DVB Logo
Home
ကျန်းမာရေး
၂၀၁၅ ကျန်းမာရေး
DVB
·
January 1, 2016
၂၀၁၅ ကျန်းမာရေး
Donate to DVB

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို ပြန်လည်သုံးသပ်ကြည့်လျှင် အောင်မြင်မှုများ ရရှိခဲ့သည့် နှစ်တနှစ်ဟု ဆိုနိုင်သလို လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သောနှစ်လည်း ဖြစ်ပါသည်။

သိသာထင်ရှားသည့် အောင်မြင်မှုတခုမှာ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး ရည်မှန်းချက် အောင်မြင်မှုပင် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းအောက် လျှော့ချရန် ရည်မှန်းချက်ကို အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားသူ ၁,၀၀၀ တွင် ၉ ဦး သေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူ ၁,၀၀၀ တွင် ၅ ဦး သေဆုံးခဲ့ကာ ၂၀၁၅ ခုနှစ်တွင် မြို့ပေါ်ဒေသများတွင် ဖြစ်ပွားမှု မရှိသလောက်ပင် ဖြစ်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ယင်းကဲ့သို့ အောင်မြင်မှုများ ရှိသော်လည်း တိုင်းရင်းသားဒေသများတွင် ငှက်ဖျားဖြစ်ပွားမှုများ ရှိနေဆဲပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ခန့်မှန်းချက်များအရ ငှက်ဖျားဖြစ်ပွားသူ ၂ သိန်းကျော်ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ အများဆုံးဖြစ်ခဲ့ပါသည်။

တီဘီရောဂါတိုက်ဖျက်မှု လုပ်ငန်းများတွင် ကြိုးပမ်းမှုများအနေဖြင့် ၂၀၁၆-၂၀၂၀ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်ကို ၂၀၁၅ ခုနှစ် မေလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ရေးဆွဲခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် တီဘီလူနာ ၁ သိန်း ၄ သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ရာ ရှာဖွေမှု ရာခိုင်နှုန်း ၈၀ နီးပါး ရှိခဲ့ပြီး ကုသအောင်မြင်မှု ၈၅ ရာခိုင်နှုန်း ရှိသည်ဟု ထုတ်ပြန်ထားပါသည်။ ၂၀၁၅ ခုနှစ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို မြို့နယ် ၂၃၆ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဆေးယဉ်ပါးတီဘီ ကုသမှု လုပ်ငန်းများတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် လူနာ ၆၀၀ နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် လူနာ ၁,၀၀၀ အတွက် ဆေးဝါးများ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုမှာ ရှာဖွေနိုင်သလောက် တိုး၍ တွေ့ရှိနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လူနာ ၁,၂၀၀ အတွက် အသုံးစရိတ်ကို တိုးမြှင့် တောင်းခံထားသည်ဟု သိရသည်။ ဆေးယဉ်ပါးတီဘီလူနာ ရှာဖွေသည့် Gene X-pert စက် အရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် ၃၉ လုံးအထိ ရှိလာခဲ့ပါသည်။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုအနေဖြင့် သိသိသာသာ ကျဆင်းလာခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် စစ်တမ်းအရ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုအန္တရာယ် ကျရောက်လွယ်သည့် လူအုပ်စုများဖြစ်သည့် လိင်အလုပ်သမားများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူများကြားတွင် ကူးစက်မှုနှုန်းမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကျဆင်းခဲ့ပါသည်။

၂၀၁၅ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်သူဦးရေမှာ ၂ သိန်းကျော်အထိ ရှိနေပြီး လူဦးရေ ၁ သိန်းကျော်ခန့်ကိုသာ အေအာရ်တီဆေး တိုက်ကျွေးနိုင်လျက် ရှိပါသည်။ လာမည့်နှစ်များတွင် အိတ်ခ်ျအိုင်ဗွီပိုးဖြင့် နေထိုင်သူအားလုံးကို တိုက်ကျွေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ၂၀၁၅ ခုနှစ် ကမ္ဘာ့ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲတခုတွင် ပြောကြားသွားခဲ့ပါသည်။

ယင်းကဲ့သို့ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေးတွင် အောင်မြင်မှုများ စိန်ခေါ်မှုများရှိခဲ့သည့် ၂၀၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ အရေအတွက် စံချိန်သစ် တင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ အရေအတွက်သည် ၂၀၁၄ ခုနှစ် ထိုကာလနှင့် နှိုင်းစာလျှင် ၂ ဆအထိ တိုးလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဖြစ်ပွားသူ အရေအတွက် ၈,၅၀၀ နီးပါးရှိပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့ပါသည်။ အဓိက အဖြစ်အများဆုံး ဒေသများမှာ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အဖြစ်များခဲ့ပါသည်။

