DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချမှတ်ခံ မြန်မာလူငယ် ၂ ဦးအမှု အယူခံအဆင့်ဆင့် မြန်မာအစိုးရ ကူညီမည်
DVB
·
December 24, 2015
သေဒဏ်ချမှတ်ခံ မြန်မာလူငယ် ၂ ဦးအမှု အယူခံအဆင့်ဆင့် မြန်မာအစိုးရ ကူညီမည်
Donate to DVB

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံခဲ့ရမှုအပေါ် ထိုင်းနိုင်ငံဥပဒေနဲ့အညီ အယူခံခွင့် အဆင့်ဆင့်ကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရက ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေကို ကူညီသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလမှာရော၊ တရားရင်ဆိုင်စဉ်ကာလမှာရော ထိုင်းနိုင်ငံဥပဒေအရ ရသင့်တဲ့အခွင့်အရေးတွေ ရရှိအောင်၊ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဦးရဲထွဋ်ရဲ့ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အယူခံမှုအဆင့်ဆင့်မှာ ဒီအမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တာပါ။

မြန်မာအထူးစုံစမ်းရေးအဖွဲ့ ၃ တာဝန်ခံ ဦးထူးချစ်က “အယူခံ ဆက်ကို တက်ရမှာပဲ။ ကျနော်ထင်တာက နောက်ဆုံးအယူခံမှာတော့ ဒီကလေးတွေက လွတ်ကိုလွတ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နဂိုးကတည်းက ကျနော်တို့ တောက်လျှောက်ပြောခဲ့တယ်။ သူတို့က အပြစ်မရှိတဲ့သူတွေဖြစ်တယ်” လို့ ပြောပါတယ်။

တရားရုံးက ခုလို စီရင်ချက်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုစဖြစ်ကတည်းက မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့  ထိုင်းတောင်ပိုင်း လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကိုမိုးဝေကတော့ တပတ်အတွင်း အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ စိတ်မကောင်းဘူးဗျာ။ ဒါပေမယ့် ကျနော်တို့ ဇွဲမလျှော့ပါဘူး၊ နောက်ထပ် အဆင့်မြင့်တရားရုံးကို တက်ပြီးအယူခံ ၀င်မှာပါ။ တစ်လအတွင်း အယူခံဝင်လို့ရတယ်ဆိုတော့ ဒီတပတ်အတွင်း အယူခံဝင်မယ်။ ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး စာရွက်စာတမ်းတွေပြင်ဆင်နေပါတယ်။”

ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013