
ကိုရီးယားနာမည်ကြီး မင်းသမီး ရှင်ယီအွန်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြန်မာရွေ့ပြောင်း ကျောင်းတွေ ကို သွားရောက်ပြီး မြန်မာကလေးတွေကို အားပေးစကားပြောဆိုခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူ တွေဆီက သိရပါတယ်။
မင်းသမီးရှင်ယီအွန်းဟာ ကိုရီးယားခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က ရောက်လာခဲ့ပြီး တာ့ခရိုင် ဖုဖရာ့မြို့နယ်ထဲက မြန်မာရွေ့ပြောင်းကျောင်း တွေနဲ့ မဲဆောက်မြို့ထဲက မြန်မာရွေ့ပြောင်းကျောင်းတွေကို သွားရောက်ခဲ့တာလို့ ဆိုပါ တယ်။
မဲဆောက် မြန်မာရွှေ့ပြောင်းကျောင်းက ကျောင်းအုပ်တယောက်က “ကျောင်းသားလေးတွေနဲ့ ကစားတယ်။ နွေးနွေးထွေးထွေး မေတ္တာပြတယ်နော်။ ဓမ္မပြဇာတ်ကိုကတယ်။ မြန်မာရွှေ့ပြောင်းကျောင်းတွေကို လာရောက်သွားတာပါ” လို့ DVB ကို ပြောပါတယ်။
အဲဒီမြန်မာရွှေ့ပြောင်းကျောင်းတွေမှာ မြန်မာနိုင်ငံထဲက စစ်ရှောင်လာသူတွေရဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတာဖြစ်ပြီး ထိုင်းအစိုးရဘက်က တရားဝင်ခွင့်ပြုပေးတာလို့ သိရပါတယ်။
မင်းသမီးရှင်ယီအွန်းဟာ တောင်ကိုရီးယားရဲ့ မင်းသမီးလည်းဖြစ်သလို မော်ဒယ်တဦးလည်းဖြစ်ပြီး အာရှမှာလည်း နာမည်ကြီးသူဖြစ်သလို Netflix ရဲ့ ကမ္ဘာကျော်စီးရီး The Glory မှာလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီအပြင် Disney+ ရဲ့ သည်းထိတ်ရင်ဖို စီးရီးတစ်ခုဖြစ်တဲ့ Revenge of Others နဲ့လည်း အကောင်းဆုံးမင်း သမီးဆုရှိခဲ့သူဖြစ်ပါတယ်။











