DVB Logo
Home
Lead Story
တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်ဖြစ်မလား
DVB
·
December 31, 2015
တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်ဖြစ်မလား
Donate to DVB

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အောင်မြင်မှုရလိုက်ခြင်းကနေ တရုတ်အနေနဲ့ သံတမန်ချဉ်းကပ်နည်းကို ပြောင်းလဲဖို့ လိုအပ်ပြီလားလို့ တွေးတောစေလာပါတယ်။ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ လာမယ့် မတ်လကုန်မှာ ဖွဲ့လာမယ့် အစိုးရသစ်နဲ့ စာမျက်နှာသစ်ဖွင့်ဖို့ မျှော်လင့်နေပါတယ်။ အန်အယ်လ်ဒီကနေ သူ့ပေါ်လစီကို ရှင်းရှင်းလင်းလင်း မပြောသေးလို့ တရုတ်ပေါ်လစီချမှတ်ရေး အဝန်းအဝိုင်းမှာ မရေရာ မသေချာမှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ပေါ်လစီကို ဘယ်လိုဘယ်ပုံ မွမ်းမံရမလဲဆိုတာကို အပူတပြင်း ဆွေးနွေးနေရတုန်းပါ။

မြန်မာပြည်မှာ အစိုးရပြောင်းလဲတာ မှန်ပေမယ့် တရုတ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ပြောင်းလဲစရာမရှိပါ။ ဒါပေမယ့် မြန်မာနဲ့ဆက်ဆံရေးမှာ စာမျက်နှာသစ်စနိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာသေးခင်ကာလအတွင်းမှာတော့ တရုတ်ရဲ့ ပေါ်လစီပေါ်ကို အန်အယ်လ်ဒီ အစိုးရရဲ့ ပေါ်လစီတွေကနေ သက်ရောက်စေမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးရဲ့ ရှုပ်ထွေးမှု

တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးကို စစ်အစိုးရကနေ အများကြီး ဖိနှိပ်ထားခဲ့တာပါ။ အဲဒါဟာ ၁၉၉ဝ ကျော်ကနေ ၂ဝ၁၁ အတွင်း မြန်မာပြည်က တကယ့်နိုင်ငံရေး အခြေအနေတွေကြောင့် လိုအပ်ချက်နဲ့ အသုံးတည့်ချက်တွေကနေ အဲလိုဖြစ်စေခဲ့တာပါ။ ဒေါ်စု ၁၉၉ဝ မှာ နိုင်လိုက်တုန်းက ဂုဏ်ပြုလွှာပေးကြသူတွေထဲမှာ တရုတ်သံအမတ်က အဦးဆုံးဖြစ်ပါတယ်။ စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့ခြင်းဟာ တရုတ်ကနေ အန်အယ်လ်ဒီအပေါ် အဲလိုအစပျိုးမှုကို မထောက်ထားဘဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပျက်လာတာတွေကနေ နှစ်ဦးသားဆက်ဆံရေးကို သက်ရောက်စေခဲ့တယ်။ တရုတ်က သူ့သံအမတ်ကို ၁၉၉ဝ နှစ်လယ်ကနေ ၁၉၉၁ အထိ ပြန်ခေါ်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အလားတူ မဖြစ်စေရအောင် တရုတ်သံအမတ်နေရာကို စက်တင်ဘာကနေ ဒီဇင်ဘာလအထိ ပလပ်ထားလိုက်ပါတယ်။

