DVB Logo
Home
Lead Story
အမှိုက်လည်းကောက် အမှိုက်မချအောင်လည်းလုပ်
DVB
·
December 23, 2015
အမှိုက်လည်းကောက် အမှိုက်မချအောင်လည်းလုပ်
Donate to DVB

အမှိုက်ကောက်ခြင်းလုပ်ငန်းကို ပထမဆုံး စလုပ်သူများမှာ ကူညီမှုအသင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက်များ ဖြစ်ပါသည်။ သိမ်ကြီးဈေးတ၀ှိုက်၌ အမှိုက်ကောက်ဖို့ ကြိုးပမ်းခဲ့ရာတွင် မြို့တော်စည်ပင်က ခွင့်မပြုသဖြင့် အမှိုက်သိမ်းခြင်းလုပ်ငန်းကို မလုပ်ကြ ရတော့ပေ။ မြို့တော် သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများပါ ပါဝင်သင့်သည်ဆိုသော အမြင်ကို ထိုအဖွဲ့များက စတင်ခဲ့ခြင်းဖြစ်၏။ တနည်းပြောရလျှင် စားစရာမရှိ၍ တအိမ်ဝင် တအိမ်ထွက် တောင်းရမ်းသူများ၊ ခွက်တလုံးရှေ့ချကာ အလှူခံ တောင်းရမ်းစားသောက် သူများကို ပေးကမ်းကြသလို၊ ထမင်းကျန် ဟင်းကျန်များ စွန့်ကြဲကြသလို လမ်းဘေးရှိ အမှိုက်များကို ကောက်ပေးပြီး ထိုအချိန်ကာလလေး အတွင်း လမ်းဘေးမှ အမှိုက်များ သိမ်းဆည်းကာ သန့်ရှင်းအောင် လုပ်လိုက်ခြင်းဖြစ်ပါသည်။ ဖော်ပြပါအဖွဲ့များက သိမ်ကြီးဈေးတ၀ှိုက်၊ အမှိုက်သိမ်းခြင်းလုပ်ငန်း လုပ်ဖို့ တင်ပြရာတွင် စည်ပင်သာယာက သူတို့လုပ်ငန်းကို ထိခိုက်သည်။ သေးသိမ်စေသည်ဟု ယူဆသလားမသိ။ ခွင့်မပြုခဲ့ပေ။ အမှိုက်သိမ်းခြင်းလုပ်ငန်းလေးကိုပင် မပေးသော မြို့တော်ဝန်၏ သေးသိမ်သော စိတ်ဓာတ်မှာ မြို့တော်တခုလုံးကို အုပ်ချုပ်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။ မြို့တော်စည်ပင်က ပုံမှန်အမှိုက်သိမ်း၏။ အမှိုက်ရှင်းသည်၊ ရှုပ်သည်ဆိုသည်ထက် သူတို့သာ အမှိုက်သိမ်းလုပ်ငန်းနှင့် ပတ်သတ်သည်ဟု ယူဆထားကြလေသည်။ အရေးကြီးသည်မှာ အမှိုက်သိမ်းခြင်းထက် အမှိုက်မချဖို့က အရေးကြီးသည်။ ထိုသည်မှာလည်း ပြည်သူများ၏ အသိရေချိန်မြင့်မားဖို့နှင့် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ဖို့ လိုအပ်သည်။

အာရှတွင် အသန့်ရှင်းဆုံး၊ အမှိုက်မရှိသော နိုင်ငံမှာ စင်္ကာပူဖြစ်သည်ဟု ဆိုသည်။ အမှိုက်မပစ်ရ။ လမ်းသွားလျှင် စီးကရက် မသောက်ရ။ စီးကရက်တိုမဖြစ်ရ။ စသဖြင့် ကောင်းကောင်းထိန်းသိမ်း ထား၏။ ထိုသို့ဖြစ်ဖို့မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့သည် အဓိက နံပါတ်တစ် ဖြစ်လေသည်။ နောက်လူတိုင်းက ကိုယ့်မြို့၊ ကိုယ့်ရပ်ကို သန့်ရှင်းအောင်ထားမည်ဆိုသော အသိစိတ်ဓာတ် ဖြစ်သည်။ နောက်လိုအပ်ချက်မှာ အဆင့်အတန်း မြင့်မား ပြီး ပညာတတ်များ ဖြစ်ဖို့ပင်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးပင်ဖြစ်ဖြစ်၊ နေပြည်တော်မှာပင်ဖြစ်ဖြစ် လမ်းပေါ်တွင် အမှိုက်မပစ်၊ ကွမ်းတံတွေးမထွေး၊ ဆေးလိပ်တိုမပစ်ဖို့မှာ နိုင်ငံစီးပွားရေး ကောင်းဖို့ကို အရင် လုပ်ရပေမည်။ နောက်မှ ပြည်သူလူထုက ကိုယ့်မြို့သန့်ရှင်းအောင် ပညာပေးမှုများ လုပ်ရပေမည်။ အသိ တရားကင်းမဲ့သလို စီးပွားရေးကျပ်တည်းကာ နေ့တဓူဝ ရုန်းကန်လှုပ်ရှားပြီး ထမင်းတစ်နပ် အတွက် မိုးလင်း မိုးချုပ် အလုပ်လုပ်နေရသူများအဖို့ အမှိုက်မချရမှာလည်း သိမည်မဟုတ်။ အမှိုက်သိမ်းရမှာလည်း သိမည် မဟုတ်ပေ။ သူတို့သိသည်မှာ သူတို့ထမင်းနပ်မှန်ရေးနှင့် ဘဝရှင်သန်အောင် ဘယ်လိုရုန်းကန်ရမလဲဆိုသော အတွေးတခုသာ ရှိပါသည်။

