DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှု စွပ်စွဲခံမြန်မာ ၄ ဦး ရဲညှဉ်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံခဲ့ရဟု ဆို
DVB
·
December 28, 2015
ရနောင်းလူသတ်မှု စွပ်စွဲခံမြန်မာ ၄ ဦး ရဲညှဉ်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံခဲ့ရဟု ဆို
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံ ရနောင်းမြို့က ဆယ်ကျော်သက် ကျောင်းသူတဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးဟာ ရနောင်းရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံထွက်ဆိုခဲ့ရတာဖြစ်တယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ရနောင်းမြို့ ဘန်လင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် နန်းဆောင် အောလ၀ီဖမ်ဖောဝ်းထောင်းခေါ် အက်ပ်ပဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က တကိုယ်တည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက် ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ ဒဏ်ရာ ၁၇ ခုနဲ့ သေဆုံးသွားခဲ့တာပါ။

မိုးဇင်အောင် အသက် ၁၉ နှစ်၊ ဇော်လေး အသက် ၂၅ နှစ်၊ မောင်စိန် အသက် ၂၀ နှစ်၊ ကျော်စိုးဝင်း အသက် ၁၈ နှစ်တို့ ၄ ဦးဟာ သေဆုံးသူကို ဓားနဲ့ထိုးနှက်ပြီး သတ်ခဲ့တဲ့အမှုမှာ တစိတ်တပိုင်း ပါဝင်ခဲ့တယ်လို့ ရဲအရာရှိတွေကို ၀န်ခံခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ရနောင်းထောင်မှာ ဘန်ကောက်ပို့စ် သတင်းစာနဲ့ တွေ့ဆုံချိန်မှာတော့ သူတို့ဟာ အောလ၀ီကို မသတ်ခဲ့ဘူးလို့ ပြောလိုက်တာပါ။

ကျော်စိုးဝင်းက “ရဲတွေက ကျနော်တို့ကို ဒီလူသတ်မှုမှာ ပါတယ်လို့ စွပ်စွဲခဲ့တာပါ။ ကျနော်တို့ လည်ပင်းညှစ်ပြီး ဓားနဲ့ ထောက်ခံခဲ့ရပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံ မြန်မာ ၄ ဦးရဲ့ ဆွေမျိုးတွေနဲ့ ရှေ့နေတွေက သူတို့ ၄ ဦးကို ဖမ်းဆီးခဲ့တဲ့ အောက်တိုဘာ ၂၀ ကနေ ၂၄ ရက်အတွင်းမှာ မျက်နှာကို အ၀တ်နဲ့ စည်းပြီး သေနတ်ပြ ခြိမ်းခြောက်တာတွေ၊ ပလတ်စတစ်အိတ်စွပ်ပြီး မွန်းအောင်လုပ်ကာ လိင်အင်္ဂါကို ထိုးနှက်ကန်ကျောက်တာတွေ လုပ်ပြီး နှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲတွေဟာ အခင်းဖြစ်တဲ့နေ့က ကျူးလွန်ခဲ့တဲ့နေရာနဲ့ အချိန်ကို အမိန့်ပေးစေခိုင်းပြီး လက်မှတ်ရေးထိုးစေခဲ့ကာ သတင်းထုတ်ပြန်ချက်ကို သဘောတူ လက်မှတ်ထိုးဖို့ နာမည်နဲ့တကွ ဖိအားပေး စေခိုင်းခဲ့တာ ဖြစ်တယ်လို့ ကျော်စိုးဝင်းက ပြောပါတယ်။

ဒီအမှုမှာ ပါဝင်စုံစမ်းတဲ့ ရှေ့နေ ကူနန်ယာဆောင်ဆမူက “ဒီလူ ၄ ယောက်ဟာ အပြစ်ကင်းတယ်ဆိုတာပြဖို့ ကျမတို့မှာ လိုအပ်တဲ့သက်သေတွေ ရှိရမယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

ခုလို ရဲက အချိန်တိုအတွင်းမှာ ဖမ်းဆီးနှိပ်စက်တယ်ဆိုတာဟာ သံသယရှိသူ တရားခံတွေဘက်က ချေပမှုမှာ ပြန်အသုံးပြုနိုင်လိမ့်မှာဖြစ်ပြီး တရားရုံးက လက်ခံနိုင်ဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဖမ်းဆီးခံ မြန်မာ ၄ ဦးဘက်မှ ရှေ့နေအဖွဲ့က သူတို့ ၄ ဦးထဲမှာ မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ဟာ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နဲ့ ၁၄ နှစ် အရွယ်သာ ရှိကြသေးတာမို့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ လုပ်စေလိုကြောင်း ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ရဲအရာရှိ ၀ပ်ထိပွန်ဒင်ဒေါင်ကတော့ အမှုအကြောင်း အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး ရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း ပြောဖို့ ငြင်းပယ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013