DVB Logo
Home
Lead Story
ထပ်တူကျသင့်တဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးအကျင့်နဲ့ နှစ်သစ်ကိုကြိုဆိုပါ
DVB
·
January 5, 2016
ထပ်တူကျသင့်တဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးအကျင့်နဲ့ နှစ်သစ်ကိုကြိုဆိုပါ
Donate to DVB

၂၀၁၅ ခုနှစ်ကတော့ ထင်ရှားတဲ့သမိုင်းမှတ်တိုင်တွေ စိုက်ထူလို့ အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ မျှော်လင့်ခြင်းတွေ၊ အလင်းရောင်တွေသယ်ဆောင်လို့ ၂၀၁၆ ခုနှစ်ဟာလည်း ဆိုက်ရောက်လို့နေပါပြီ။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတိုင်းမှာ လူတဦးချင်းစီကစလို့ အဖွဲ့အစည်း အသင်းအပင်း ကုမ္ပကီတွေကနေ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူအစိုးရအဖွဲ့တွေတိုင်အောင် နှစ်ဟောင်းက လုပ်ရပ်တွေ၊ အကျိုးရလဒ်တွေကို ပြန်လည် သုံးသပ်သင်ခန်းစာယူလို့ နှစ်သစ်အတွက်၊ ရည်မှန်းချက်အသစ်တွေ၊ လျာထားချက်အသစ်တွေ ချမှတ်ကြရပါတယ်။

လောကကြီး အမှားကင်းတဲ့လူဆိုတာ မရှိသလို၊ အမြဲမှန်တဲ့ အဖွဲ့အစည်းဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် တနှစ်ထက်တနှစ် ဘ၀ခရီးတိုးတက်ချင်သူတိုင်း၊ အောင်မြင်တဲ့စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတိုင်းဟာ နှစ်ဟောင်းတုံးက အတွေးမှား၊ အမြင်မှား၊ အသိမှား တွေကြောင့် လုပ်ဆောင်ကျူးလွန်ခဲ့တဲ့ အပြောမှား၊ အရေးမှား၊ အလုပ်မှားစတဲ့ ကံသုံးပါး အမှားတွေကို ဆင်ခြင်ပြုပြင်ကြမြဲပါ။

အဲဒီလို ကိုယ့်အားနည်းချက်နဲ့ အမှားတွေကို ပြင်ဆင်ကြတဲ့အခါ အထူးသတိပြု ဖြည့်ကျင့်ရမယ့် အချက်က အသိနဲ့ အကျင့် တထပ်တည်းကျခြင်းဆိုတဲ့ ဂုဏ်အရည်အသွေးပါ။

တကယ်တော့ ၀ိဇ္ဇာစရဏသမ္ပန္နော လို့ခေါ်တဲ့ အသိနဲ့ အကျင့် တထပ်တည်းကျခြင်း ဂုဏ်တော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော် ဖြစ်ပါတယ်။ သိတာက ၀ိဇ္ဇာ၊ ကျင့်တာက စရဏ ပါ။ သိရုံသာသိပြီး မကျင့်ကြံ ဘူးဆိုရင် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သလို ပညာရှိ (ပဏ္ဍိတ) လို့မခေါ်နိုင်ပါဘူး။ အသိဗဟုသုတများတဲ့ ပုဂ္ဂိုလ်လို့ပဲ ခေါ်နိုင်ပါလိမ့်တယ်။

