
ဂါဇာကမ်းမြောင်ဒေသဆီ သွားနေတဲ့ အကူအညီပေးရေး ရေယာဉ်အုပ်စုက ရေယာဉ် အနည်းဆုံး ၂ စီးကို မေ ၁၉ ရက်မှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကျည်အစစ်သုံး ပစ်ခတ်တာမျိုး မရှိဘဲ အသက်အန္တရာယ်မရှိတဲ့ သတိပေးပစ်ခတ်မှုတွေသာ လုပ်ခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီရေယာဉ် အစင်း ၅၀ စလုံးကို မြေထဲပင်လယ်အရှေ့ပိုင်းမှာ အစ္စရေးက ဟန့်တားခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်က လိုက်ပါလာသူ ၄၃၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေ အားလုံးကို အစ္စရေးရေယာဉ်တွေပေါ် ပြောင်းရွှေ့ပြီး အစ္စရေးနိုင်ငံဆီ ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
တူရကီသမ္မတ ယီဆက်တိုင်ရစ်ပ်အာဒိုဂန် ကတော့ ဒီဟန့်တားမှုကို မေ ၁၈ ရက်မှာ ရှုတ်ချခဲ့ပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဟားမတ်စ် လိုလားသူတွေလို့ စွပ်စွဲထားတဲ့ အဲဒီ ရေယာဉ်အုပ်စုနဲ့ ပတ်သက်သူ ၄ ယောက်ကို မေ ၁၉ ရက်မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ ပါတယ်။
အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့ပေမဲ့ ဂါဇာဒေသဆီ ရောက်လာ တဲ့ အကူအညီတွေဟာ လုံလောက်မှု မရှိသေးဘူးလို့ အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။
ဂါဇာဒေသခံ ၂ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပေမဲ့ အစ္စရေးကတော့ ထောက်ပံ့ရေးပစ္စည်းတွေ ဖြတ်တောက်ထားတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။
Source:Reuters










