
နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ချက် တချို့နဲ့ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲ အရေးယူတာ မလုပ်ဖို့ သတ်မှတ်ချက်ကို ကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူများလို့ အတည်ဖြစ်ခဲ့ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာဥပဒေအရသာ ပြစ်မှုထင်ရှား စီရင်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ မည်သူ့ကိုမျှ အကာအကွယ်မပေးပါဘူး။ ဒီထဲမှာ နိုင်ငံတော် သမ္မတ မပါလို့ မပြဋ္ဌာန်းထားပါဘူး” လို့ မြေပုံမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဖေသန်းက ကန့်ကွက်ပါတယ်။
ဒီသတ်မှတ်ချက်ဟာ ပြည်သူတွေရဲ့ တရားစွဲဆိုပိုင်ခွင့်ကို ပိတ်ပင်ရာကျတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီဗွီဘီကို ပြောဖူးပါတယ်။
ဒီဥပဒေကြမ်းကို ကိုယ်စားလှယ် သုံးယောက်က ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပြီး တချို့ကိုတော့ လက်ခံခဲ့ပါတယ်။
ဒီဥပဒေကြမ်းမှာ သမ္မတဟောင်းရဲ့ လုံခြုံရေးကို ပြည်ထဲရေး ၀န်ကြီးဌာနကပဲ တာဝန်ယူပေးဖို့ သတ်မှတ်လိုက်ပါတယ်။
ပြီးတော့ သင့်လျော်တဲ့ လက်နက်ပစ္စည်း တပ်ဆင်ထားတဲ့ ကိုယ်ရံတော်နဲ့ လုံခြုံရေးအဖွဲ့ကို ပြည်တွင်းမှာ သွားလာတိုင်း ခေါ်ဆောင်နိုင်ဖို့နဲ့ ဒီလို လုံခြုံရေး အကာအကွယ်ပေးတာကို သမ္မတသက်တမ်း ကုန်တဲ့နေ့ကစပြီး ခံစားခွင့်ရဖို့ကိုလည်း သတ်မှတ်လိုက်ပါတယ်။
ဒီဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းလာတာဖြစ်ပြီး အမျိုးသားလွှတ်တော်မှာ ဆက်ဆွေးနွေးဖို့ ရှိနေပါတယ်။











