DVB Logo
Home
မြန်မာသတင်း
လုံခြုံငြိမ်းချမ်းသည့် ပြည်ထောင်စုပေါ်ထွန်းရန် အခွင့်အလမ်း ပေါ်လာပြီဟု ဦးရွှေမန်းပြော
DVB
·
December 31, 2015
လုံခြုံငြိမ်းချမ်းသည့် ပြည်ထောင်စုပေါ်ထွန်းရန် အခွင့်အလမ်း ပေါ်လာပြီဟု ဦးရွှေမန်းပြော
Donate to DVB

ယနေ့ကာလဟာ ပြည်သူလူထုရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကို လုံခြုံမှုပေးနိုင်ပြီး ငြိမ်းချမ်း ခေတ်မီတိုးတက်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာပြီး အမိအရ အသုံးပြုရမယ့်အချိန်ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်သူလူထုကို နှစ်သစ်ကူးနှုတ်ခွန်းဆက် ပြောကြားပါတယ်။

သူရဦးရွှေမန်းရဲ့ နှစ်သစ်ကူးအမှာစကားမှာ “ယနေ့ကာလသည် ပြည်သူများ၏ ဆန္ဒနှင့်အညီ အပြောင်းအလဲပြုလုပ်၍ အကောင်း အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့် နိုင်ကြပြီဖြစ်သည်။” လို့ ထည့်သွင်းပြောဆိုချက်လည်း အများပြည်သူလိုလားတောင်းတတဲ့ နိုင်ငံအပြောင်းအလဲကို တကယ်ပဲ ရွေ့တော့မလားဆိုတဲ့မျှော်လင့်ချက်တွေကို ပိုများစေပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်နေတယ်ဆိုတာ အများစိတ်ဝင်စားစရာဖြစ်နေကြပါတယ်။

ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၀ ရက်နေ့က အာရ်အက်ဖ်အေရေဒီယိုနဲ့ ဖြေကြားချက်ဟာ  မြန်မာ့နိုင်ငံရေး အလားအလာကောင်းကို သွားနေတယ်ဆိုတဲ့ ပုံရိပ်ကို ပေါ်လွင်စေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က  ‘နှစ်သစ်ကူးစကား တိုတိုနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုတာဝန်တွေကို ဒီအချိန်မှာ ထမ်းဆောင်ပိုင်ခွင့်ရှိတာကို ဂုဏ်ယူပါ။’၊ `ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက်၊ တိုင်းပြည်အတွက်လုပ်ပေးဖို့ အခွင့်အရေး ရတယ်၊ အခွင့်ကောင်းကြီး ရတယ်ဆိုတာကို ဝမ်းသာကြပါ။’ လို့ ပြောဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းဟာ  နိုင်ငံအကြီးအကဲ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၊ လက်ရှိကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံမှုတွေမှာ အရေးပါသူတဦးဖြစ်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်ခံရသူတဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတ၀န်းမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်စွာကတည်းက တစိုက်မတ်မတ်တောင်းဆိုခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး ခွင့်ပြုရေးကို အဆိုပါခေါင်းဆောင်တွေက ရက်ပိုင်းအတွင်း လိုက်လျောခဲ့ပါတယ်။

လက်ရှိအုပ်ချုပ်ရေးပိုင်းအပေါ် သြဇာသက်ရောက်မှုရှိနေတယ်လို့ အကြီးအကျယ် တွက်ချက် ခန့်မှန်းခံရသူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေက  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်ဆိုတာကို လက်ခံကြရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ကူညီသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲ တွေအပြီး နောက်ဆက်တွဲအဖြစ် အစိုးရအာဏာလွှဲပြောင်းရေးကိစ္စတွေကို အစိုးရနဲ့ အနိုင်ရပါတီ အကြား ကိုယ်စားလှယ်တွေ အသေးစိတ်ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူးစကားတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “ကျနော့်အမြင်ကတော့ ၂၀၁၆ မြန်မာနှစ်သစ်ကူးမတိုင်ခင် ဖွဲ့စည်းမယ့် အစိုးရ အဖွဲ့သစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ သက်သက်မဟုတ်ဘဲနဲ့ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေရော၊ တပ်မတော်က ကိုယ်စားလှယ် တွေရော၊ တိုင်းရင်းသားကိုယ်စားလှယ်တွေရော အားလုံးပါဝင်တဲ့ အမျိုးသားညွန့်ပေါင်း အစိုးရပုံစံမျိုးဖြစ်လာနိုင်တယ်လို့ မြင်တယ်။ အဲဒီအမျိုးသားညွန့်ပေါင်းအစိုးရရဲ့ သမ္မတနေရာကို ဘယ်သူက ရယူမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်လို့ မြင်တယ်။”

“လတ်တလော သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွေအရကြည့်မယ်ဆိုလို့ရှိရင် လာမယ့်အစိုးရသက်တမ်းအတွင်းမှာ သူရဦးရွှေမန်းဟာ အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ နေရာမှာ ပါဝင်လာဖို့ အလားအလာများနေပြီးတော့ လာမယ့် ၂၀၁၆ ကနေ ၂၀၂၀ အထိ ၅ နှစ်တာ အစိုးရသက်တမ်းအတွင်းမှာ သူရဦးရွှေမန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ အဓိက ပူးပေါင်းဆောင်ရွက်တဲ့ပုဂိုလ်ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်ဗျ။” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥကဌ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က  ပြည်သူများသို့ နှစ်သစ်ကူးဆုတောင်း အမှာစကား ထုတ်လွှင့်မယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013