DVB Logo
Home
Lead Story
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ ဝင်ရောက်
မြတ်နိုးအောင်
·
July 6, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဈေးမြင်ကွင်း Photo: DVB
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဈေးမြင်ကွင်း Photo: DVB
Donate to DVB

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ပထမ ၄ လတာကာလအတွင်း ဝင်ရောက်လာသူအရေအတွက် ၇ သိန်းနီးပါး ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံသားဦးရေ ၆၈၇,၀၀၀ လောက်ဟာ တာ့ခ်၊ ရနောင်း၊ ကန်ချနဘူရီနဲ့ ချင်းရိုင်းစတဲ့ အဓိကနယ်စပ်ဂိတ်တွေကတဆင့် ထိုင်းနိုင်ငံ အတွင်းဝင်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြည်သူတွေ ခုလို အစုလိုက်အပြုံလိုက် ထွက်ခွာနေကြရတာဟာ မြန်မာနိုင်ငံတွင်း က အခြေအနေတွေ ပိုမိုဆိုးရွားလာနေလို့ ဖြစ်ပါတယ်။ 

အဓိကကတော့ စစ်အာဏာရှင်က  အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေကို ၂ နှစ်အ ထိ အဓမ္မစစ်မှုထမ်းဖို့ ဆင့်ခေါ်နေတာကြောင့်ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးကတည်းက ကြုံနေရတဲ့ ပြည်တွင်းစစ်ဒဏ်၊ ပြီးခဲ့တဲ့နှစ်က ငလျင်ဘေးနဲ့ ပြိုလဲနေတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အထူးသဖြင့် လူငယ် အများအပြားဟာ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ရွေးချယ်လာကြတာလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံဆီ ရောက်ရှိလာသူပေါင်း ၃,၅၀၀ ကျော်ကို IOM က တွေ့ဆုံမေးမြန်းရာမှာတော့ ၄၁ ရာခိုင်နှုန်းဟာ ခိုင်လုံတဲ့ အထောက်အထားစာရွက်စာတမ်း မရှိကြသူတွေ ဖြစ်ကာ သူတို့ ထွက်ခွာလာရတဲ့ အဓိကအကြောင်းရင်းတွေကတော့ ကုန်သွယ်မှုပြုလုပ်ဖို့၊ မိသားစုဆီ အလည်အပတ်သွားဖို့၊ အလုပ်အကိုင်ရှာဖွေဖို့နဲ့ တချို့ကတော့ စစ်ပွဲတွေကနေ တိုက်ရိုက် တိမ်းရှောင်လာကြတာလို့     ဆိုပါတယ်။

ဒါပေမဲ့ လူအများစု သတိမထားမိတဲ့အချက်တခုကတော့ ထိုင်းနိုင်ငံရောက် မြန်မာ အသိုက်အဝန်းဟာ အလုပ်သမားအင်အားစုသက်သက်ပဲ မဟုတ်တော့တဲ့အချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းအခြေစိုက် အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Happio ရဲ့ မကြာသေးမီက လေ့လာချက်တခုအရ လက်ရှိ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၄ သန်းနီးပါးဟာ တနှစ်ကို ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံကျော်အထိ သုံးစွဲနေကြပြီး ဒါဟာ ထိုင်းစီးပွားရေးလုပ်ငန်းအများစု သတိမပြုမိသေးတဲ့ စားသုံးသူဈေးကွက်ကြီးတခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ 

မြို့တော်ဘန်ကောက်တခုတည်းမှာတင် မြန်မာနိုင်ငံသား ၅၂၀,၀၀၀ ကျော် နေထိုင် နေပြီး စမွတ်စာခွန်း၊ ချင်းမိုင်၊ တာ့ခ်နဲ့ ရနောင်းမြို့တွေကတော့ ဒုတိယအများဆုံး နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းတက္ကသိုလ်တွေရဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေမှာ လာရောက်တက်ရောက်တဲ့ မြန်မာကျောင်းသားအရေအတွက်ဟာ အရင်က တနှစ်ကို ၃,၀၀၀ အောက်သာ ရှိခဲ့ရာ ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတော့ ၁၇,၀၀၀ ကျော်အထိ ၆ ဆလောက် မြင့် တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေကို ခြုံငုံကြည့်မယ်ဆိုရင် ဒါဟာ နယ်စပ်ဖြတ်ကျော်မှု သတင်းသက်သက်ထက် ပိုမိုကျယ်ပြန့်တယ်လို့ ပြောရမှာဖြစ်သလို အကြောင်းကတော့ ဒီရွှေ့ပြောင်းလူဦးရေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းရဲ့ ကဏ္ဍအချို့ကို တိတ်တဆိတ် ပုံဖော်ပြောင်းလဲနေပြီဆိုတာကို ပြသနေ တာလို့ ဆိုပါတယ်။

Source: IOM 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013