DVB Logo
Home
မြန်မာသတင်း
ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတို့ဖြင့် စည်ကားနေသည့် လက်ပံတန်း (ရုပ်သံ)
DVB
·
January 3, 2016
ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတို့ဖြင့် စည်ကားနေသည့် လက်ပံတန်း (ရုပ်သံ)
Donate to DVB

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်ထဲက ကျေးရွာအုပ်စုအတော်များများမှာ အာဝါဒေးပွဲတော် လောင်းကစားဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေတာကြောင့် လူငယ်တွေ အကျင့်စရိတ္တပျက်ပြားလာပြီး ဒုစရိုက်မှုတွေ ပေါများလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ပံတန်းမြို့နယ် အနောက်ခြမ်းက ကျေးရွာအုပ်စုတွေမှာ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း စတဲ့ လောင်းကစားမျိုးစုံကို ကျင်းပနေကြတာလို့ ဒေသခံတဦးဖြစ်တဲ့ ကိုဇေယျာမင်းက ပြောပါတယ်။

“လက်ပံတန်း အနောက်ခြမ်းမှာဆိုရင် ခမုံဆိပ်အုပ်စု ကျီကုန်းကျေးရွာ၊ ညောင်ပင်းဇင်းကျေးရွာ၊ တော်လဿ အုပ်စု  အိုင်စောက်ကျေးရွာ၊ ငါးဘတ်အိုင်ကျေးရွာ၊ စိန်တုံးအုပ်စု အရှေ့စိန်တုံးကျေးရွာမှာ လောင်းကစားဝိုင်းတွေ ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေ လာရောက်လုပ်ကိုင်နေပါတယ်။ ဒါကြောင့်မို့ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး ကျေးရွာတွေမှာ လူငေယ်တွေ အကျင့်စာရိတ္တတွေ ပျက်ပြားနိုင်ပြီး ဒုစရိုက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ လောင်းကစားဝိုင်းတွေကို လုံးဝ လက်မခံနိုင်ပါဘူး။”

လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့အပေါ် သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူတွေကို အကြောင်းကြားပေမယ့် အရေးယူ ဖြေရှင်းပေးတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေ တိုင်ကြားတာရှိကြောင်းနဲ့ ခွင့်ပြုချက်နဲ့လုပ်တာမဟုတ်ဘဲ ခိုးပြီးလုပ်နေကြတာလို့ ပြောပါတယ်။

“ဒေသခံတွေ တိုင်ကြားတာတွေရှိပါတယ်။ ကျနော်တို့ သွားတဲ့အချိန်ကျတော့ မရှိတော့ဘူး၊ ဒါမျိုးလုပ်တယ်ဆိုတာလည်း ခွင့်ပြုချက်ပေးလို့မရဘူး။ ခိုးလုပ်တာနေမှာပေါ့။ သတင်းရတော့ ကျနော်တို့ အဖွဲ့ကို လွှတ်တယ်၊ လွှတ်တဲ့အခါကျတော့ မရှိတော့ဘူး။ သူတို့ကလည်း ကျနော်တို့လာတဲ့ အသံကြားတာနဲ့ ပျောက်သွားကြတယ်၊ တောဓလေ့ပေါ့၊ အပျော်လုပ်တဲ့ သဘောပေါ့” လို့ ပြောပါတယ်။

ဒီလောင်းကစားဝိုင်းတွေကို အမြဲတမ်းလုပ်နေတာတော့ မဟုတ်ကြောင်းနဲ့ ကျေးရွာအုပ်စုတွေကနေပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေ၊ မင်္ဂလာဆောင် စတဲ့ပွဲတွေမှာ ကျင်းပနေကြတာဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကို ခေါ်ယူသတိပေးတာရှိကြောင်း ရဲမှူးက ပြောပါတယ်။

ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတွေမှာ တရက်ကို လောင်းကစားငွေပမာဏဟာ သိန်းရာချီ ရှိတယ်လို့ ခမုံဆိပ်အုပ်စုနေ ဒေသခံတဦးက ပြောပါတယ်။

တောင်သူတွေ သီးနှံပေါ်ချိန်ဖြစ်တဲ့ အခုလိုရာသီမျိုးကို ရောက်တိုင်း နှစ်စဉ်လိုလို လောင်းကစားဝိုင်းတွေ ပြုလုပ်ကြပြီး တာဝန်ရှိသူ တချို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ရိုက်ကူး - ၀ဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013