DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှုအပေါ် ဆောင်းဦးလှိုင်၊ ကြည်ဖြူသျှင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့၏ ဖွင့်ဟချက်
DVB
·
December 25, 2015
မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ချမှတ်မှုအပေါ် ဆောင်းဦးလှိုင်၊ ကြည်ဖြူသျှင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့၏ ဖွင့်ဟချက်
Donate to DVB

ဆောင်းဦးလှိုင် - တေးရေး၊ အဆိုတော်

“နိမ့်ပါးနေရင် ဖိနှိပ်ရက်စက်ခံရမယ်၊ ဘဝအခြေအနေ အသိပညာ၊ အတတ်ပညာဉာဏ်တွေမြင့်မားအောင် ကြိုးစားကြရမယ်၊ ကိုယ့်လူမျိုးအချင်းချင်းတောင် လုပ်ပိုင်ခွင့်၊ နေရာ၊ အာဏာ၊ ပါဝါ မြင့်မားသူတွေက နိမ့်ပါးတဲ့ အောက်ခြေလူတန်းစားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲခဲ့၊ ညှဉ်းဆဲလျက်ပါ၊ (တောင်သူကြီး ဒေါ်ခင်ဝင်းကို မှတ်မိကြမှာပါ)

တခြားနိုင်ငံ၊ တခြားလူမျိုးက တို့တတွေအပေါ် အခန့်သင့်ရင်သင့်သလို နှိပ်စက်နေဦးမှာ…

တို့တတွေ သူတို့လက်ခုပ်ထဲရောက်နေတာ တို့တိုင်းပြည် ဆင်းရဲနိမ့်ကျနေလို့ပါ…

လူငယ်လေးနှစ်ဦး၊ တရားသဖြင့် စီရင်ဆုံးဖြတ်မှုများ ရရှိခံစားနိုင်ကြပါစေ…

ဒါရိုက်တာ ကြည်ဖြူသျှင်

လိပ်ကျွန်း လူသတ်မှူနဲ့ပတ်သတ်ပြီး အခုလို စီရင်ချက်ချတဲ့အပေါ် ကျမတို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြစ်ဒဏ်ကျခံရတဲ့ လူငယ်နှစ်ယောက်ရဲ့ မိဘတွေ၊ မိသားစုဝင်တွေရဲ့ ပူဆွေးသောကကိုလည်း ကိုယ်ချင်းစာကြတဲ့အတွက် မြန်မာနိုင်ငံသားအားလုံး "လက်သည်းဆိတ်. . .လက်ထိပ်နာ "ဆိုသလို အသည်းနာကြပါတယ်။ ဒါပေမယ့် ကျမတို့တွေ သတိထားရမှာက ကျမတို့ မကျေနပ်တာ မတရားတဲ့ "ထိုင်းလူမျိုးတရားသူကြီး ရဲ့ တရားစီရင်မှူကိုပါ"။ ဒီအတွက်မှားနေသူ တရားသူကြီးကို တိုက်ရိုက်ထောက်ပြပြောဆိုပြီး ဆန္ဒထုတ်ဖော်ကြပါ။ ဖြစ်နိုင်ရင် တရားသူကြီးနာမည်နဲ့ဆန္ဒဖော်ထုတ်ပါ။

ဒီအမှူကြောင့် မဆိုင်တဲ့ "ထိုင်း" လူမျိုးတွေကို ရိုင်းပျစွာ မပြောမိဖို့က အရမ်းကို အရေးကြီးပါတယ်။ ကျမတို့မြန်မာပြည်မှာတောင် အတိတ်က စစ်အစိုးရတဲ့ စနစ်ဆိုးတွေကြောင့် တိုင်းရင်းသားတွေရင်ထဲမှာ ဗမာ ဆို စစ်သားပဲ မြင်ဘူးတော့ရောပြီး အမုန်းခံရသလိုဖြစ်ခဲ့တဲ့အတွက်၊ ကျမတို့မှာ တိုင်းရင်းသား နဲ့ ဗမာကြား ယုံကြည်မှူရအောင်မနည်း တည်ဆောက်ခဲ့ရပါတယ်။

ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံသားတွေဟာလည်း ယဉ်ကျေးတဲ့လူမျိုးအဖြစ် ကျမတို့ရဲ့ဆန္ဒကို အဆင့်ရှိရှိဖော်ထုတ်ကြပါစို့။"

လိပ်ကျွန်းလူသတ်မှု အစွပ်စွဲခံ လူငယ်နှစ်ယောက် အတွက်၊ ဆန္ဒထုတ်ဖော်ခြင်း၊ ဆုတောင်းပေးခြင်းများဖြင့် ဝိုင်းဝန်းကူညီကြပါစို့လို့ ဆန္ဒပြုရင်း. . . ."