မြန်မာပြည်မှာ အနှစ် ၂ဝ ကြာ စစ်အစိုးရ အုပ်ချုပ်နေစဉ်မှာ တရုတ်အစိုးရဟာ ဒေါ်စုနဲ့ ဆက်ဆံရေးကို အနည်းဆုံးမှာသာ ထားခဲ့ပါတယ်။ အန်အယ်လ်ဒီနဲ့ဆိုရင်တော့ စစ်အစိုးရ ငြိုငြင်မှာစိုးလို့ စဉ်းတောင်မစဉ်းစားခဲ့ပါ။ ရလဒ်အနေနဲ့ တရုတ်သံတမန်တွေ၊ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ အကုန်ဟာ အတိုက်အခံ ဒီမိုကရက်တွေနဲ့ အဆက်အသွယ် မရှိခဲ့ပါ။ ဒေါ်စုနဲ့ သူ့ပါတီမှာ မြန်မာ့ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးပေါ်လစီ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း မရှိတာကြောင့်ပါ။ အဲဒီပေါ်လစီမှာ အကုန်အကျလည်း မရှိပါ။ အဲဒါနဲ့ တရုတ်အနေနဲ့ အစိုးရတခုတည်းနဲ့သာ သူ့နိုင်ငံရေးနဲ့ စီးပွားရေးအစီအမံတွေကို လုပ်ခဲ့တယ်။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အဆက်အသွယ် ဖြတ်ထားခဲ့လို့ တရုတ်မှာ အတိတ်တုန်းကတော့ ပြဿနာမရှိခဲ့ပါ။

ဒါပေမယ့် ၂ဝ၁၁ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အခါမှာတော့ ဒေါ်စုက ပြည်တွင်းနိုင်ငံရေးမှာ ပြန်ပြီး ပေါ်ထွက်လာပါတယ်။ အဲဒါကြောင့် သူ့ကိုဖယ်ထားရေး ပေါ်လစီဟာ လက်တွေ့မကျတော့ပါ။ အဲဒါနဲ့ တရုတ်ဟာ နာကျင်မှုနဲ့အတူ အခြေခံကစပြီး ဒေါ်စုနဲ့ ဆက်သွယ်ရေး ထူထောင်လာပါတော့တယ်။ ၂ဝ၁၁ ကတည်းက သံအမတ်ကြီး သုံးဦး (Li Junhua-လီ ပန်ဟွာ၊ Yang Houlan-ယန် စိုလမ်၊ Hong Liang-ဟော်လင်း) တို့က ဒေါ်စုနဲ့ ပုံမှန်တွေ့ကြပါတယ်။ တရုတ်အရာရှိတွေ၊ ဂျာနယ်လစ်တွေ၊ စီးပွားရေးသမားတွေလည်း အန်အယ်လ်ဒီရုံးချုပ်ကို လာကြပါတယ်။ တရုတ်အာဏာပိုင်တွေက သူတို့အစိုးရရဲ့ စွမ်းဆောင်မှုတွေကို ပြချင်တာနဲ့ မိတ်ဖြစ်ဆက်ဆံရေး ထူထောင်လိုကြောင်း သိစေဖို့ရာ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့တွေကိုလည်း ဘေဂျင်းအထိ ဖိတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးပုံမှန်ဖြစ်စေခြင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့ရဲ့ အရေးပါမှုကို သိတာနဲ့အမျှ အပြုသဘောဆောင်တဲ့ ပေါ်လစီတွေနဲ့ သင့်တော်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ရာ တရုတ်ဟာ ဘယ်ရည်မှန်းချက် ထားရမလဲဆိုတာ မရေမရာ ဖြစ်နေပါသေးတယ်။ တဘက်ကကြည့်ရင် ဒေါ်စုကနေ သူ့ကို နေအိမ်အကျယ်ချုပ် ချထားစဉ်က စစ်အစိုးရကိုသာ ထောက်ကူခဲ့တဲ့အတွက် တရုတ်အပေါ် အခဲမကျေမှု ရှိလေမလားလို့ စဉ်းစားရပါတယ်။ နောက်တဘက်ကလည်း ဒေါ်စုဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရထားတဲ့သူ၊ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီးသူဖြစ်နေတယ်။ အဲဒါကြောင့် တရုတ်အနေနဲ့ အနာဂတ်ဆက်ဆံရေးနဲ့ ပေါ်လစီအတွက် မသည်းမကွဲ ဖြစ်နေရပါတယ်။ လူတွေစိုးရိမ်ကြတာက ဒေါ်စုကနေ (သူ့စေ့ဆော်မှုနဲ့ဖြစ်ဖြစ် အရှိန်အဝါအရ ဖြစ်သင့်တယ်လို့ မြင်လို့ဖြစ်ဖြစ်) ကြောင့် တရုတ်ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ကူလေမလား စိုးရိမ်နေကြပါသေးတယ်။ အနည်းဆုံးတော့ သူ့လို နိုဘယ်လ်ဆုရထားတဲ့ (ဒလိုင်းလားမား) နဲ့ (လူရှောင်ဘို) တို့ကို စာနာမှုနဲ့ ထောက်ခံမှု ပေးမှာကိုပါ။ နောက်ဆုံးပေမယ့် အနည်းဆုံး မဟုတ်တာကတော့ ဒေါ်စုကနေ အနောက်နိုင်ငံအလိုကျလုပ်ပြီး တရုတ်ဆန့်ကျင်ရေးများ လုပ်လေမလား။