ထိုနည်းတူစွာဘဲ နိုင်ငံရေးအသိတော့ ရှိပါရဲ့ လက်တွေ့မှာ လိုက်နှာကျင့်သုံးတဲ့ နိုင်ငံရေးအကျင့် မရှိရင် အလကား ဖြစ်တော့တာပါဘဲ။ သာဓကပြရရင် လက်ရှိ အာဏာရပါတီနဲ့ အစိုးရဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရှိရမယ်၊ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းစေရမယ်၊ တရားဥပဒေ စိုးမိုးစေရမယ်၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရမယ်ဆိုတဲ့ နိုင်ငံရေးအသိတွေ ပိုစတာတွေပေါ် မိန့်ခွန်းတွေပေါ်မှာဘဲ ရှိနေပြီး လက်တွေ့ဖြစ်လာအောင် အကောင်အထည်မဖော်တဲ့အပြင် ဆန့်ကျင်ဘက်တွေ လုပ်ဆောင်တဲ့အခါ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု မရဘဲ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့ရတာမဟုတ်လား။ အသိအကျင့်နဲ့ ပတ်သက်လို့ မြန်မာစကားမှာ ဆိုရိုးတခုရှိပါတယ်။ “ပါးစပ်က ဘုရားဘုရား လက်ကကားယား ကားယား”၊ “အပြောတခြား အလုပ်တခြား” စတာတွေဟာ အသိနဲ့ အကျင့်ထပ်တူမကျတဲ့သူတွေကို လူအများရဲ့ ကဲ့ရဲ့တဲ့စကားတွေ မဟုတ်လား။ ပြောတော့ တမျိုး၊ လုပ်တော့ တမျိုး အမြဲလုပ်ကိုင်သူတွေကို ဘယ်သူကမှ လေးစားအားထားလေ့ မရှိပါဘူး။

ဒီနေရာမှာ ကြားဖြတ်လို့ စာရေးသူ တွေ့ကြုံခဲ့ရတဲ့ အသိအကျင့်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်လေး တခုကို မျှဝေချင်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းတုံးက ဇာတိချက်ကြွေ မွေးရပ်မြေကို အလည်ပြန်ဖြစ်တယ်။ အလုပ်ကိစ္စ တခုပြီးလို့ အိမ်အပြန်လမ်းက မန္တလေးမြို့ရဲ့ နာမည်ကျော် မင်းသီဟ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ခဲ့တယ်။ အဲ့ဒီဆိုင်က လမ်းမကြီးဘေး မေးတင်ပြီး တည်ရှိနေတာမို့ အမြဲမပြတ် လူစည်နေလေ့ရှိတဲ့အပြင် ကားဆိုင်ကယ်တွေလည်း ကျပ်ညှပ်နေတတ်တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး လူတချို့ ထိုင်နေတဲ့စားပွဲတခုက ခုံလွတ်တလုံးမှာ ၀င်ထိုင်ရင်း ထုံးစံအတိုင်း ဖန်ပေါ့တခွက်မှာ သောက်ဖြစ်တယ်။ လူသံဆူသံတွေညံနေတဲ့ကြားက ဘေးတခုံကျော်ဝိုင်းမှာ အာဘောင်အာရင်း သန်သန်နဲ့ စကားပြောနေတဲ့လူတယောက်ရဲ့အသံကို အတိုင်းသားကြားနေရတယ်။

အဲဒီပုဂ္ဂိုလ်ပြောနေတဲ့အကြောင်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ နာမည်ကျော် မိန့်ခွန်းအကြောင်းပါ။ လွတ်လပ်ပြီ လွတ်လပ်ပြီဆိုပြီး လမ်းပေါ်ဆေးရိုးတက်လှမ်း တာဟာ လွတ်လပ်တာ မဟုတ်ဘူးဆိုတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို အားရပါးရပြောနေတော့ ဘေးကလူတွေလည်း ၀ိုင်းနားထောင်နေကြတာပေါ့။

သူပြောနေတာတောင် မဆုံးသေးဘူး စားပွဲထိုးလေးတယောက် ကသောကမျှောပြေးချလာပြီး အဲ့ဒီပုဂ္ဂိုလ်ရဲ့ မော်တော်ဆိုင်ကယ်က ဇက်သော့ခတ်ထားပြီး ရွှေ့မရလို့ လမ်းမှာပိတ်နေပြီး ကားတွေ မောင်းမရတော့ကြောင်း လာပြောပါလေရော။ ပိတ်နေတဲ့ကားတွေက စိတ်မရှည်တော့ ကားဟွန်းတွေ တပွမ်ပွမ်တီးလာတော့မှ ဒီလူလည်း သူ့ဆိုင်ကယ်ကို သွားဖယ်ပေးဖို့ ထသွားတော့တယ်။