ဦးကိုကိုကြီး - ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း

"တရားသဖြင့်ဖြစ်ပါစေ"

ကျနော်တို့နိုင်ငံသားနှစ်ယောက် လိပ်ကျွန်းလူသတ်မှုစွဲချက်နဲ့ သေဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းဟာ ကျနော်တို့အတွက် တော်တော် အံ့သြမိပါတယ်။ အမှုစစ်ဆေးစဉ်မှာကတည်းက အားနည်းချက်၊ ချို့ယွင်းချက်တွေနဲ့၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ထောက်ပြကန့်ကွက်နေတဲ့ကြားက ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တယ်ဆိုတာ ထိုင်းတရားစီရင်ရေးအပေါ်မှာပါ မေးခွန်းထုတ်ရမှာပါ။

နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့လဲ ပြည်သူတွေရဲ့အခွင့်အရေး၊ လုံခြုံရေး၊ တရားမျှတစွာ ဆက်ဆံခံရရေးအတွက် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တာဝန်ရှိပါတယ်။

၁၉၉၄ ခုနှစ်တုန်းက (UAE) အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံမှာ ဖိလစ်ပိုင်အိမ်ဖော်ဖြစ်သူ ဆာရာ ဘာလာဘာဂမ် Sarah Balabagan က အိမ်ရှင် အာလ်မာ မိုဟာမက် အယ်လ်ဘာလူရှီ ( Almas Mohammed Al-Baloushi ) ကို ဓားနဲ့ ၃၄ ချက်ထိုးသတ်ခဲ့ပါတယ်။ အဓမ္မပြုကျင့်တာကြောင့်လို့ထုခြေပါတယ်။ တရားရုံးက သေဒဏ်ချမှတ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင်း ဝိုင်းဝန်းတောင်းဆို ဆန္ဒပြမှုတွေကြောင့်ရော၊ နှစ်နိုင်ငံညှိနှိုင်းမှုတွေနဲ့ ၁၉၉၆ မှာ ပြန်လွတ်လာခဲ့ပါတယ်။ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ ဖြစ်ဖြစ် တရားမျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးဟာ ကျနော်တို့အားလုံးမှာတာဝန် ရှိပါတယ်။”

ဦးမြအေး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

“ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် ကျနော်တို့ မြန်မာနိုင်ငံသားနှစ်ယောက်ကို သေဒဏ်အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး စိတ်ထိခိုက်မိပါတယ်။ တဆက်တည်း ၁၉၉၀ လွန်နှစ်တွေက ကျနော်ထောင်ထဲရှိတုန်း ဖီလစ်ပိုင်အမျိုးသမီး ဖလော်ကွန်တန်ပလာစီယွန်ရဲ့ စင်ကာပူမှာဖြစ်တဲ့ဖြစ်ရပ်ကို ပြန်သတိရမိပါတယ်။ သူက စင်ကာပူသွားပြီး အိမ်ဖော်လုပ်တယ်။ အိမ်ရှင်ကိုသတ်တယ်။ စင်ကာပူက သေဒဏ်ပေးတယ်။ အဲဒီ့မှာ ဖိလစ်ပိုင်အစိုးရနဲ့ သူ့နိုင်ငံသားတွေက ဖလော်ကွန်တန် သေဒဏ်က လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ကြိုးစားတယ်။

ဖိလစ်ပိုင်အလုပ်သမားဝန်ကြီးက သူ့မှာတာဝန်ရှိတယ်ဆိုပြီး ဝန်ကြီးရာထူးက နုတ်ထွက်တယ်။ ဖလော်ကွန်တန်မလွတ်ပါဘူး။ ဒါပေမယ့် ဖိလစ်ပိုင်တွေရဲ့ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုနဲ့ နိုင်ငံသားတွေအပေါ်မှာ အယုတ်အလတ် အမြတ်မရွေး အကာအကွယ်ပေးစောင့်ရှောက်မှုကိုတော့ တကမ္ဘာလုံး မြင်အောင်ပြနိုင်ခဲ့ပါတယ်။ အခုဒီဓာတ်ပုံကိုမြင်တော့ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာလည်း ဦးချရ၊ ပြည်ပမှာလည်း ဦးချရနဲ့ အရောင် မွဲနေတဲ့မြန်မာလို့ အခေါ်ခံရတော့မှာလားလို့ မေးချင်ပါတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်ကို ကျားအစစ်လည်း ရှိခိုးရ၊ ကျားရုပ်လည်း ရှိခိုးရဆိုတဲ့ ဘဝမျိုးမှာ ထားခဲ့ရမှာလား။ နိုင်ငံအားကောင်းဖို့ ဖြူနီပြာဝါ မခွဲခြားဘဲ နိုင်ငံသားတိုင်းကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားဖို့ လိုအပ်နေပါပြီ။ အခုမတရားစီရင်ခံရတဲ့ ဒီလူငယ်လေးနှစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ပေးရင်း တာဝန်ရှိရှိ ကြိုးစားပေးကြပါလို့ အားလုံးကို တိုက်တွန်းပါတယ်။
မှတ်ချက် - ကာယကံရှင်တွေရဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ ဖော်ပြထားတာကို ပြန်လည်စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013