DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများဆွေးနွေး
DVB
·
January 4, 2016
ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများဆွေးနွေး
Donate to DVB

လာမယ့် ဇန်န၀ါရီ ၁၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး အန်စီအေ လက်မှတ်ရေထိုးတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတို့ ဒီကနေ့ ဇန်န၀ါရီ ၄ ရက်နေ့က ရန်ကုန်မှာ  တွေ့ဆုံဆွေးနွေးပါတယ်။

ဒီတွေ့ဆုံပွဲမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြ တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။

“အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပဖို့အတွက် အစီအစဉ်ရှိတယ်လေ။ မနက်ဖြန်မှာ ကျင်းပရေးကော်မီတီအတွင်းရေးမှူး အဖွဲ့အစည်းအဝေးရှိတာကို အဲဒီ အတွင်းရေးမှူး အစည်းအဝေးမတိုင်မီ ကျနော်တို့  ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ အစီအစဉ်နဲ့ပတ်သက်ပြီး ကျနော်တို့ သဘောထား အမြင်ချင်းဖလှယ်တဲ့ ကိစ္စပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲ အစီအစဉ်အတွက်ကို ဒီနိုင်ငံရေး ဆွေးနွေးပွဲမှာ ဘာတွေ ဘယ်လို အခြေခံမျိုးနဲ့ သွားသင့်လဲ၊ နိုင်ငံရေးဆွေးနွေးပွဲအစီအစဉ်တွေ ဘယ်အပိုင်းမှာချမှတ်သင့် တယ်ဆိုတဲ့ဟာလောက်ပါပဲ။”

ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ အန်အယ်ဒီအကြား နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ တဆက်ထဲမှာပဲ  အစိုးရသစ်သက်တမ်းအတွင်း အကောင်အထည်ဖော်တဲ့အခါမှာ အကန့်အသတ် ဖြစ်စေတဲ့အရာတွေ မဖြစ်ဖို့ နှစ်ဖက်နားလည်မှု ယူထားတာရှိတာကြောင့်ခုလို တွေ့ဆုံဆွေးနွေးရတာလို့လည်း ဦးမျိုးဝင်းက ပြောပါတယ်။

ဒီကနေ့ ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုကော်မီတီဝင် ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန်နဲ့ ဦးနိုင်ငံလင်းတို့ ပါဝင်တက်ရောက်ခဲ့သလို ယူအန်အေက ဦးစိုင်းကျော်ညွန့်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဖက်ကတော့ ပဒိုကွယ်ထူးဝင်း၊ ဦးမျိုးဝင်းနဲ့ ဦးခွန်မြင့်ထွန်းတို့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေကို အစိုးရ အပြောင်းအလဲမှာ ငြိမ်းချမ်းရေး ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့တုန်းက နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နောင်တက်လာမယ့် အစိုးရသစ်ရဲ့ ပထမဆုံးလုပ်သွားမယ့် တာဝန်ဟာ တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်တယ်လို့ ဒီကနေ့ ဇန်န၀ါရီလ ၄ ရက်နေ့  (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပါတီ ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမိန့်ခွန်းမှာ  ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013