DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြန်မာလူငယ်တစ်ဦးအသတ်ခံရ
DVB
·
January 5, 2016
ထိုင်းနိုင်ငံ ချင်းမိုင်တွင် မြန်မာလူငယ်တစ်ဦးအသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ  မြန်မာအမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုစွဲချက်နဲ့ ထိုင်းလူငယ် ၇ ဦးကို ဇန်န၀ါရီလ ၄ ရက်နေ့မှာ ထိုင်းရဲကဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးအနီး မြို့ပတ်အဝေးပြေးလမ်းမပေါ်မှာ  ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီးသေဆုံးနေတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသားတဦးကိုတွေ့ခဲ့ရကြောင်း လူသတ်ရာမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရတဲ့ သစ်သားချောင်းနဲ့ ကွန်ကရစ်ကျောက်ခဲတွေကို ရဲကသက်သေအဖြစ်သိမ်းဆည်းထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

စီစီတီဗွီကင်မရာရုပ်သံမှတ်တမ်းနဲ့ အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိရတဲ့ သက်သေအထောက် အထားတွေအရ လူသတ်မှုမှာ သံသယရှိသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်ဆီးခံထိုင်းလူငယ်တွေကို အသက်သေစေတဲ့အထိတိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်မှုနဲ့ ရဲက စွဲချက်တင်ထားပြီး သူတို့ဟာ ပွဲတော်တခုကအပြန်မှာ သေဆုံးသူနဲ့ သူ့ရဲ့မြန်မာ သူငယ်ချင်းအုပ်စု အဖွဲ့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ၀န်ခံခဲ့တယ်လို့လည်းသတင်းမှာရေးပါတယ်။

သေဆုံးသူရဲ့ အိတ်ကပ်ထဲမှာ စိတ်ကြွဆေးပြား ၁၃၀ လောက်ကို ရဲအရာရှိတွေက ရှာဖွေ တွေ့ရှိခဲ့ပြီး ဒါနဲ့ဆက်နွှယ်တဲ့ မူးယစ်ဆေးမှောင်ခိုအဖွဲ့တွေကို ကျယ်ကျယ်ပြန်ပြန့်စုံစမ်း ဖော်ထုတ်နေတယ်လို့ ချင်းမိုင်းရဲတပ်ဖွဲ့ အကြီးအကဲက သတင်းမှာပြောပါတယ်။

သေဆုံးသွားသူရဲ့သူငယ်ချင်းဖြစ်သူ စိုင်းသားကတော့  သေဆုံးသွားသူဟာ ရှမ်းပြည်နယ် လင်းခေးမြို့နယ်ကနေ အလုပ်လာလုပ်တဲ့ စိုင်းဦးဆိုသူဖြစ်ပြီး  မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်းမရှိတဲ့အကြာင်း  ဇန်န၀ါရီလ ၁ ရက်က ဆောင်းရာသီပွဲတော်ကအပြန် အုပ်စု ဖွဲ့ဆိုင်ကယ်စီး ထိုင်းလူငယ်တစ်စုရဲ့ ရိုက်နှက်ခံရပြီးသေဆုံးသွားခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ ကျနော်တို့ အတူတူလျှောက်လည်တယ်။ ကျနော်က ညဆိုင်း အလုပ်ဝင်စရာရှိလို့ အရင်ပြန်လာတယ်၊ ကျနော်အလုပ်ကို ပြန်ရောက်ပြီး တစ်နာရီ ကျော်ကျော်မှာတော့ သူတို့ထိုင်းလူငယ်တစ်စုနဲ့ ပြဿနာတက်တယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော်သွားကြည့်တော့ နောက်ကျသွားပြီ၊ ကျနော့်သူငယ်ချင်း အသက်မရှိတော့ပါဘူး။”

အတူလိုက်ပါသွားတဲ့ သူငယ်ချင်းတွေပြန်ပြောချက်အရ သူတို့အပေါင်းအသင်းတစ်စု ဆိုင်ကယ် ၆ စီးလောက်နဲ့ ပွဲဈေးကအပြန် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးဘေး မီးပွိုင့်မှာ ထိုင်းလူငယ် တစ်အုပ်က ဆိုင်ကယ် ၁၀စီးနဲ့ ရောက်လာကြောင်း၊ ဘေးချင်းယှဉ်ပြီး မီးစိမ်းစောင့်နေစဉ် စကားများပြီး အပြန်အလှန် စိန်ခေါ်ခဲ့ကြကြောင်း၊ မီးစိမ်းချိန် ဥမှင်လိုဏ်ခေါင်းကိုဖြတ်ပြီး ပြန်အတက် ထိုင်းလူငယ်တွေက နောက်တလမ်းကနေရောက်လာပြီး အရှေ့ကနေ ပိတ်ရပ်ကာ စိုင်းဦးကို အုတ်တိုင် အကျိုးတွေထုခဲ့တာလို့ စိုင်းသားက ပြောပါတယ်။

ထိုင်းလူငယ်တွေဟာ အသက် ၁၆ နှစ် နဲ့ ၂၀ နှစ်ကြားရှိပြီး  သူတို့ညီမဖြစ်သူ အစခံရတဲ့အတွက် ရိုက်နှက်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းရုပ်သံ ချယ်နယ် ၇  တီဗွီသတင်းမှာတော့ စိုင်းဦးတို့ဘက်က လူငယ်တွေကိုလည်း ရဲစခန်းက ဆီးစစ်ရာမှာ မူးယစ်ဆေးဓာတ်ပါသူ လူငယ် ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်လွှင့်သွား ပါတယ်။

စိုင်းဦးသေဆုံးမှုအတွက် နစ်နာကြေးတွေရရှိနိုင်ပေမယ့်လည်း ရှမ်းပြည်နယ်နေ မိဘတွေဟာ ဆင်းရဲချို့တဲ့သူတွေဖြစ်လို့ထိုင်းနိုင်ငံကို လာရောက်နိုင်ခြင်းမရှိသေးတဲ့အကြောင်းနဲ့ လောလော ဆယ်သူ့ရဲ့  အသုဘ စရိတ်ကို သူငယ်ချင်းတွေစုပြီး ၀ိုင်းဝန်းထည့်ဝင်ကူညီကြတယ်လို့ သူငယ်ချင်းဖြစ်သူ စိုင်းသားက ပြောပါတယ်။

သေဆုံးသူ မြန်မာနိုင်ငံသား စိုင်းဦးအတွက် တရားမျှတမှုရရှိစေဖို့ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးကလည်း လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - manager.co.th

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013