လွန်ခဲ့တဲ့လေးနှစ်အတွင်း ဒေါ်စုကနေ သူ့အနေနဲ့ တရုတ်ရဲ့ စိုးရိမ်ချက်တွေကို နားလည်ကြောင်း ထိထိရောက်ရောက် ဖော်ထုတ်ပြသခဲ့ပါတယ်။ အခုထိတော့ ဒေါ်စုပြောသမျှနဲ့ လုပ်သမျှဟာ အမှန်တွေချည်းသာ ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဒေါ်စုဟာ ကျက်သရေအပြည့်နဲ့ လေးစားလောက်ပါပေတယ်။ လူအများရှေ့မှာလည်း သူနဲ့ အန်အယ်လ်ဒီကနေ တရုတ်ပြည်ကို မိတ်ဆွေဖြစ်သဘောထားပြီး ဆက်ဆံရေးကောင်းလိုတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။

လက်ပံတောင်း ကြေးနီမိုင်းစီမံချက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သူက ဦးဆောင်ပါတယ်။ ဒေသခံတွေ ကန့်ကွက်တဲ့ကြားကပဲ ပူးတွဲစီမံကိန်းကို ဆက်လုပ်ဖို့ အတည်ပြုပေးခဲ့တယ်။ တရုတ်ဘက်က အထိမခံလိုတဲ့ကိစ္စတွေ ဥပမာ နယ်စပ်တိုက်ပွဲတွေမှာ ဒေါ်စုအနေနဲ့ သူ့အနေအထား (တာဝန်ရှိမှု ဟုတ်ချင်မှ ဟုတ်ပါမယ်) က တရုတ်လက်ခံနိုင်လောက်မယ့် အနိမ့်ဆုံးအဆင့်လောက်မှာ ရပ်တည်ပြခဲ့ပါတယ်။

ဒီအချက်အလက်တွေကို စုပေါင်းလိုက်ပြီး ဒေါ်စု ၂ဝဝ၅ ဇွန်လထဲမှာ တရုတ်ခရီးစဉ် အတွင်းမှာ ဆက်ဆံရေး ပုံမှန်အဆင့်ကို ရောက်စေခဲ့ပါတော့တယ်။ အဲဒါဟာ ပလာကျင်းနေခဲ့တဲ့ တရုတ်ရဲ့ မြန်မာပေါ်လစီကွက်လပ်ကို ဖြည့်လိုက်တာပါ။ နှစ်ဘက်လုံးကနေ ပုဂ္ဂိုလ်ရေးကို ဘေးချိတ်ပြီး အယူအဆရေးရာ မတူညီမှု ရှိနေလျက်နဲ့ ရှေ့ဆက်နိုင်ကြတယ်လို့ နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလို ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်ခြင်းဟာ တရုတ်ရဲ့ မြန်မာပေါ်လစီကို ရင့်သန်စေတာသာမက ဒေါ်စုရဲ့ နိုင်ငံရေးသမားပီသမှုနဲ့ အကောင်းမြင်ဝါဒကို ဖော်ညွှန်းလိုက်တာလည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်လက်ထက် တရုတ်-မြန်မာဆက်ဆံရေး