၂၀၁၅ ခုနှစ်အတွင်း အီဘိုလာရောဂါနှင့် မားစ်ရောဂါ အစရှိသည့် ကူးစက်မြန်ရောဂါများ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာထံကနေ အချိန်နှင့်တပြေးညီ ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိခြင်းနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၏ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် ရောဂါ ကူးစက်ဝင်ရောက်မှုကို ကာကွယ်နိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် နှစ်လယ်ကာလတွင် မြန်မာနိုင်ငံတွင် ကျန်းမာရေးရာ ကဏ္ဍသစ်တခုအဖြစ် လူတိုင်းလက်လှမ်းမီ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို စတင်ရန် ကျန်းမာရေးညီလာခံကို ခေါ်ယူနိုင်ခဲ့ပါသည်။ ၎င်းညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ရရှိရန် ပထမဆုံးခြေလှမ်းအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ ကျန်းမာရေးကဏ္ဍတွင် တိုးတက်အောင်မြင်မှုများ ရှိလာခဲ့သော်လည်း အလှူရှင်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး ထောက်ပံ့ကူညီရာတွင် စိတ်ဝင်စားမှု လျော့နည်းလာခဲ့သည်ကို တွေ့ရပါသည်။ ကျန်းမာရေးကဏ္ဍတွင် အများဆုံး ကူညီထောက်ပံ့လျက်ရှိသည့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ကို သြစတြေးလျနိုင်ငံက ရန်ပုံငွေ ထောက်ပံ့မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၅ သန်းကို လျှော့ချသည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ထို့အတူ ကျန်းမာရေးကဏ္ဍတွင် ကူညီဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ကူညီမှုများ ရပ်တန့်သွားသည့်အတွက် ၎င်းအဖွဲ့အစည်းများအတွက် ၂၀၁၅ ခုနှစ်သည် ရုန်းကန်မှုများသောနှစ်ဟု ဆိုနိုင်ပါသည်။

၂၀၁၅ ခုနှစ် မေလတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေး ဦးစီးဌာနကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနဟူ၍ ဦးစီးဌာနနှစ်ခုကို တိုးမြှင့် ဖွဲ့စည်းခဲ့ပါသည်။ ယင်းကဲ့သို့ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဦးစီးဌာန နှစ်ခုဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ မူဝါဒများကို ပိုမို အကောင်အထည်ဖော်နိုင်ရန်နှင့် မြန်မာပြည်သူလူထုအကြား ဖြစ်ပွားမှုများနေသည့် ရောဂါများကို ထိထိရောက်ရောက် ကုသနိုင်ရန် ရည်ရွယ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါသည်။

ထိုကဲ့သို့ ပြင်ဆင်ပြောင်းလဲလိုက်သည့် ဦးစီးဌာနများတွင် တပ်မတော်သားများကို ပိုမို ခန့်အပ်လာခြင်းကြောင့် ဆရာဝန်များအကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်သားများကို ကျန်းမာရေးဝန်ကြီးဌာနအတွင်းတွင် ခန့်အပ်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးနက် လှုပ်ရှားမှုကို စတင်ခဲ့ကြပါသည်။ ကန့်ကွက်မှုများကြောင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သန်းအောင်က ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်သားများကို ခန့်အပ်ခြင်းများကို ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ကြောင်း မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့ပါသည်။ ထို ဖဲကြိုးနက် လှုပ်ရှားမှုသည် အခြား အစိုးရဌာနများကိုပါ ကူးစက်သည်အထိ အောင်မြင်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် မတ်လတွင် ပိုလီယို အရိုင်းပိုး ကင်းစင်ကြောင်း ကြေညာနိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဧပြီလနှင့် အောက်တိုဘာလများတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကာကွယ်ဆေးမှတဆင့် ကူးစက်သည့် အသွင်ပြောင်း ပိုလီယိုရောဂါ ကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိခဲ့ပါသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် အိမ်တိုင်ရာရောက် ကောက်သင်းကောက် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း ၃ ကြိမ် တိုက်ကျွေးသည့် အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ကလေးငယ်များအတွက် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်အပြင် ပိုလီယိုရောဂါ ထိုးဆေးအသစ်ကိုပါ ထည့်သွင်း ထိုးနှံပေးနိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ဆိုင်ကလုန်းမုန်တိုင်း Komen ကြောင့် မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးကဏ္ဍတွင် လုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ်အတွင်း ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဥပဒေများကို ကြည့်လျှင် ဥပဒေ ၅ ခုကို လွှတ်တော်က အတည်ပြုပေးနိုင်ခဲ့ပါသည်။ ယင်းဥပဒေများမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေ၊ သွေးနှင့် သွေးပစ္စည်းများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ  ကျန်းမာရေး စောင့်ရှောက်မှုဥပဒေ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေနှင့် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေများကို အတည်ပြုပေးခဲ့ပါသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အသုံးစရိတ် ကျပ်သန်းပေါင်း ၂၀ နီးပါး ရရှိခဲ့သည့်အတွက် ယခင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှင့် နှိုင်းစာလျှင် ကျပ်သန်းပေါင်း ၅ သန်းခန့် ပိုမိုတိုးမြှင့် ရရှိခဲ့ပါသည်။ ၂၀၁၁-၁၂ တွင် ဆေးရုံပေါင်း ၉၂၁ ရုံ ရှိခဲ့ရာမှ ၂၀၁၅-၁၆ တွင် ၁၀၈၅ ရုံအထိ တိုးချဲ့နိုင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။  ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ကျန်းမာရေး ဌာနပေါင်း ၁၅၀၀ ကျော်ခန့်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၁၇၀၀ နီးပါးအထိ တိုးချဲ့နိုင်ခဲ့ကာ ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၈၆၀၀ ကျော်အထိ တိုးချဲ့နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကျန်းမာရေးကဏ္ဍ၏ အပြောင်းအလဲများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို စုစည်း တင်ဆက်ပေးခြင်း ဖြစ်ပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013