DVB Logo
Home
မြန်မာသတင်း
ကြီးထွားလာနေသည့် နမ့်စန်မြို့က လောင်းကစားဝိုင်းများ (ရုပ်သံ)
DVB
·
January 2, 2016
ကြီးထွားလာနေသည့် နမ့်စန်မြို့က လောင်းကစားဝိုင်းများ (ရုပ်သံ)
Donate to DVB

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့မှာ ဥပဒေက တားမြစ်ထားတဲ့ လောင်းကစားပွဲကို ပေါ်ပေါ်ထင်ထင် ကျင်းပနေတာကြောင့်  မြို့ခံတွေကြား စိုးရိမ်ပူပန်နေကြပါတယ်။

နမ့်စန်မြို့ အရှေ့ဘက် ၁ မိုင်အကွာ သစ်ကွင်းလို့ခေါ်တဲ့နေရာမှာ  နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၀၁၆ နှစ်ကူးအထိ လောင်းကစားဝိုင်းမျိုးစုံကို ထင်ထင်ပေါ်ပေါ်ကျင်းပနေတာကြောင့် ဒေသခံတွေကြား လူမှုရေးပြဿ   နာ၊ စီးပွားရေးပြဿ   နာတွေ ဖြစ်ပေါ်နေတယ်လို့ နမ့်စန်မြို့နေ ဦးစိုင်းရီတစ်က ဒီဗွီဘီကို ပြောပါတယ်။

“လောင်းကစားပွဲလုပ်တော့ ဆိုင်ကယ်တိုက်မှုတွေ၊ ကားတိုက်မှုတွေလည်းရှိတယ်။  ဆိုင်ကယ်ပေါင်၊ ကားပေါင်ပြီး အလောင်းအစားလုပ်တယ်၊ ပြီးတော့ လင်မယားရန်ဖြစ်တာ၊  လင်မယားကွဲတာတွေရော အများကြီးပဲ၊ ပွဲထဲကို ကျောင်းသားလူငယ်တွေလည်း သွားတယ်၊ စာရိတ္တပျက်စီးတော့ မိဘတွေလည်း စိတ်ညစ်တယ်၊ အနာဂတ်အတွက် မကောင်းဘူးပေါ့ဗျာ။”

လောင်းကစားဝိုင်းမှာ လေးကောင်ဂျင်၊ ၃၆ ကောင်၊ ဂုံညင်း၊ ပိုက်ကျူး စတဲ့ကစား နည်းမျိုးစုံရှိပြီး လောင်းကြေးမှာ တစ်ထောင်နှစ်ထောင်မှ သိန်းဂဏန်းထိ အကြီးအကျယ်ကစားကြတယ်လို့ ဆိုပါတယ်။

တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ၊ ကျိုင်းတုံ စတဲ့ အခြားနယ်ကလူတွေပါ လာရောက်လောင်းကစားကြပြီး စတိတ်ရှိုးပါရှိတဲ့အတွက် လူငယ်တွေလည်း သွားရောက်လည်ပတ် လောင်းကစားကြတာလို့ ပြောပါတယ်။

နမ့်စန်ဒေသခံတဦးဖြစ်တဲ့ ဦးစိုင်းဆုကလည်း အဲဒီပွဲကို နမ့်စန်မြို့အနီးတ၀ိုက် ကျေးရွာက တောင်သူတွေလည်း သွားကြပြီး တချို့ဟာ တနှစ်လုံး စိုက်လာတဲ့ သီးနှံတွေကို လာရောင်းပြီး တရက်တည်း လောင်းကစား လိုက်တယ်လို့ ပြောတယ်။

“စိတ်ညစ်စရာကောင်းပါတယ်ခင်ဗျာ၊ တောင်သူတွေက သူတို့ခြံကထွက်တဲ့ ပြောင်းဖူးတွေ၊ မြေပဲတွေ လာရောင်း၊ ပြီးရင် လောင်းကစားဝိုင်းသွား၊ အကုန်ပြောင်၊ အိမ်ကိုငွေပြန်ပါမသွားတော့ဘူး၊ မိသားစုက ငတ်ရော။”

ဒီလောင်းကစားပွဲတွေကို ဟိုမိန်းဒေသဖွံ့ဖြိုးရေးအဖွဲ့အမည်ရှိ အက်စ်သုံးလုံး ဌာနေပြည်သူ့စစ်က အဓိက  ဦးဆောင်ကျင်းပနေတာဖြစ်ပြီး ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးရုံးစတဲ့ ဌာန ဆိုင်ရာတွေ ဖမ်းဆီးဟန့်တားမှုပြုတာ မတွေ့ဘူးလို့  အခြားဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်ရော၊ အခြားနိုင်ငံရေးပါတီတွေပါ နမ့်စန်မှာရှိနေပေမယ့် ပူးပေါင်းဖြေရှင်းတာတွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အခုလို အာဏာပိုင်တွေတောင်မှ လစ်လျှူရှုထားကြတဲ့အတွက် နောက်နောင်ကစားဝိုင်းတွေ ပိုများလာမယ့်အခြေအနေရှိကြောင်း၊ နမ့်စန်မှာ ဌာနေပြည်သူ့စစ် ၅ ဖွဲ့ (မတ်ကျိုင်း၊ အက်စ်သုံးလုံး၊ နားပွဲ၊ ပီအန်အေ (ပအိုဝ်းတပ်) နားယိုင်း) ရှိပြီး တဖွဲ့က လောင်းကစားဝိုင်းကနေ အခွန်တွေအများကြီးရတဲ့အတွက် တခြားပြည်သူ့စစ်အဖွဲ့ တချို့ကပါ လိုက်လုပ်ချင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း နမ့်စန်ဒေသခံက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013