DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံမြေယာများ အစိုးရသစ်လက်ထက်ပြန်ရမည်ဟု ရှမ်းတောင်သူများမျှော်လင့်
DVB
·
January 4, 2016
သိမ်းဆည်းခံမြေယာများ အစိုးရသစ်လက်ထက်ပြန်ရမည်ဟု ရှမ်းတောင်သူများမျှော်လင့်
Donate to DVB

ယခင်စစ်အစိုးရလက်ထက်က သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို လာမယ့် အစိုးရ သစ်လက်ထက်မှာ ပြန်လည်ရရှိမယ်လို့ ရှမ်းပြည်နယ်ထဲက တောင်သူတွေက မျှော်လင့်နေတဲ့ အကြောင်း သတင်းစာရှင်းလင်းပြောပါတယ်။

လယ်ယာမြေဆုံးရှုံးနစ်နာခဲ့တဲ့ တောင်သူတွေနဲ့ မိမိမြေယာပြန်ရရေး ဆောင်ရွက်ရင်း တရားစွဲ ခံထားရတဲ့ တောင်သူတွေဟာ ဇန်န၀ါရီ ၃ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မီဒီယာတွေနဲ့ လာရောက်တွေ့ဆုံပြီး သတင်းစာရှင်းလင်းခဲ့ကြတာပါ။

မိမိပိုင်လယ်မြေမှာ ပြန်လည်ထွန်ယက်စိုက်ပျိုးလို့ ပိုင်နက်ကျူးကျော်မှုနဲ့ရော ဖျက်ဆီးမှုနဲ့ပါ တရားစွဲခံထားရတဲ့ တောင်ကြီးမြို့နယ် ရေပူရွာက ဒေါ်မော်မော်က “ကျူးကျော်မှုနဲ့ ဖျက်ဆီးမှုလို့ သူတို့ကသာ ပြောတာ၊ ကျမတို့စိုက်ထားတဲ့ မြေပေါ်မှာ သူတို့က လာဖျက်ဆီးတာ၊ ကျမတို့က ဖျက်ဆီးခံရတာ၊ ဥပဒေက မစိုးမိုးတော့ ကိုယ်ကပဲ ဖျက်ဆီးတဲ့သူ ဖြစ်သွားရော၊ ကျမတို့စိုက်ထားတဲ့ သီးနှံပေါ်ကို စစ်တပ်က သစ်တွေလာပုံတယ်၊ ကိုယ်က ကိုယ့်သီးနှံ ပျက်စီးမှာကြောက်လို့ အဲဒီသစ်တွေ ပြန်ဖယ်တာ၊ အဲဒါ တရားစွဲခံရပါတယ်”လို့ပြောပါတယ်။

လက်ရှိရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူရွာမှာ တရားစွဲခံနေရတဲ့ တောင်သူပေါင်း ၁၂ ဦးရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မတော် အရာရှိတွေက တရားစွဲထားတာဖြစ်ပါတယ်။

အဆိုပါတောင်သူတွေဟာ တရားရုံးမှာ ၃ ကြိမ် ရင်ဆိုင်ခဲ့ပြီး လာမယ့် အန်အယ်လ်ဒီပါတီ အစိုးရသစ် လက်ထက်မှာတော့ မဲဆွယ်စဉ်က ပြောထားတဲ့အတိုင်း ပြေလည်အောင်ဖြေရှင်းပေး မယ်လို့ မျှော်လင့်ကြောင်း ဒေါ်မော်မော်က ပြောပါတယ်။

အလားတူ တောင်ကြီးမြိုနယ် မဲတောင်းရွာက တောင်သူ ၁၀ ဦးဟာလည်း သူတို့မြေတွေ ကွန်ပြူတာတက္ကသိုလ်တည်ဆောက်တဲ့ ထဲပါသွားပြီး ပိုတဲ့မြေတွေ ပြန်ပေးမယ်လို့ သက်ဆိုင်ရာက ပြောထားပေမယ့် ပြန်မရတဲ့အတွက်အမှုဖြစ်နေပါတယ်။

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စု ပါနွေးရွာက တောင်သူ ၇ ဦးကတော့ ဟိုတယ်ဇုန် လာဆောက်တဲ့ကုမ္ပဏီတွေရဲ့ တရားစွဲဆိုခံနေကြရပါတယ်။

မနေ့ကပြုလုပ်တဲ့ မြေသိမ်းခံတောင်သူများသတင်းစာရှင်းပွဲမှာ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ဟိုပုန်း၊ ဆီဆိုင်၊ ရွာငံ၊ တာချီလိတ်စတဲ့ မြို့နယ်တွေထဲက ကျေးရွာပေါင်း ၃၀ ကျော်က မြေသိမ်းခံတောင်သူတွေနဲ့ လယ်သမားကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀လောက် တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ မြေသိမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကိုရော ကုမ္ပဏီတွေကိုပါ ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်လာခြင်းမရှိပါဘူး။

ရှမ်းပြည်နယ်မှာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း မြေသိမ်းခံရတဲ့ တောင်သူလယ်သမား အမှုပေါင်း၁ ထောင်ကျော်ရှိတယ်လို့ မြေသိမ်းခံတောင်သူတွေ တရားမျှတရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်

“၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်ထိ တောင်သူလယ်သမားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နဲ့ ပြည်နယ်အစိုးရတွေဆီတင်ပြခဲ့တယ်။ ကျနော်တို့ တင်ခဲ့တဲ့ အမှုတွဲပေါင်းက ရှမ်းပြည်နယ်မှာ ၁ ထောင်လောက်ရှိတယ်။ ဒါပေမယ့် အလုံးစုံ ပြန်မရတဲ့အပြင် မဖြစ်စလောက်ဘဲ ဖြေရှင်းပေးခဲ့တယ်။”

ယခင် စစ်အစိုးရအဆက်ဆက်လက်ထက် နိုင်ငံတ၀န်း သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြန်လည်ပေးအပ်ခဲ့တာရှိသလို လယ်ယာမြေတွေပြန်ရရေး ထွန်တုံးတိုက်ပွဲဝင်ခဲ့လို့ ဖမ်ဆီးထောင်ချခံထားရတဲ့ လယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူ တွေလည်းအများအပြားရှိပါတယ်။

နေပြည်တော် အပါအ၀င် နိုင်ငံတ၀န်း သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက မူလပိုင်ရှင်တွေထံ ပြန်လွှဲပေးပြီးတဲ့ မြေဧကပေါင်း နိုဝင်ဘာ ၁၅ ရက်အထိ ၃၅၉၉၀၁ ဧကကျော်ရှိတယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013