DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု စီရင်ချက်အပြီး ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး တိုးမြှင့်
DVB
·
December 25, 2015
Donate to DVB

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့  လိပ်ကျွန်းအမှု စီရင်ဆုံးဖြတ်ချက်အပြီးမှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း အ၀င်အထွက် ဂိတ်တွေမှာ လုံခြုံရေး၊ စစ်ဆေးရေးတွေ ပိုမိုတင်းကျပ်ထားပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား ဆူပူအုံကြွမှုကို ဖြစ်မှာကို မလိုလားတဲ့အတွက် မြန်မာအလုပ်သမားတွေ စုဝေးနေထိုင်ရာနေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ လ၀ကရဲတွေ ပူးပေါင်းပြီး မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားမှာ လုံခြုံရေး တိုးမြှင့်ထားသလို အ၀င်အထွက်ဂိတ်မှာလည်း ပိုပြီးတင်းကြပ်စွာ စစ်ဆေးရှာဖွေနေတယ်လို့  springnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အလားတူ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာလည်း နယ်စပ်လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သူတွေက တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားကို အနီးကပ်ပိုမိုစောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် အဲဒီချစ်ကြည်ရေးတံတားမှာ မြန်မာဘက်ခြမ်းက ဧည့်သည်တွေ တနေ့ကို ၆ ထောင်လောက် ၀င်ရောက်လာကြပြီး တကယ်လို့ ၁ သောင်းထိ များလာမယ်ဆိုရင် စစ်ဆေးရေးကို ချက်ချင်းကြပ်မတ်မှာဖြစ်သလို မယ်ဆိုင်- တာချီလိတ် ၂ ဘက်လုံးရဲ့ အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းတောင်ပိုင်း ကော့စမွီခရိုင် ကော်စမွီကျွန်းမှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အနီးကပ်စောင့်ကြည့်နေသလို အလုပ်ရှင်တွေကိုလည်း ကိုယ့်အလုပ်သမားရဲ့ လှုပ်ရှားမှုတွေ သတိထားစောင့်ကြည့်ဖို့ အကြောင်းကြားထားတယ်လို့  ကော်စမွီမြို့နယ်ရဲစခန်းမှူးရဲ့အပြောကို ကိုကားပြီး ဒေးလီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကော်စမွီမြို့ပေါ်မှာ ကားနဲ့ ဆိုင်ကယ်တွေ ပိုမိုစစ်ဆေးပြီး မြန်မာ အလုပ်သမားများ ငှားရမ်းနေထိုင်ရာ အိမ်ခန်းတွေကိုလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း၊ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားကို လူစုလူဝေးမလုပ်ဖို့၊ အုပ်စုဖွဲ့နေတာတွေ့ရင် ရဲကိုအကြောင်းကြားဖို့  ပြောထားကြောင်း ဒေးလီနယူးစ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

အလားတူ ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာလည်း လုံခြုံရေးပိုမိုချထားပြီး အထူးသဖြင့် ကော့သောင်းဘက်က လာတဲ့ လှေတွေကို  အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဒါပေမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ခင်းအထိတော့ မသင်္ကာဘွယ် တစုံတရာမတွေ့သေးဘူးလို့  တာဝန်ကျရဲ တပ်ဖွဲ့ဝင်တဦးရဲ့ အပြောကို ကိုးကားပြီး  သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013