DVB Logo
Home
မြန်မာသတင်း
မြန်မာ့ထိပ်သီးခေါင်းဆောင် လေးဦး၏ နှစ်ကူးမိန့်ခွန်း ကောက်နုတ်ချက်
DVB
·
January 1, 2016
မြန်မာ့ထိပ်သီးခေါင်းဆောင် လေးဦး၏ နှစ်ကူးမိန့်ခွန်း ကောက်နုတ်ချက်
Donate to DVB

သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ မြန်မာပြည်သူပြည်သားတွေကို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွေကို အသီးသီးပြောကြားခဲ့ကြပါတယ်။ သူတို့အသီးသီးရဲ့ နှုတ်ခွန်းဆက်စကားတွေကို စုစည်းတင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်

“၂၀၁၆ ခုနှစ်ဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရရော အခွင့်အလမ်းကောင်းများကို ဖန်တီးပေးလျှက်ရှိနေတယ်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုအပ်ဘူးလို့ ကျနော်တို့အနေနဲ့ ယုံကြည်မိပါတယ်။ သို့သော်လည်း အခွင့်အလမ်းတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့လည်း လိုအပ်ပါတယ်။”... “နိုင်ငံသားကောင်း စိတ်ဓာတ်ခွန်အားများနဲ့ နိုင်ငံသားတဦးချင်းစီက ကြိုးပမ်း အားစိုက်ကြမယ်ဆိုရင် ၂၀၁၆ ခုနှစ် တနှစ်တည်းနဲ့ ကျနော်တို့ နိုင်ငံဟာ ဆယ်စုနှစ်တစုစာ တိုးတက်မှုများကို ခုန်ကျော်ရရှိနိုင်မှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်

“၂ဝ၁၆ ခုနှစ် နှစ်သစ်ကူးကာလမှာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ ပြည်ထောင်စုအတွက် ဘာများ မင်္ဂလာနှစ်သစ်ကူးလက်ဆောင်တွေ ယူလာခဲ့ကြမလဲဆိုတာ တစ်ယောက်ချင်း စဉ်းစားစေချင်ပါတယ်။ နိုင်ငံမှာ ဘာလိုအပ်သလဲ၊ ငြိမ်းချမ်းရေး လိုအပ်တယ်၊ ညီညွတ်ရေးလိုအပ်တယ်၊ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်တယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ပြည်သူပြည်သား၊ နိုင်ငံသူနိုင်ငံသား တဦးချင်းတဦးချင်းမှာ လုပ်ပိုင်ခွင့်ရှိသလို လုပ်နိုင်တဲ့ စွမ်းရည်တွေ လည်း ရှိတယ်လို့မြင်ပါတယ်။”

သူရဦးရွှေမန်း

“ယနေ့ကာလသည် ပြည်သူများ၏ဆန္ဒနှင့်အညီ အပြောင်းအလဲပြုလုပ်၍ အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့်နိုင်ကြပြီဖြစ်သည်။ ယနေ့ကာလသည် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးလုံးကို လုံခြုံမှုပေးနိုင်ပြီး ငြိမ်းချမ်းသော၊ ခေတ်မီတိုးတက်သော ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းများကို ပိုမိုရရှိလာပြီဖြစ်သည်။ ယနေ့ကာလသည် ရရှိလာသော အခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့် အချိန်လည်းဖြစ်သည်။ ဆက်လက်ပြီး စေတနာမှန် လုပ်နည်းမှန်များဖြင့် အစဉ်အမြဲ တိုင်ပင်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ကြပါလျှင် မြန်မာတို့၏ ဂုဏ်သိက္ခာကို တနေ့တခြား မြှင့်တင်နိုင်မည် ဖြစ်ပါသည်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၁၆ ခုနှစ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမယ့် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ်လာမယ့်အစိုးရ၊ ပြည်သူလူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေး တာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင်သွားမှာပါ။ ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့အတွက် တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူတို့နဲ့ တစိတ်တည်း တ၀မ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ အလေးအနက်ထား ပြောကြားလိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013