မငြင်းနိုင်တဲ့ အချက်ကတော့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဦးသိန်းစိန်အစိုးရဟာ ချီးမွမ်းလောက်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံခြားဆက်ဆံရေးတွေမှာ စွမ်းဆောင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ များပြားလှတဲ့ ပြဿနာကြီးကြီးမားမားတွေလည်း ကျန်နေတာပါ။ နှစ်ဘက်လုံးက တရားဝင် ဘယ်လိုပဲ နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်ပါတယ်လို့ပြောပြော တကယ်တော့ တရုတ်-မြန်မာဆက်ဆံရေးမှာ ၂ဝ၁၁ စက်တင်ဘာမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းလိုက်ကတည်းက မူမှန်မဟုတ်တော့ဘဲ ပြဿနာတွေလည်း ရှိလာပါတယ်။ တရုတ်ဘက်က အကြီးအကျယ် မကျေနပ်ပါ။ မမျှတဘူးလို့ ထင်နေတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ဓားစာခံရတာလို့ ခံစားရပါတယ်။ ဒါ့ပြင် တရုတ်ရဲ့မဟာဗျူဟာ အစပျိုးမှုတွေကို အားတက်သရော မရှိတာနဲ့ နယ်စပ် တရုတ်နယ်မြေပေါ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်တာဟာလည်း အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြား ချိန်ခွင်လျှာထိန်းကြောင်းမှုမှာ မြန်မာဘက်က မရေမရာ ရှိတာကလည်း ဘေဂျင်းဘက်ကကြည့်ရင် ပြဿနာတခု ဖြစ်ပါတယ်။ တရုတ်အနေနဲ့ မြန်မာပြည်ဟာ တိကျတဲ့ ကြားနေမှုနဲ့ မျှတတဲ့ သံတမန်ဆက်ဆံရေးကို ယုံကြည်လိုနေချိန်မှာ အမေရိကန်နဲ့ သူ့မဟာမိတ် ဂျပန် မြန်မာပြည်ထဲမှာ ရောက်ရှိလာပြီး လွှမ်းမိုးမှုပါ တွေ့လာရပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အဲလို ဖြစ်လာတာဟာ တရုတ်ကို လုံခြုံမှုနည်းစေပြီး မလုံခြုံမှုကိုပါ ခံစားစေပါတယ်။

အခုလို တွေးယူနိုင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်စရာတွေနဲ့ တရုတ်ရဲ့ မြန်မာပေါ်လစီတွေက ၂ဝ၁၁ ကတည်းက စပါတယ်။ တနှစ်တာ အတည်ပြု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁ဝ-၁၁ မှာ ၈ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာကနေ ၂ဝ၁၃-၁၄ မှာ ၅၆ သန်းသာ ရှိပါတော့တယ်။ မနှစ်ကတော့ ၅၁၆ သန်းအထိ တက်လာပါတယ်။ အတိတ်နဲ့နှိုင်းယှဉ်ရင်တော့ အတော်ကို နည်းပါတယ်။ တရုတ်ဟာ အခုထိ မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပါတယ်။ အရင် ၁ဝ ဘီလီယံ ရှိရာကနေ ၂ဝ၁၃-၁၄ မှာ ၁၅ဝ ရာခိုင်နှုန်း တက်လာပြီး ၂၅ ဘီလီယံ ဖြစ်လာပါတယ်။ ဒါပေမယ့် ၂ဝ၁၃ နှစ်လည်ကစတဲ့ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း တခုတည်းကနေ မြန်မာပြည်ဘက်က ပို့ကုန်အဖြစ် ၄၄၆ ရာခိုင်နှုန်း တက်လာတာပါ။

