစ်တယ်။ အရှင်းဆုံးပြောရရင် တိုင်းပြည်အတွက် ပိုပြီး အလုပ်လုပ်ကြဖို့ နှိုးဆော်နေတာဖြစ်ပြီး ဒီလိုအလုပ်လုပ်ကြရင် အချိန်တိုအတွင်း တိုင်းပြည် တိုးတက်နိုင်မယ်လို့ သတိပေးပြောဆိုနေတာပဲ ဖြစ်တယ်။

၂၀၁၆ ထူးခြားတဲ့နှစ်ဟု တပ်ခေါင်းဆောင်ပြော

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၆ဟာ မြန်မာပြည်ဒီမိုကရေစီ ခိုင်မာဖို့နဲ့ တိုင်းပြည်တိုးတက်အောင်အရှိန်မြှင့်လုပ်ဖို့ ထူးခြားတဲ့ နှစ် တနှစ်ဖြစ်တယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ အစိုးရသစ်၊လူထုနဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင်မယ် လို့ နှစ်သစ်စကား ပြောသွားတယ်။ ထုံးစံမပျက် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီဆိုတာလဲ ထည့်ပြောသွားတာ သတိထားမိတယ်။ တပ်မတော်ခေါင်းဆောင်ရဲ့ နှစ်သစ်လက်ဆောင်စကားဟာ စာဆန်ပေမယ့် အရင်အချိန်တွေ ထက်စာရင် လူထုနဲ့ နည်းနည်းနီးစပ်လာတယ်လို့ မြင်တယ်။ ၂၀၁၆မှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အရှိန်မြှင့်လုပ်ရမယ်ဆိုတဲ့စကားဟာ တက်လာမယ့် အန်အယ်လ်ဒီအစိုးရသစ် အပေါ် မျှော်လင့်ချက်တစုံတရာနဲ့ ထုတ်ပြောလိုက်တာပဲလို့ မြင်တယ်။ သမ္မတရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လုပ်နေသူပါ နှစ်ကူးစကားထဲ တို့တာဝန် အရေးသုံးပါး ထည့်မပြောသွားကြတာလည်း တိုးတက်မှုတစုံတရာလို့ မှတ်ယူမိတာပါပဲ။

တိုင်းပြည်ကောင်းအောင် ပြောင်းရမယ့်အချိန်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေရာက ဖြုတ်ချခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ပြန်အရွေး မခံရတဲ့ လက်ရှိလွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ နှစ်သစ်စကားမှာတော့ အခုအချိန်ဟာ ပြည်သူ့ဆန္ဒနဲ့အညီ တိုင်းပြည်ကောင်းအောင် ပြောင်းရမယ့်အချိန်ကောင်းလို့ ပြောသွားပါတယ်။ စေတနာမှန် အလုပ်မှန်နဲ့ တိုင်ပင်ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်ရင် ပိုကောင်းတယ်လို့လည်း သူက ဆိုသွားပါတယ်။ တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ တစုနဲ့တစု မှန်ကန်တဲ့ စေတနာမေတ္တာ သံယောဇဉ်တွေ ထားကြဖို့လည်း ဦးရွှေမန်းက ပြောပါတယ်။ သူဟာ အာဏာထက် သြဇာရှိသူဟာ ပိုပြီး အစွမ်းထက်ပါတယ်လို့ သူ့ကို ပါတီကဖြုတ်ချခံရပြီးနောက် ပြောဖူးသူဖြစ်ပြီး တိုင်းပြည် ခေါင်းဆောင်တော့မယ့်ဒေါ်စုက မဟာမိတ်တယောက်အဖြစ် သတ်မှတ်ထားခြင်း ခံထားရသူ တယောက်လည်း ဖြစ်ပါတယ်။ လူထုအမြင်မှာတော့ အရင် စစ်အစိုးရလက်ထက် စစ်ခေါင်းဆောင်ဟောင်းတယောက်ဖြစ်ပြီး ဒီပုတ်ထဲကဒီပဲ သိပ်မထူးတဲ့ သူတယောက် ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ခဲ့တဲ့ (မကြာမီ လွှတ်တော်ထဲက ထွက်ပေးရတော့မယ့်) အမတ်အတော်များများရဲ့ ဟီးရိုးလည်း ဖြစ်ပါတယ်။

မြန်မာခေါင်းဆောင်တွေ မပြောစဖူးအပြောထူး ပြောသွားခဲ့ကြတဲ့ နှစ်သစ်ကူစကား လက်ဆောင်တွေအရတော့ တိုင်းပြည်အနာဂတ်အတွက် တစုံတရာ စိုးရိမ်စ ရာမတွေ့ရဘဲ ပြည်သူလူထုအနေနဲ့ တိုင်းပြည်အတွက် ပေးဆပ်အလုပ်လုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီမတိုင်မီ အာအက်ဖ်အေရေဒီယိုနဲ့ ဒေါ်စုတို့ အင်တာဗျုးမှာလည်း ဒေါ်စုက အခုလို တိုင်းပြည်ပြောင်းလဲချိန်မှာ အသက်ရှင်သန် နေထိုင်ခွင့်ရပြီး နိုင်ငံ့အကျိုးအတွက် ပါဝင်ထမ်းဆောင် နိုင်တဲ့ အခွင့်အရေးတခု ရရှိနေတာကို မြန်မာပြည်သူပြည်သား အားလုံး ဂုဏ်ယူဝမ်းမြောက်ကြ ပါလို့ ပြောသွားခဲ့တယ်။ လူထုကလည်း ဒေါ်စုနဲ့အတူ ဒေါ်စုစကားနားထောင်ပြီး တိုင်းပြည် ပြန်လည်ထူထောင်နိုင်အောင် ၀ိုင်းလုပ်ကြဖို့အကြောင်း ရှိနေတာမြင်ရတယ်။ မြန်မာပြည်အတွက် အင်မတန်အရေးကြီးတဲ့ ၂၀၁၅ အလှည့်အပြောင်းနှစ်ကို လူထုအားနဲ့ လူထုအလိုကျ ပြောင်းနိုင်ခဲ့ပြီ။ ၂၀၁၆ဟာ မြန်မာပြည်ကောင်းဖို့ အလုပ်ကောင်းနဲ့ အားကုန်တွန်းပြီး အောင်နိုင်မယ်လို့ ယုံကြည်နေမိတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013