DVB Logo
Home
မြန်မာသတင်း
ဆိုက်ကားဆရာများ တောင်းဆိုချက် ဒေါ်စု လုပ်ပေးမည်ဟုဆို
DVB
·
December 26, 2015
ဆိုက်ကားဆရာများ တောင်းဆိုချက် ဒေါ်စု လုပ်ပေးမည်ဟုဆို
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းအတွင်းက ဆိုက်ကားဆရာတွေ တွေ့ဆုံပွဲကို ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး ဆိုက်ကားဆရာကြီးတွေ တောင်းဆိုတဲ့အခွင့်အရေးဟာ သူ့အတွက် ဘာမှ အပန်းမကြီးတဲ့အတွက် လုပ်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ ဆိုက်ကားဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဆိုက်ကားဆရာ ဦးမြင့်လွင်က သူတို့အနေနဲ့ ဆိုက်ကားဆရာသမဂ္ဂ ဖွဲ့ပေးဖို့နဲ့ လိုင်စင်မရှိတဲ့ ဆိုက်ကားတွေ လိုင်စင်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

“အနှေးယာဉ်အဖွဲ့အစည်း သမဂ္ဂဆိုတာ မရှိတဲ့အတွက်ကြောင့်မို့ ဖွဲ့ချင်ပါတယ်ဆိုလို့ အမေက ဖွဲ့ခွင့်ပေးပါတယ်၊ ရှိရမှာပေါ့တဲ့၊ ကိုယ့်မြို့နယ် ကိုယ့်မြို့နယ်မှာ အင်ဘီး (လိုင်စင်မရှိ) တွေကို လိုင်စင်ထပ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေက အပန်းမကြီးပါဘူးတဲ့၊ ဒါလေးတွေလည်း လုပ်ပေးနိုင်ပါတယ်တဲ့၊ ဆိုက်ကားဆရာတွေ တောင်းတဲ့အခွင့်အရေးက ဘာမှ မများပါဘူးတဲ့၊ လွှတ်တော်ကိုယ်စားလှယ်တယောက်က ကျနော် ၀န်ကြီးဖြစ်ချင်ပါတယ်ဆိုပြီး စာရေးတောင်းတာလောက်တော့ မကြီးမားပါဘူး၊ ဆိုတဲ့အကြောင်း ပြောပြပါတယ်။”

ဆိုက်ကားဆရာတွေဟာ တနေ့လုပ်မှ တနေ့စားတွေဖြစ်ပေမယ့် အဖွဲ့ချုပ်အောင်နိုင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ ကျေးဇူးတင်တဲ့အကြောင်းလည်း ပြောတယ်လို့ ဆိုပါတယ်။

အဖွဲ့ချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌက  ဆိုက်ကားဆရာကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဂုဏ်ပြုတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဘက်က စည်းရုံးပေးခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ဒေါ်စု တွေ့ကတည်းက ဒေါ်စုက ဆိုက်ကားဆရာတွေနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေါ်စုနဲ့ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ၄၄ မြို့နယ်က ဆိုက်ကားဆရာတွေထဲ  တမြို့နယ် ၅ ဦးကျ မဲပေါက်တဲ့သူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ရန်ကုန်တိုင်းထဲက ဆိုက်ကားဆရာတွေဟာ အဖွဲ့ချုပ်ဘက်က မဲဆွယ်စည်းရုံးပေးခဲ့ကြပြီး ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထူးအသိအမှတ်ပြု ကျေးဇူးတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013