DVB Logo
Home
Lead Story
အာဏာပိုင်တွေရဲ့ သိက္ခာအတွက် အလုပ်သမားလေး ၂ ဦးကို သေဒဏ်ပေးတာ - စီအက်စ်အိုင်အယ်လ်အေ
DVB
·
December 25, 2015
အာဏာပိုင်တွေရဲ့ သိက္ခာအတွက် အလုပ်သမားလေး ၂ ဦးကို သေဒဏ်ပေးတာ - စီအက်စ်အိုင်အယ်လ်အေ
Donate to DVB

လိပ်ကျွန်းလူသတ်မှုမှာ သက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ  မြန်မာအလုပ်သမားလူငယ် ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံအာဏာပိုင်နဲ့ ဒေသတွင်း သြဇာညောင်းသူတွေရဲ့ သိက္ခာအတွက် ဆုံးဖြတ်လိုက်တာလို့ လူမှုကွန်ရက်က  စီအက်စ်အိုင်အယ်လ်အေ အကောင့်ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါက ဒီဗွီဘီကို ပြောပါတယ်။

စီအက်စ်အိုင်အယ်လ်အေဟာ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း  ၆ သိန်းကျော် ရှိနေပါတယ်။

စီအက်စ်အိုင်အယ်လ်အေ အကောင့်ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ကော့စမွီခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။

“ကျနော့်အနေနဲ့ကတော့ ဘာမှမအံ့သြမိပါဘူး၊ အောက်ခြေတရားရုံးတွေက ဒီလိုပဲ လုပ်နေကျ၊ ဒေသတွင်း အာဏာပိုင်တွေ၊ သြဇာကြီးမားသူတွေက အောက်ခြေတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ၀င်ရောက်စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက်ကို လွှတ်ပေးမှာမဟုတ်ဘူး၊ လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင်တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိအစိုးရ) ကိုရော၊ အာဏာပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တဘက်မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင်စီမှာလည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊  ဒါကြောင့် ဒီကလေး ၂ ယောက်ကို လွှတ်ပေးမှာမဟုတ်ဘူးလို့ ကျနော်ထင်ထားတယ်လေ။ လက်ရှိအခြေအနေမှာ ဆင်းရဲသားရွှေ့ပြောင်း အလုပ်သမားလေး ၂ ယောက်ထက် သူတို့ရဲ့ နာမည်တွေ၊ ဂုဏ်သိက္ခာတွေက ပိုပြီး အရေးကြီးနေတယ်။”

ကော့စမွီခရိုင် တရားရုံးရဲ့ စီရင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကောင်းဖို့အတွက် အကာအကွယ်ပေးနေတာများလား။

“မဟုတ်ပါဘူး၊ နိုင်ငံ့သိက္ခာ နိုင်ငံ့ပုံရိပ်ကို အကာအကွယ်ပေးတာထက် ဒေသတွင်း လက်ရှိအာဏာရှိသူတွေ ရဲတွေက သူတို့သိက္ခာအတွက် လုပ်နေတာ။ သူတို့က နိုင်ငံအတွက်ပြောပြီး သူတို့ကိုယ်သူတို့ ကာကွယ်နေတာ၊ နယ်မြေတွင်း သြဇာအာဏာရှိသူတွေကပါ ဒီအမှုမှာ ပါဝင်ပတ်သက်နေတာ၊ ရဲတပ်ဖွဲ့က လူမှားပြီးဖမ်းတာ မဟုတ်ပါဘူး ဆိုတာကိုပြချင်တာ၊ ဒီအန်အေကိစ္စမှာ ဒေါက်တာဖွန်းထစ်ကိုယ်တိုင်က လက်မခံဘူးဆိုတာတောင်မှ ခုလို စီရင်ဆုံးဖြတ်လိုက်တာလေ၊  တရားခံအဖြစ် စွပ်စွဲခံရတဲ့ မြန်မာလူငယ် ၂ ယောက်နဲ့ စာလိုက်ရင် သူတို့မှာ ငွေရှိတယ်၊ သေနတ်ရှိတယ်၊ အာဏာရှိတယ်၊ ဒါပေမယ့် ဒါဟာ အောက်ခြေတရားရုံးအဆင့်မှာပဲ စွက်ဖက်လို့ရမယ်၊ နောက်ထပ် အဆင့်မြင့်တရားရုံး (အယူခံရုံး)  နဲ့  အဆင့်အမြင့်ဆုံး (တရားလွှတ်တော်ရုံး) မှာတော့ ဒေသအာဏာပိုင်တွေ သွားပြီးစွက်ဖက်လို့မရဘူး၊ ကလေးတွေက နောက်ထပ် ၂ ဆင့်ထိ အယူခံဝင်လို့  ရသေးတယ်။”

