DVB Logo
Home
မြန်မာသတင်း
သာစည်ဘူတာတွင် လူငယ်နှစ်ဦးကို စစ်တပ်တွင်းသွင်း
DVB
·
July 19, 2011
Donate to DVB

စစ်တပ်အတွင်းကို အတင်းအဓမ္မ မသွင်းပါဘူးလို့ အစိုးရက ပြောပေမယ့် သာစည်ဘူတာက စစ်သား စုဆောင်းရေးကတော့ အတင်းသွတ်သွင်းပြီး ဈေးပိုပေးသူထံကို ရောင်းစားလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရန်ကုန် အနောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ဘောလယ်ကျွန်း လသာကျေးရွာသားတွေ ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် မောင်စိုးအောင်နဲ့ ၂၅ နှစ် အရွယ် မောင်ဇော်တင်တို့ဟာ မိတ္ထီလာခရိုင် သဲတောဝမ်းတွင်း ဘိုကုန်းရွာက အမျိုးတွေဆီကို ဒီနှစ် မတ်လ ၁၉ ရက် သွားလည်ကြရင်း သာစည်ဘူတာမှာ တပ်မတော်သားတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လသာကျေးရွာသားတွေဖြစ်တဲ့ ဦးခင်မြိုင် ဒေါ်သန်းကျင်တို့ရဲ့သား မောင်စိုးအောင်ဟာ လူပျိုလူလွတ်ဖြစ်ပြီး ဦးတင်မြိုင် ဒေါ်မိသေးတို့ရဲ့သား  မောင်ဇော်တင်ဟာ ဇနီးသည် ရှိပြီး မိဘတွေနဲ့ အတူ နေပါတယ်။

ဒီလူငယ်နှစ်ဦးဟာ သာစည်မြို့က တပေါင်းဘုရားပွဲမှာ လည်ပတ်ပြီး မတ် ၂၂ ရက်နေ့ မနက်မှာ သဲတော ၀မ်းတွင်းသွားဖို့ သာစည်ဘူတာမှာ ရထားစောင့်နေတုန်း  သာစည်အခြေစိုက် ခမရ ၄၂၀ တပ်မတော်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သူတို့နှစ်ဦးက သဲတော ၀မ်းတွင်းမြို့နယ်က ဘိုကုန်းရွာကဆွေမျိုးတွေဆီကို လာလည်တာပါလို့  ငိုယိုဖြေဆိုသံကိုကြားပြီး စာနာတဲ့ တပ်ကအမျိုးသမီးနှစ်ဦးက သွားအကြောင်းကြားလို့ ဘိုကုန်းရွာက အမျိုးတွေသိတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

“တပေါင်းလပြည့်ကျော် ၂ ရက်နေ့မှာ သူတို့က သဲတောကို သွားဖို့ သာစည်ဘူတာမှာ ရထားစောင့်နေတုန်း တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ က စစ်သားတွေက အတင်းအဓမ္မ ခေါ်ဆောင်သွားပါတယ်။ ငိုသံကြားတာကို သနားလို့ တပ်ထဲက အမျိုးသမီးနှစ်ဦးကနေ  လာပြီး အကြောင်းကြားတာ ဖြစ်ပါတယ်။”

အဲဒီတုန်းက နွေစပါးရာသီဖြစ်လို့ ရန်ကုန်က မိသားစုက လယ်မှာအလုပ်ရှိနေ   တာကြောင့် ပြန်လည် လွတ်မြောက်ရေးအတွက် အိုင်အယ်လ်အိုလို အဖွဲ့ထံ ထိထိရောက်ရောက် တိုင်ကြားနိုင်ခြင်း မရှိပါဘူး။

သူတို့နှစ်ဦးကို ကလေးမြို့နယ်မြေခံစစ်တပ်က လာရောက်ခေါ်ဆောင်မယ်လို့​သတင်းထွက်တဲ့အခါ ခမရ ၄၂၀ က ဆရာကြီးလွမ်းဆွေက ခေါ်ယူဝှက်ထားတယ်လို့ ဆိုပါတယ်။

လူငယ်တွေရဲ့ဆွေမျိုးတွေက ပြန်လွှတ်ပေးရင် ငွေပေးပါမယ်လို့ ခမရ ၄၂၀ သွားပြောပေမယ့် ကြိမ်းမောင်းခံရပြီး သူတို့ထက်ငွေပိုပေးတဲ့ တပ်ထဲကို  လက်လွှဲရောင်းစားလိုက်တယ်ဆိုတာ ကြားရတယ်လို့ သာစည်ဒေသခံက ပြောပါတယ်။

“ဘိုကုန်းမှာရှိတဲ့ ရွာသူရွာသားတွေက ကျနော်တို့အမျိုးတွေ ဒီလိုဖြစ်တယ်ဆိုတော့ အစောပိုင်း မရှိဘူးလို့ ငြင်းပါတယ်။ နောက်ပိုင်းကျတော့ အ၀င်တောင်မခံဘူး။ ခင်များတို့ ဘာလုပ်ချင်လည်း တိုင်ချင်ရာတိုင်လို့ ပြောပါတယ်။ အဲဒါဆို ၂ သိန်းစီ ပေးပါမယ်လို့ ပြောနေပါလျက်၊ မောင်ဇော်တင်နဲ့ မောင်စိုးအောင်ကို ၇ လပိုင်းက ရထားတဲ့သတင်းက နမခ ရွှေဘိုဘက်က တပ်က ၂ သိန်းခွဲစီနဲ့ ဆန် ၂ အိတ်စီ ပေးပြီးတော့ ထည့်ပေးလိုက်တယ်ဆိုတဲ့ အသံ နောက်ဆုံးပိတ် ကြားပြီးတော့ မောင်စိုးအောင်နဲ့ မောင်ဇော်တင်တို့ရဲ့ ကံကြမ္မာကို အားလုံးစိတ်ပူနေကြပါတယ်။”

ဒီသတင်းနဲ့ ပတ်သက်လို့ သာစည်အခြေစိုက် ခမရ ၄၂၀ ရဲ့ တယ်လီဖုန်း ၆၄၆၉၁၈၄ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013