ဒီတော့မှ ကျန်ရစ်တဲ့ ဘေးစားပွဲဝိုင်းက လူတွေက အပြောနဲ့ အလုပ်မညီညွတ်တဲ့ အဲ့ဒီလူကို သူ့နောက်ကွယ်မှာ ကဲ့ရဲ့စကားဆိုကြတာပေါ့။

စာရေးသူအပါအ၀င် ပုထုဇဉ်လူသားတွေဆိုတာ အမှားမကင်းကြသလို အသိနဲ့အကျင့်လည်း အမြဲ တထပ်တည်းကျလေ့မရှိပါဘူး။ ဒါပေမဲ့လည်း အသိမှန်ဖို့ အချိန်နဲ့အမျှ အမြဲလေ့လာကျိုးကုတ်နေဖို့ လိုသလို အသိအတိုင်းလည်း ကျင့်ကြံအားထုတ်နေဖို့ လိုပါတယ်။ အသိမှန်မှ အလုပ်မှန်နိုင်သလို အသိနဲ့အကျင့် ထပ်တူကျနိုင်မှ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်နိုင်တာပါ။

ဒါကြောင့် ရာစုနှစ်ပေါင်းများစွာ လူကောင်းသူကောင်း အာဇာနည်အပေါင်းရဲ့ အသက်သွေးချွေးတွေ စတေးလို့ တည်ဆောက်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီရေးလမ်းကို ချောမွေ့ပြီး လိုရာခရီးရောက်နိုင်စေဖို့ စာရေးသူအပါအ၀င် လူတဦးချင်းဆီသာမက၊ ပါတီအဖွဲ့အစည်း ပေါင်းစုံတင်မက၊ နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရတိုင်အောင် အတိတ်က မိမိလုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ရင်း အမှားတွေကို ရဲရဲရင့်ရင့် ပြင်ဆင်လို့ တာဝန်ယူသင့်တာတွေကို တာဝန်ယူလို့ တာဝန်ခံသင့်တာ ခံရဲကြဖို့ လိုပါတယ်။

တိုင်းသူပြည်သားအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ခွင့်လွှတ်သင့်တာကိုလည်း ခွင့်လွှတ်နိုင်ဖို့ လိုသလို၊ အတိတ်ကို သင်ခန်းစာယူရမှာမို့ မေ့ဖျောက်ပစ်စရာ မလိုပေမဲ့ အတိတ်ရဲ့ ခါးသီးမှု ဝေဒနာတွေကနေ ရုန်းထွက် လွတ်မြောက်နိုင်မှ ရှေ့ခရီးကို လွတ်လွတ်လပ်လပ် လျှောက်နိုင်မှာမို့… အတိတ်အကျဉ်းထောင်က ထွက်လို့ လာခြင်းကောင်းတဲ့ခုနှစ်၂၀၁၆ နှစ်သစ်ကို … နိုင်ငံရေးအသိနဲ့ နိုင်ငံရေးအကျင့် ထပ်တူကျဖို့ ကြိုးပမ်းကြမယ်ဆိုတဲ့ သံန္နိဋ္ဌာန်ချလို့ လူသစ်စိတ်သစ် အမြင်သစ်အတွေးသစ်တွေနဲ့ ကြိုဆိုကြဖို့မေတ္တာရပ်ခံတိုက်တွန်း ဆန္ဒပြုလိုက်ရ ပါကြောင်း…။

မင်းကောင်းချစ်

ဇန်န၀ါရီ ၃ ရက်နေ့  ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013