သန်းပေါင်းများစွာရှိသော ပြည်သူအားလုံး အမှိုက်မချရန် အသိတရား ရှိဖို့မှာ သူတို့၏ နေရေး၊ စားရေး၊ ဝတ်ရေးကို မည်မျှကူညီပံ့ပိုးထားသလဲဆိုသည့်အပေါ်တွင် မူတည်သည်။ ယနေ့ အမှိုက်ကောက်သူများသည် တနေရာရှင်းလင်းသွားသော်လည်း နောက်တနေ့ မကောက်လျှင် ပြန်ပွသွားမည်ဖြစ်သည်။ ရပ်ကွက်အသီးသီး မြို့နယ်အသီးသီး၊ တိုင်းအသီးသီး အမှိုက် လိုက်ကောက်နေသူ များမှာ အမှိုက်ကောက်ခြင်းလုပ်ငန်းကိုသာ လုပ်ကိုင်နေကြသူများမဟုတ်ပေ။

လောကတွင် အမှိုက်များ ရှိ၏။ အမှိုက်ဆိုသည်မှာ လောကတွင် သုံးမရသော ပစ္စည်း၊ စွန့် ပစ်ထားသော ပစ္စည်း၊ ဟောင်းနွမ်းဆွေးမြေ့နေသော ပစ္စည်းများဖြစ်ကာ အသုံးမဝင်၍ စွန့်ပစ်ထားခြင်း ဖြစ်သည်။ ထို့ပြင် လူလောကရှိ လူများကြားတွင်လည်း လူ့အသိုင်းအဝိုင်းကို အကျိုးမပြု၊ နိုင်ငံကို အကျိုးမပြုပဲ မိမိ၏ အကျိုးစီးပွားနှင့် အတ္တအပေါ်တွင်သာ တံခွန်ထူထား သူများရှိ၏။ ထိုသူများမှာလည်း အမှိုက်များ ဖြစ်ပါသည်။ ဥပမာ- ဂဠုန်ဦးစောလိုလူမျိုးကို လူ့လောက၏ အမှိုက်ဟု ခေါ်ရမည်။ သူသည် မည်မျှပင် တော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ သူ့အာဏာရရေးအတွက် ပြည်သူတစ်ရပ်လုံး ချစ်ခင်လေးစားအားထားရသော ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်မျိုး၊ အာဇာနည်ခေါင်းဆောင်ကြီးများလို သမာသမတ်ကျသော လူတော်များကို သတ်ဖြတ်လိုက်သည့်အတွက် လူ့လောက၏ အမှိုက်ဖြစ်သွားပါသည်။ မိမိအကျိုးစီးပွားအတွက် ပြည်သူများ၏သွေး၊ ချွေးကို အသုံးချသူများမှာလည်း အမှိုက်များ ဖြစ်လေသည်။ ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်း ခေါင်းပုံဖြတ်သော သူများမှာလည်း အမှိုက်များ ဖြစ်၏။ ထိုအမှိုက်များကို ကောက်ယူကာ မီးတင်ရှို့ကြရမည်။ တိုင်းပြည်အတွက် အမှိုက်ကို အရင်ရှင်းပစ်မှသာ သန့်ရှင်းသော နိုင်ငံတခု ဖြစ်လာပေမည်။ သမ္မတဦးသိန်းစိန်က သန့်ရှင်းသော အစိုးရဖြစ်ဖို့၊ ကောင်းမွန်သော အုပ်ချုပ်ရေးရှိဖို့ သူအာဏာစရ လာကတည်းက တဖွဖွ ပြောဆိုခဲ့သည်။ သို့သော် သူသည် တိုင်းပြည်ကို သန့်ရှင်းအောင် လုပ်မသွားနိုင်ခဲ့ပေ ပထမ ၅ နှစ်ကို ကြည့်ခြင်းအားဖြင့် နောက် ၅ နှစ်ဆိုလျှင်လည်း သန့်ရှင်းအောင် လုပ်နိုင်မည့် အခြေအနေကို မတွေ့ရပေ။ နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုမှာ အုပ် ချုပ်ရေးပိုင်းတွင် လွှမ်းမိုးထားလေသည်။