နိုင်ငံရေးအရ မသေချာမှု ဖိအားရှိနေတဲ့ တရုတ်အဖို့ မြန်မာပြည်ကို မဟာဗျူဟာမြောက် လုပ်နိုင်တာတွေ အမျိုးမျိုးကို လုပ်လာရစေပါတယ်။ အဲဒါထဲမှာ အောက်တိုဘာလတုန်းက တရုတ်ဟာ တပြည်လုံး အပစ်ရပ်စဲရေးစာချုပ်မှာ တချို့အဖွဲ့တွေကို လက်မှတ်မထိုးစေအောင်လုပ်ပြီး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ဝင်ကစားနေတယ်လို့ တရုတ်ကို စွပ်စွဲချက် ရှိလာတယ်။

အန်အယ်လ်ဒီရဲ့အနာဂတ် တရုတ်ပေါ်လစီ

၂ဝ၁၆ ခုနှစ် မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာရင် အန်အယ်လ်ဒီ အနေနဲ့ ဦးသိန်းစိန်အစိုးရက ထားခဲ့တဲ့ တရုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး အမွေခံရပါလိမ့်မယ်။ ဒါပေမယ့် အဲလိုအစိုးရ တက်လာခြင်းကနေ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ခေတ်သစ်တခုကို စတင်နိုင်ဖို့ရာ အခွင့်အလမ်းတွေလည်း ရှိလာပါမယ်။

အရင်စစ်အစိုးရဟာ တရုတ်အပေါ် မှီခိုနေတယ်၊ တရုတ်ကုမ္ပဏီတွေနဲ့ ခရိုနီ ဆက်စပ်နေတယ်လို့ပဲ ဦးသိန်းစိန်အစိုးရကို လူထုက မြင်နေပါတယ်။ အဲဒါနဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပေါက်ပွားလာစေပါတယ်။ နှိုင်းယှဉ်လိုက်ရင် အန်အယ်လ်ဒီအနေနဲ့ ပြည်တွင်းမျက်နှာစာမှာ အင်အားရှိတဲ့ အနေအထားကနေ လုပ်ဆောင်နိုင်နေပါတယ်။ တရုတ်နဲ့လည်း သန့်ရှင်းတဲ့ အနေအထားကနေ စမှာဖြစ်ပါသေးတယ်။ အဲဒါကြောင့် ပေါ်လစီတွေ ချမှတ်ရာမှာလည်း တရုတ်နဲ့ဆိုင်တဲ့ ပရောဂျက်တွေကို အကျိုးရှိမှု ရည်မှန်းချက်နဲ့ အခြေပြုပါလိမ့်မယ်။ အဲလိုနဲ့ တရုတ်ကို လက်တွေ့မှာ ကျိုးကြောင်းဆီလျော်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေသာ ခွင့်ပြုပါမယ်။ အဲဒါတွေဟာ စိတ်လှုပ်ရှားမှုရော သမိုင်းကြောင်း ထောက်ရှုစရာပါ ကင်းမှာပါ။ ဆိုလိုတာက ဒေါ်စုနဲ့ အန်အယ်လ်ဒီကနေ တရုတ်ရဲ့ မေတ္တာရပ်ခံချက်တိုင်းကို (ရက်စ်) ပြောမယ်လို့ မဟုတ်ပါ။ (နိုး) လို့ ပြောလာရင်လည်း အဲဒါဟာ အထူးအကျိုးစီးပွားအတွက်မဟုတ်ဘဲ မြန်မာပြည်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အဆုံးအဖြတ်နဲ့ မျှတမှုကနေ လာတာလို့ နားလည်ရပါမယ်။

