DVB Logo
Home
မြန်မာသတင်း
ပြန်လွတ်မည်ဟု သေဒဏ်ကျမြန်မာ ၂ ဦး ယုံကြည်နေကြ
DVB
·
December 28, 2015
ပြန်လွတ်မည်ဟု သေဒဏ်ကျမြန်မာ ၂ ဦး ယုံကြည်နေကြ
1 / 3
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်စီရင်ခံရသူ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ခ) ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက သူတို့ဟာ အပြစ်ကင်းစင်ကြောင်းနဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်လိုကြောင်း ထောင်ဝင်စာတွေ့သူတွေကတဆင့် မှာကြားပါတယ်။

သေဒဏ်စီရင်ချက်ချမှတ်ခံရပြီးနောက် ပထမဆုံးအကြိမ် သူတို့ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက နခွန်းဆီထမရတ်အကျဉ်းထောင်မှာ ပထမဆုံးအကြိမ် ထောင်ဝင်စာ သွားတွေ့ခဲ့ကြစဉ် မှာကြားလိုက်တာလို့ ဒီအမှုလိုက်ပါဆောင်ရွက်တဲ့ Andy Hall က ဖေ့စ်ဘုတ်မှာ ရေးပါတယ်။

“ကျနော်တို့ကို ထောက်ပံ့ကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အပြစ်ကင်းစင်သူတွေဖြစ်ပြီး ဒီလောက်ကြမ်းကြုတ်ရက်စက်တဲ့ရာဇ၀တ်မှုမှာ ပါဝင်ပတ်သက်မှု မရှိပါဘူး။ ကျနော်တို့ မသတ်ပါဘူး. ကျနော်တို့လွတ်မြောက်ချင်ပါတယ်” လို့ ၀င်းနဲ့ ဇော်က သတင်းစကားပါးခဲ့တယ်လို့ ရေးသားထားပါတယ်။

[caption id="attachment_128815" align="alignright" width="323"]ထိုင်းရှေ့များ ထောင်ဝင်စာ သွားတွေ့စဉ် (ဓာတ်ပုံ - MW RN) ထိုင်းရှေ့များ ထောင်ဝင်စာ သွားတွေ့စဉ် (ဓာတ်ပုံ - MW RN)[/caption]

အယူခံတက်တဲ့အခါ အမှန်တရားပေါ်ပေါက်လာမှာဖြစ်ပြီး အယူခံဝင်မှုလုပ်ငန်းစဉ်အပြီး နောက်ဆုံးမှာ လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားချက်ကို ကိုးကား ရေးသားထားပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပြီးနောက် မြန်မာလူငယ်နှစ်ဦးကို ကော့စမွီ အကျဉ်းထောင်ကနေ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြီးဆုံးထောင်ဖြစ်တဲ့ နခွန်းဆီထမရတ် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီကနေ့မွန်းတည့်ပိုင်းမှာ လူငယ် ၂ ဦးကို ထိုင်းရှေ့နေများကောင်စီက အမျိုးသမီး ရှေ့နေ ၃ ဦးနဲ့ ဘာသာပြန်အဖြစ် မဇာတို့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်က (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက  “ညီငယ် ၂ ဦးကို နေ့ခင်းပိုင်းမှာ သီးသန့် ၂ ဦးတည်း ခွဲထားပြီး ညအိပ်ချိန်မှာ အဆောင်ထဲ အခြား အကျဉ်းသား ၆၁ ဦးနဲ့ တူတူအိပ်ရကြောင်း သိရပါတယ်။ သူတို့ကို ၂၄ နာရီ ခြေကျင်းနဲ့ ၄ လအထိထားမယ်လို့ သိရပါတယ်။ ထောင်ပြောင်းချိန်က ကြိုတင်အသိမပေးခဲ့သလို၊ ထောင်တွင်း ကောလာဟလများအရ ဒီထောင်ဟာ ဆိုးတယ်လို့ ကြားထားတော့ ညီငယ် ၂ ဦးဟာ အစောပိုင်းမှာ စိုးရိမ်စိတ်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့သော် ဒီထောင်ကိုရောက်လာတဲ့အခါမှာ ထောင်ဝန်ထမ်းနဲ့တကွ အခြားအကျဉ်းသားများက ကောင်းမွန်စွာဆက်ဆံပြီး အားပေးစကားတွေ ပြောကြတာကြောင့် စိုးရိမ်စိတ်တွေ လျော့သွားပြီလို့ဆိုပါတယ်။ ရှေ့နေတွေက ထောင်ဝင်စာ လာပေးတဲ့အတွက်လည်း ၀မ်းသာနေကြပါတယ်။”

