DVB Logo
Home
မြန်မာသတင်း
ငွေဆောင်ကမ်းခြေအနီး သဘာဝဓာတ်ငွေ့တွေ့ရှိ
DVB
·
January 4, 2016
ငွေဆောင်ကမ်းခြေအနီး သဘာဝဓာတ်ငွေ့တွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက် ငွေဆောင်ကမ်းခြေအနီး မိုင် ၃၀ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်မှာ ပြည်တွင်း ရေနံကုမ္ပဏီတခုက သဘာဝဓာတ်ငွေ့ တူးဖော်ရှာ ဖွေတွေ့ရှိတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် A-6 မှာ ပြည်တွင်းရေနံကုမ္ပဏီတခုဖြစ်တဲ့ MPRL E & P ကုမ္ပဏီဟာ Woodside Energy (Myanmar) ကုမ္ပဏီနဲ့ Total E&P Myanmar ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး “ရွှေရည်ထွန်း” တွင်းအမှတ် ၁ ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်က စတင်တူးဖော်ခဲ့တာပါ။

ဒီဇင်ဘာ ၂၆ ရက်နေ့က သဲကြောစမ်းသပ်တိုင်းတာဆောင်ရွက်ခဲ့ရာမှာတော့ အနက် မီတာ ၄၀၀၀ ကျော်ရှိ သဲကြောသုံးခုအတွင်း သဘာဝဓာတ်ငွေ့တွေ ခိုအောင်းဖြစ်တည်နေတာကို တိုင်းတာတွေ့ရှိခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့် ဒီနေရာကနေ သဘာဝဓာတ်ငွေ့ပမာဏ အတိုင်းအတာ ဘယ်လောက်ထိ စီးပွားဖြစ် ထုတ်ယူရရှိနိုင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် အကဲဖြတ်တွင်းတွေ ဆက်တူးဖော်တာနဲ့ အသေးစိတ်တိုင်းတာတဲ့လုပ်ငန်းတွေ ဆက်လုပ်ဖို့ရှိပြီး ရရှိတဲ့အချက်အလက်တွေအရ စီးပွားဖြစ် ထုတ်လုပ်နိုင်မှုအခြေအနေကို ဆက်လက်ဖော်ထုတ် အတည်ပြုပေးသွားမယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

MPRL E & P ရေနံကုမ္ပဏီရဲ့ ဇန်န၀ါရီ ၄ ရက် သတင်းထုတ်ပြန်ချက်မှာတော့ ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်မှာ တွင်းအနက် ၁၇၄၀၈ ပေ (၅၃၀၆ မီတာ) အထိ တူးဖော် ခဲ့တဲ့ ရွှေရည်ထွန်းတွင်းအမှတ် ၁ မှာ သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ (၁၂၉ မီတာ)ခန့်ရှိ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတဲ့ သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုရှာဖွေ တွေ့ရှိမှုဟာ မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်းတလျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MPRL E & P ၏ အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့်ကတော့ “အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တခုကို ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့ အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက် Woodside Total E & P တို့နဲ့အတူ ဆက်လက် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီရှာဖွေ တွေ့ရှိ မှုဟာ အဲဒီလုပ်ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး အထူးသဖြင့် မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင်မှု ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်”လို့ နိုင်ငံပိုင် သတင်းစာကို ပြောပါတယ်။

MPRL E & P ဟာ မြန်မာ အမျိုးသားများ ဦးဆောင်တဲ့ ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ် A – 6 ရဲ့ Operator အဖြစ် ၂၀၀၇ ခုနှစ်မှာ အစိုးရနဲ့ လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013