ဒေါ်စုရဲ့ တရုတ်နဲ့ပတ်သက်တဲ့ ထုတ်ပြောချက်ဟာ အဲလိုလာလိမ့်မယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ရွေးကောက်ပွဲအပြီး တရုတ် ဆင်ဟွာသတင်းဌာနနဲ့ အင်တာဗျူးတုန်းကလည်း တရုတ်နဲ့ဆက်ဆံရေးကို မိတ်ဆွေဆန်မယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါပေမယ့် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာလူထုက ယုံကြည်ဖို့ လိုအပ်တယ်လို့ပါ ပြောလိုက်တယ်။ ဒေါ်စုက တရုတ်ရဲ့ ပိုးခါးပတ်လမ်းမကြီး စီမံချက်ကို နှစ်ဦးနှစ်ဘက် အကျိုးများစေမှာဖြစ်လို့ဆိုပြီး ထောက်ခံချက် ပေးလိုက်ပါတယ်။ ဒီသတင်းစကားတွေကို တရုတ်ပြည်ကလည်း ကြိုဆိုပါတယ်။ တကယ်တော့ ဒီအဆင့်မှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံကနေ အထူးအခွင့်အရေးကို ဆက်ပြီး မျှော်လင့်လို့ မရတော့ပါ။ သင့်တင့်ပြီး မျှတတဲ့ ဆက်ဆံရေးကိုသာ မျှော်လင့်ရပါတော့မယ်။

တရုတ်ရဲ့ အန်အယ်လ်ဒီ အစိုးရအပေါ် ပေါ်လစီ

တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လွှမ်းမိုးမှုကို ဆက်ပြီး ကျေနပ်နေနိုင်ပါတယ်။ အဲဒါကိုတော့ ပြစ်ပယ်လို့မရပါ။ တကယ်တော့ မြန်မာပြည်တနံတလျားမှာ အဲလို တရုတ်ရှိနေမှုနဲ့ လွှမ်းမိုးမှုကို မြင်သာနေတာပါ။ မြန်မာပြည်မှာ အစိုးရပြောင်းပေမယ့် တရုတ်ရဲ့ မဟာဗျူဟာကျမှုကိုတော့ ပြောင်းစေမှာမဟုတ်ပါ။ တရုတ်အနေနဲ့ ဘင်္ဂလားပင်လယ်အော်ကနေ ဆက်သွယ်ရေးလမ်းနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေမှာ ဖွံ့ဖြိုးရေးအတွက် လုပ်လိုနေပါတယ်။ နယ်စပ်ကိုလည်း တည်ငြိမ်အေးချမ်းစေလိုပါသေးတယ်။ အမေရိကန်ပြည်ထောင်စုနဲ့လည်း ဒီတိုင်းပြည်အပေါ်မှာ ယှဉ်ပြိုင်နေဦးမှာပါ။

ဒီအခြေအနေတွေမှာ တရုတ်အနေနဲ့ မိတ်ဆွေသဘော ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်ကို ဖော်ပြတဲ့အနေနဲ့ အန်အယ်လ်ဒီအစိုးရနဲ့ ဆက်ဆံရေး အစပျိုးမှု လုပ်ပါမယ်။ ရည်မှန်းချက်ပန်းတိုင် ရောက်စေဖို့ရာ အစိုးရသစ်အတွက် ငွေကြေးအရင်းအနှီး၊ အထောက်အကူ၊ ငြိမ်းချမ်းရေးအတွက် အကူအညီကိုတောင်မှ ပေးဖို့ဆိုတာ ဖြစ်နိုင်ချေထက် ပိုပါတယ်။