အဲဒီ ၂ ဆင့်မှာကော လွှတ်မြောက်နိုင်ဖို့ အခြေအနေရှိပါသလား။

“ရှိပါတယ်၊ ကျနော် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတခုကို ပြန်ပြောပြချင်တယ်။ ရှယ်လီအန်း (Sherry Ann) ဆိုတဲ့ ထိုင်းအမေရိကန် ကပြားမလေး အသတ်ခံခဲ့ရတဲ့အမှုပါ၊ အဲဒီတုန်းက လူ ၆ ယောက်ကို တရားခံအဖြစ် ဖမ်းဆီးပြီး သေဒဏ်အပြစ်ပေးခဲ့တယ်။ အမှန်က လူမှားပြီးဖမ်းတာဖြစ်တယ်။ အပြစ်ပေးခံရသူတွေဟာ အဆင့်မြင့်တရားရုံးထိ အဆင့်ဆင့်တက်ပြီး အယူခံဝင်ခဲ့တဲ့အတွက် နောက်ဆုံး ၆ ယောက်စလုံး ပြန်လွတ်လာခဲ့တယ်။ ဒီခိုတောင်အမှု (လိပ်ကျွန်းအမှု) ကိုလည်း တချို့က ဒုတိယ ရှယ်လီအန်းအမှုလို့တောင် တင်စားပြောဆိုကြတယ်၊ ဒါကြောင့်  မြန်မာလူငယ် ၂ ယောက် အနေနဲ့ စိတ်မပျက်ဖို့ ပြောချင်ပါတယ်။ ဒါဟာအစပိုင်းပဲရှိပါသေးတယ်၊ ရှေ့ဆက်ရင်ဆိုင်ရမယ်၊ နောက်ထပ်တရားရုံးတွေမှာ အတွေ့အကြုံတွေ အများကြီးယူရဦးမယ်။”

စီအက်စ်အိုင်အယ်လ်အေအနေနဲ့ ထိုင်းလူမျိုး တယောက်ဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုမှာ  မြန်မာအလုပ်သမား ၂ ယောက်ဘက်ကနေ ရပ်တည်ပြောဆိုနေတဲ့အပေါ် ထိုင်းလူမျိုးတွေက ထိုင်းအာဏာပိုင်တွေက ဘယ်လိုပြောဆိုကြပါသလဲ။

“ကန့်ကွက်တဲ့လူလည်း ရှိပါတယ်၊ ထောက်ခံတဲ့လူလည်းရှိပါတယ်၊ ခြိမ်းခြောက်တာတွေလည်း ခံရပါတယ်။ ကိုယ့်လူမျိုးဘက်ကမနေဘဲ မြန်မာဘက်ကို အရေးပေးတာတို့၊ ၀တ္တရားနှောင့်ယှက်တာတို့၊ ကိုယ့်နိုင်ငံကိုယ် နာမည်ပျက်အောင်လုပ်တယ်တို့ ဘာညာပေါ့ဗျာ။ ကျနော့်ဘက်ကနေ ထောက်ခံတဲ့လူကတော့ ပိုများတယ်ဗျ၊ ဒါပေမယ့် ကျနော်ကတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးဆိုပြီး မူတည်ပြီးလုပ်နေတာ မဟုတ်ပါဘူး။ တရားမျှတမှု နဲ့ အမှန်တရားက အဓိကပါ။ အမှန်တရားဟာ အမှန်တရားပါပဲ။”

အခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ကော ဘာများပြောစရာရှိပါသေးလဲ။

“လူငယ် ၂ ယောက်ဘက်က လူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့  ဆက်ပြီးရင်ဆိုင်ပါလို့ ပြောခင်ပါတယ်။ ကျနော့်ဖေ့စ်ဘွတ်ခ်ပေါ်က ထိုင်းလူမျိုးအများစုကလည်း မြန်မာလူငယ် ၂ ယောက်ဘက်က ရပ်တည်ကြတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေဆိုင်ရာ ဗဟုသုတတွေ ရှာဖွေလေ့လာထားသင့်ပါတယ်။ အာဏာပိုင်တွေ၊ ရဲတွေက ခြိမ်းခြောက်တာ  ချော့မော့တာတွေကို အလွယ်တကူ လက်မခံပါနဲ့၊ ကိုယ့်မှာ အသိပညာမရှိရင် ဥပဒေနားမလည်ရင် အလွယ်တကူ လူမှားဖမ်းဆီးခံရသူ ဖြစ်တတ်ပါတယ်။ ၀င်း နဲ့ ဇော်တို့ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013