ယခင်အစိုးရအဆက်ဆက်က ထိုကဲ့သို့ အကျင့်ပျက်သော အမှိုက်များကို မဖယ်ရှားနိုင်သည့် အတွက် အုပ်ချုပ်ရေးပိုင်းတွင် လွှမ်းမိုးထားခြင်းဖြစ်သည်။ ကုန်သွယ်ရေးဌာန၊ တရားရေးဌာန၊ အခွန်ဌာန စသည်စသည်ဖြင့် ဝင်ငွေကောင်းသော ဝန်ကြီးဌာနတိုင်းတွင် အမှိုက်များတောင် လိုပုံနေသည်။ ယခု ၅နှစ်တာ ကာလ လူထုထောက်ခံမှု မရသည်မှာ သမ္မတဦးသိန်းစိန်သည် ထိုအမှိုက်များကို မရှင်းနိုင်သောကြောင့် ဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေးဌာနများကအစ အကျင့်ပျက်မှုမှာ အမြစ်တွယ်နေပြီဖြစ်သောကြောင့် ထိုအမြစ်ကိုဖျက်ဖို့ မလွယ်တော့ပေ။

ယခု အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ အမှိုက်ကောက်ရေး လုပ်ငန်းကို စတင်နေပြီဖြစ်သည်။ ထိုအမှိုက်ကောက်လုပ်ငန်းမှာ ယခင်နာရေးကူညီမှုအသင်းနှင့် လူမှုရေး လုပ်ငန်းများ၏ အဆက်ဖြစ်ပါသည်။ ယခုမှ စတင်ခြင်းမဟုတ်။ မိမိတို့ လုပ်ငန်းများကို ဖျက်၍ နေ့စဉ် ကောက်နိုင်မည်မဟုတ်။ တပတ်တရက်လောက်သာ ဖြစ်သည်။ သို့သော် လူတိုင်းတွင် အမှိုက်ကောက်ဖို့ တာဝန်ရှိသည်ဆိုသော အသိစိတ်ဓါတ်ကို ပျိုးထောင်ပေးခြင်း ဖြစ်သည်။ ရွေးကောက်ခံအမတ်များပါဝင် အမှိုက်ကောက်ကြမည်ဖြစ်၏။ တပတ်တရက်ပင် ကောက်ကောက်၊ တလတခါပင်ကောက်ကောက် မိမိတို့သည် အမှိုက်များကောက်ပစ်ရမည်။ သန့်ရှင်းစေရမည်ဆိုသော စိတ်ဓာတ်ပြုစုပျိုးထောင်ခြင်းသာ ဖြစ်၏။ အမှိုက်မပစ်ရန်လည်း လူထုကို စည်းရုံးသိမ်းသွင်းရပေမည်။ တချိန်တည်းတွင် နေ့စဉ်အသုံးအဆောင်ထဲမှ စွန့်ပစ်အမှိုက်များကို ကောက်ယူသန့်ရှင်းကြသလို အနှစ်သာရတိုင်းပြည်တွင် အသုံးမကျတော့သော လူလောက၏ အမှိုက်လိုစိတ်ဓာတ်၊ အမှိုက်လိုလူများကိုလည်း ဖယ်ရှားပစ်ဖို့ လိုပါသည်။

အမှိုက်ကောက်ခြင်းအလုပ်ကို ပေါ်ပြူလာအလုပ်တခု၊ လူထုကို စည်းရုံးရေးသက်သက်မဟုတ်ပဲ လေးနက်သော အသိဖြင့် အမှိုက်ကောက်ခြင်းကို လုပ်သင့်၏။ ပို၍ကောင်းသည်မှာ စင်ကာပူနိုင်ငံလို အမှိုက်မကောက်ရအောင် လုပ်ဖို့လိုသည်။ အမှိုက်မပစ်လျှင် အမှိုက်ကောက်စရာ မလို။ အမှိုက်မရှုပ်လျှင် အမှိုက်ရှင်းစရာ မလိုပေ။ ထိုသို့ အန်အယ်လ်ဒီ အစိုးရက လုပ်နိုင်လျှင် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များလည်း အမှိုက်ကောက်စရာ မလိုတော့ပေ။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013