ဒါပေမယ့် ၆-၁၂ လအတွင်းမှာ တရုတ်ဘက်ကနေ သူ့အတွက် အကဲဆတ်တဲ့ အရေးအရာတွေအတွက် တောင်းဆိုလာနိုင်ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း အဖြေရှာရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် တိကျတဲ့ အဆုံးအဖြတ်နဲ့ ခါးပတ်လမ်းမနဲ့ လမ်းမကြီးတခု စီမံချက်အတွက် တန်းစီရှိနေတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်။ တရုတ်-မြန်မာ အဝေးပြေးလမ်းမကြီးနဲ့ ဧရာဝတီမြစ်သွား ရေလမ်း ပူးတွဲစီမံချက်တွေလည်း ပါဝင်ပါတယ်။ တရုတ်ဘက်ကနေ အနီးကပ် စောင့်ကြည့်နေမှာကတော့ တိုင်းရင်းသားတွေနဲ့ (အထူးသဖြင့် တရုတ်နယ်စပ်က) ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပါဝင်ပါမယ်။ အခုဆိုရင် ဒေါ်စုကနေ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သန္နိဋ္ဌာန်ချလိုက်ပါပြီ။ သုံးသပ်သူအများစုက သူ့ရဲ့ နောက်ခံသမိုင်းနဲ့ ပေါ်ပြူလာဖြစ်မှု အစွမ်းတွေဟာ တိုင်းရင်းသား လူနည်းစုတွေကနေ ယုံကြည်မှုပိုစေမယ်လို့ ယူဆကြပါတယ်။

အဲလိုကနေ ဖြတ်ကျော်လို့ မရခဲ့တာတွေကို ရလာစေနိုင်ပါတယ်။ တရုတ်ကလည်း ကောင်းကောင်း နားလည်ပါတယ်။ ငြိမ်းချမ်းပြီး စုပေါင်းထားတဲ့ မြန်မာနိုင်ငံဟာ တရုတ်နယ်စပ်အကျိုးစီးပွားကို ရစေပါမယ်။ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ကတည်းက တရုတ်ရဲ့ စီးပွားရေးနဲ့ ဗျူဟာမြောက် စီမံချက်တွေကို ချက်ချင်းပိတ်ဆို့စေခဲ့ပါတယ်။ တကယ်လို့ ဒေါ်စုကနေ တိုင်းရင်းသား လူနည်းစုတွေရဲ့သဘောဆန္ဒကို ပုံဖော်နိုင်ပြီး ငြိမ်းချမ်းရေးရလာရင် တရုတ်အနေနဲ့ အဲဒါကို ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ပါ။ တရုတ်ဘက်ကနေ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကမ်းလှမ်းစရာတွေ များပါတယ်။ သူ့ရဲ့ သံလွင်ခက်ကိုလည်း သတ်မှတ်ချက်တွေနဲ့ လာပါလိမ့်မယ်။

တိကျတဲ့ သဘောတူညီမှုတွေကတော့ ညှိနှိုင်းယူရမှာပါ။ တရုတ်ဘက်ကနေ အထက်ကရေးတဲ့ စီးပွားရေး စီမံကိန်းတွေ အတွက်တော့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ပူးပေါင်းဆာင်ရွက်မှုကို တောင်းဆိုပါလိမ့်မယ်။ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို လေးစားဖို့ကိုလည်း တောင်းဆိုနိုင်ပါတယ်။ ချိန်ခွင်လျှာညီမျှတဲ့ သံတမန်ဆက်ဆံရေးဆိုတာ အပြောလွယ်သလောက် အလုပ်ရခက်ပါတယ်။ ဒေါ်စုမှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အမြဲချောမွေ့မှုရှိတာ မှန်ပေမယ့် ရှင်းလင်းတဲ့ အလယ်လမ်းကနေ သွေဖည်လာရင်တော့ ဘေဂျင်းကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်ပါလိမ့်မယ်။ တကယ်တော့ မသချောမှု ဖြစ်နေတာနဲ့ ဒေါ်စုရဲ့ ဒီမိုကရေစီရေး တာဝန်ရှိမှုအပေါ် သံသယရှိမှုနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေကြောင့် အဲလိုအခြေအနေမျိုးမှာ တရုတ်ဘက်က တုံ့ပြန်မှုဟာ ဦးသိန်းစိန်အစိုးရတုန်းကထက် ပြင်းထန်စရာ ရှိပါတယ်။ အနာဂတ် အန်အယ်လ်ဒီ အစိုးရကလည်း အဲဒီအချက်ကို သတိရှိဖို့ လိုပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ တရုတ်ကနေ ပြည်ခိုင်ဖြိုး၊ စစ်တပ်နဲ့ ခရိုနီတွေ အပါအဝင် တခြား နိုင်ငံရေး အင်အားစုတွေနဲ့ ဆက်ဆံရေးကို ပြစ်ပယ်လိုက်တော့မယ်လို့တော့ မမျှော်မှန်းသင့်ပါ။ ခြုံလိုက်ရင် တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေးကို ဘယ်သူမှ ပြည့်ဝသေချာ မပြောနိုင်ကြပါ။ အဲဒါကြောင့် တရုတ်အနေနဲ့ နိုင်ငံရေးအင်အားစုအားလုံးကို ဆက်ဆံရေး ဆက်လက်ထားရှိပါလိမ့်မယ်။ တဘက်တည်းကိုသာ ရွေးခဲ့လိုက်တဲ့ အမှားသင်ခန်းစာမျိုးကို ဘေဂျင်းကရထားလို့ နောက်ထပ်အမှားလုပ်မှာ မဟုတ်ပါ။

