DVB Logo
Home
မြန်မာသတင်း
ဟိုင်းပါစစ်ပြေးဒုက္ခသည်များ အိမ်ပြန်ကြရန် အစိုးရစစ်တပ်တိုက်တွန်း
DVB
·
January 5, 2016
ဟိုင်းပါစစ်ပြေးဒုက္ခသည်များ အိမ်ပြန်ကြရန် အစိုးရစစ်တပ်တိုက်တွန်း
Donate to DVB

အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကြား တိုက်ပွဲတွေ  ငြိမ်သက်သွားပြီဖြစ်တဲ့ အတွက် မိုင်းရှူးမြို့နယ် ဟိုင်းပါစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ လာရောက်တိမ်းရှောင်နေတဲ့ ဒေသခံတွေကို အိမ်ပြန်ကြဖို့ အစိုးရတပ်က တိုက်တွန်းလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမင်းထွန်းနဲ့ တာဝန်ရှိသူတွေဟာ ဇန်န၀ါရီ ၂ ရက်က ဟိုင်းပါဒုက္ခသည်စခန်းကို ရောက်ရှိလာပြီး ဒုက္ခသည်အတွက် လာရောက်ကူညီပံ့ပိုးရင်းနဲ့ အခုလိုပြောကြားလိုက်တာလို့ ဟိုင်းပါစစ်ရှောင်ဒုက္ခ သည်စခန်းကော်မတီက  စိုင်းနိလှိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“တိုင်းမှူးက စားနပ်ရိက္ခာတွေ လာလှူပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ ပြောတယ်။ အိမ်ပြန်ရောက်တဲ့အခါလည်း ဆန်တွေထောက်ပံ့ပေးမယ်ပေါ့။ ရွာသားတွေက လက်နက်ကြီးကျလို့ သူတို့အိမ် မီးလောင်သွားတဲ့အကြောင်း၊ တချို့က အိမ်ပျက်စီးတဲ့အကြောင်း ပြောပြတယ်။ အဲဒီအိမ်တွေလည်း ပြန်ပြင်ပေးမယ်လို့ တိုင်းမှူးက ပြောသွားတယ်။”

ဒါပေမယ့် အကြောက်တရားတွေ ရှိနေသေးတဲ့  ရွာသားတွေကတော့ နေရပ်ကို မပြန်ရဲ ကြသေးပါဘူး။

နမ့်ပါမုန်းရွာသူ နန်းလိုင်က “ကျမတို့ အစိုးရတပ်သားတွေကိုလည်း မကြောက်ပါဘူး။ ရှမ်းစစ်သားတွေကိုလည်း မကြောက်ပါဘူး။ ဘယ်ဘက်ဘဲဖြစ်ဖြစ် ရွာထဲဝင်လာရင် ကျမတို့ ဧည့်ခံပါတယ်။  ကြောက်တာက သူတို့သေနတ်ပြောင်းဝက ကျည်ဆံတွေပါ။ သူတို့ချင်းပစ်ကြရင် ကျမတို့ ရွာထဲ ကျည်ဆန်ကျတယ်။ ကျမတို့ကို ထိမှာကြောက်တယ်။ ကလေးတွေလည် ကြောက်တယ်။ ရွာမှာ အိမ်ဆိုင်ဖွင့်ထားပြီး ထွက်ပြေးလာတာ အိမ်ကို တခေါက်ပြန်ကြည့်တော့ ဆိုင်ထဲကပစ္စည်းတွေ အကုန်ပြောင်ပြီး ကြေနေတဲ့ ခေါက်ဆွဲထုတ်တွေ လမ်းမှာ ပြန့်ကြဲနေတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုင်းပါဒုက္ခသည်စခန်းမှာ နမ့်ပါမုံး၊ ကုန်းနိမ်၊ တာ့ဆမ်ပူး စတဲ့ ရွာသားပေါင်း ၁၀၀၀ ကျော် လောက် စစ်ဘေးရှောင်ခိုလှုံနေကြရတာဖြစ်ပါတယ်။

စစ်ရှောင်စခန်းကို လာရောက်ထောက်ပံ့လှူဒါန်းတဲ့ တိုင်းမှူးနဲ့အဖွဲ့ကို ရှမ်းပြည်တပ်မတော်မြော က်ပိုင်းတပ်ဖွဲ့က လုံခြုံရေးယူပြီး ပို့ဆောင်ပေးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း  ပြောခွင့်ရ ဗိုလ်မှူး စိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ယူပီဒပလျူစီနဲ့ ရန်ကုန်မှာသဘောတူဆုံးဖြတ်ချက်အရ အစိုးရတပ်နဲ့ ပေါင်းပြီး စစ်ရှောင်ရွာသားတွေ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့၊ ရွာသားတွေအိမ်ပြန်နိုင်အောင် အကူအညီပေးကြဖို့ ဆိုတာပါပါတယ်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကလည်း သံတမန်နည်းနဲ့အကြောင်းကြားလာတဲ့အတွက် လမ်းမှာမလိုလားအပ်တဲ့ ပစ်ခတ်မှုတွေ မရှိရအောင် လုံခြုံရေးယူပြီး ပို့ပေးခဲ့တာဖြစ်တယ် ၊ အဓိကကတော့ ရွာသားတွေကို ကူညီဖို့ပါဘဲ။”

အစိုးရနဲ့ သဘောတူချက်ထဲမှာ မိုင်းရှူးမိုင်းနောင်ကားလမ်း တောင်ဘက်နဲ့ မြောက်ဘက်မှာ တဘက်စီရောက်နေတဲ့ ၂ ဘက်တပ်တွေ အသီးသီးဆုတ်ခွာကြဖို့ ပါဝင်ကြောင်း၊ သူတို့ဘက်က သုံးပုံ ၂ ပုံ နောက်ဆုတ်ခဲ့ပြီး ကျန်တဲ့တပုံကတော့ အစိုးရတပ်ဘက်က အားလုံးဆုတ်ရင် သူတို့လည်း ဆုတ်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း တိုက်ပွဲတွေကြောင့် မိုင်းရှူး၊ မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်တွေက  ရွာသားပေါင်း ၁ သောင်းကျေ် စစ်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ပြီး တောင်ကြီး၊ လဲချား ၊ လားရှိုး ၊ မိုင်းရှူး ၊ မိုင်းနောင်မြို့ပေါ်ထိ သွားရောက် ခိုလှုံခဲ့ရပါတယ်။

လက်ရှိအခြေအနေမှာ လဲချား၊ တောင်ကြီ နဲ့ လားရှိုးက ဒုက္ခသည်တွေ အိမ်ပြန်ကုန်ကြပြီး ၀မ်ဝ ဒုက္ခသည်စခန်းက ဒုက္ခသည်  ၈၀၀ ကျော်၊ ဟိုင်းပါစခန်းက  ၁၀၀၀ ကျော်နဲ့ မိုင်းရှူးက ၄၀၀ ကျော်ကတော့ အိမ်မပြန်ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013