“ကူညီပေးခဲ့ကြသော အဖွဲ့တိုင်း၊ လူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောကြားပါတယ်။ ရှေ့နေတွေက မှန်ကာသီးသန့်အခန်းမှာ တွေ့ခွင့်ရပြီး ဖုန်းနဲ့ စကားပြောလို့ရပါတယ်။ အခြား သူများဆိုရင်တော့ ဗီဒီယိုကွန်ဖရင့်နဲ့ တီဗီဖန်သားပြင်ကပဲ တွေ့ခွင့်ရမယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးစလုံး စိတ်ပိုင်း၊ရုပ်ပိုင် ကျန်းမာကြံ့ခိုင်မှုရှိပြီး၊ မိမိတို့ ဤအမှုကို မကျူးလွန်ခဲ့ကြောင်း၊ အမှန်တရားဟာ တနေ့မှာပေါ်လာမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အဆင့်ဆင့်ရင်ဆိုင်သွား မှာဖြစ်ကြောင်း အများပြည်သူကိုလည်း ပြောပေးပါလို့ အမှာစကားပါးလိုက်ပါတယ်။ သူတို့ဟာ နေ့စဉ်တရားထိုင်ခြင်းနဲ့ ဘုရားရှင်ကိုရည်မှန်းပြီး ဆုတောင်းမေတ္တာပို့လျက်ရှိကြောင်းလည်း ပြောပါတယ်။

ညီငယ်၂ဦးဟာ အဆောင် ၆/၂ မှာနေရပါတယ်။ သူတို့ကို ဆွေမျိုးများအနေနဲ့ အင်္ဂါနဲ့ ကြာသပတေး ၂ ရက် ထောင်ဝင်စာ တွေ့လို့ရပါမယ်။ ရှေ့နေအနေနဲ့ကတော့ နေ့စဉ်တွေ့လို့ ရနိုင်ကြောင်း သိရပါတယ်”လို့ ရေးသားထားပါတယ်။

ထောင်တွင်းမှာ ကြည့်ရှုခွင့်ပြုထားတဲ့ တီဗွီကနေ သူတို့ရဲ့သတင်းတွေကို ကြည့်နေရတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ မိခင်၂ဦးလည်း ထောင်ဝင်စာတွေ့ဖို့ရောက်နေပြီး မွန်းလွဲပိုင်းမှာ တွေ့ခွင့်ရပါတယ်။

ကာယကံရှင်လူငယ်နှစ်ဦးရဲ့ မိခင်တွေနဲ့အတူ ထောင်ဝင်စာတွေ့နေတဲ့ အမျိုးသမီးတဦးကို နေ့ခင်း ၂ နာရီခန့်မှာ မေးမြန်းရာမှာ “ဒီမှာ ထူးတာတော့ မထူးပါဘူး။ သူတို့မလုပ်ဘူး  (လူသတ်မုဒိမ်းမကျင့်ဘူး) ဆိုတာ ထောင်ထဲမှာလည်း အေးဆေးပါပဲ လူတိုင်းကလည်း သိထားတယ်လေ သူတို့မလုပ်ဘူးဆိုတာ။ ထောင်ထဲမှာ နေရတာကတော့ အေးအေးဆေးဆေးပဲ။ ထောင်မှာ ကတော့ မိဘဆွေမျိုးမောင်နှမတွေနဲ့ ရှေ့နေတွေလောက်ပဲ တွေ့ခွင့်ရှိတယ်လေ။ ကျနော်နဲ့အတူ သူတို့အမေ ၂ ယောက်လုံးပါတယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013