နိဂုံး

နှစ်ပေါင်း ၂ဝ ကြာ ချိန်ခွင်လျှာမညီတဲ့ စစ်အစိုးရနဲ့ ဆက်ဆံရေးနဲ့ ဦးသိန်းစိန်အစိုးရအောက်မှာ ငါးနှစ်ကြာ တက်လိုက်ကျလိုက် ဖြစ်မှုတွေကနေ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ သမိုင်းတွင်မယ့် အခိုက်အတန့်မှာ ရပ်နေကြပါပြီ။ သူတို့ရဲ့ ဆက်ဆံရေးကို မှန်ကန်တဲ့ပုံမှန်ဖြစ်မှု စစ်မှန်တဲ့ အခွင့်အလမ်းလည်း ရှိနေပါတယ်။ နှစ်ဘက်လုံးမှာ နိုင်ငံရေး ဉာဏ်ပညာကြီးမှု၊ သတ္တိရှိမှုနဲ့ ခေါင်းဆောင်မှုတွေ လိုအပ်ပါတယ်။ ဘယ်ဘက်ကမှ သူလိုချင်တာမှန်သမျှ အကုန်ရစရာ အကြောင်းမရှိပါ။ ဒါပေမယ့် ဆွေးနွေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုးအမြတ်ရစေမှာ အမှန်ဖြစ်ပါတယ်။ တရုတ်ဘက်ကနေ အန်အယ်လ်ဒီအစိုးရဟာ ပြည်သူလူထု သဘောဆန္ဒတွေကို ပိုပြီး တာဝန်ယူမယ်ဆိုတာနဲ့ မြန်မာ့နိုင်ငံရေး အရှိတရားတွေကို နားလည်ထားရမယ်။ အန်အယ်လ်ဒီအစိုးရကလည်း ပေါ်ပြူလာထောက်ခံမှုကို အကောင်းဆုံးအင်အားအဖြစ် အသုံးပြုသင့်ပါတယ်။ အဲဒါမှသာ တရုတ်ရဲ့တွန်းအားနဲ့ စီးပွားရေး ဆွဲဆောင်အားတွေလည်း နောက်ဆုံးမှာ အနိုင်ရနိုင်မှာ ဖြစ်ပါတယ်။

ဆောင်းပါးရေးသူ ယွန်ဆန်း (Yun Sun) ဟာ Henry L. Stimson Center က အကြီးတန်းသုတေသီနဲ့ Brookings Institution က (ဖဲလိုး) တဦးဖြစ်ပါတယ်။ နာမည်ကြီး The Diplomat မဂ္ဂဇင်းမှာ ၉-၁၂-၂ဝ၁၅ နေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ (ဘာသာပြန်)

၉-၁၂-၂ဝ၁၅

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013